သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံမျိုးနွယ်စုစစ်သွေးကြွ ၃၀ ကျော်ရှင်းလင်းခဲ့ဟု မဏိပူရဝန်ကြီးချုပ်ထုတ်ပြန်


မဏိပူပြည်နယ် Khumujamba ရွာမှ မီးဘေးသင့်မြင်ကွင်း မေ ၉ ၊ ၂၀၂၃။
မဏိပူပြည်နယ် Khumujamba ရွာမှ မီးဘေးသင့်မြင်ကွင်း မေ ၉ ၊ ၂၀၂၃။
မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင်း လူမျိုးရေးတင်းမာမှုတွေ ဖြစ်ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတခုမှာ ဒေသခံမျိုးနွယ်စု စစ်သွေးကြွ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က မေလ ၂၈ ရက်နေ့က ပြောဆိုပါတယ်။ ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့မေလ၃ရက်နေ့ကစပြီး ဒေသခံမျိုးနွယ်စုတခုနဲ့ လူများစု မဏိပူရီခေါ် ကသည်းလူမျိုးတွေနဲ့ လူမျိုးရေးအဓိကရုဏ်းဖြစ်ခဲ့တာကြောင့် လူ ၆၀ ထက်မနည်းသေဆုံးပြီး၊ လူပေါင်း သုံးသောင်းခွဲလောက် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။
ဒေသခံမျိုးနွယ်စုတိုင်းရင်းသားတွေက သူတို့နေထိုင်ရာ တောင်တန်းဒေသကို ပြည်နယ်အစိုးရက သစ်တောဧရိယာအဖြစ် သတ်မှတ်ပြဌာန်းပြီး ဘိုးဘွားပိုင် မြေတွေကို သိမ်းယူတာနဲ့ မဏိပူရီလူမျိုးတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ခဲ့ကြရာကနေ အခုလို လူမျိုးရေးတင်းမာမှုအထိဖြစ်လာတာပါ။ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရဟတ်ယာဉ်တွေပါသုံးပြီး၊ ကြီးမားတဲ့ စစ်ဆင်ရေးလုပ်ခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
လူဦးရည် ၃.၂ သန်းရှိတဲ့ မဏိပူရပြည်နယ်ကို အိန္ဒိယဗဟိုအစိုးရကလည်း မေလအစောပိုင်းမှာ စစ်တပ်အင်အားအတော်များများ စေလွှတ်ပေးခဲ့ရပါတယ်။ မဏိပူရပြည်နယ်ဟာ လူဦးရေ မဏိပူရီခေါ် ကသည်းလူမျိုးက ၅၃ရာခိုင်နှုန်း၊ နာဂမျိုးနွယ်စုက ၂၆ရာခိုင်နှုန်းတို့အပြင် မီဇိုး၊ ချင်း၊ ကူကီး စတဲ့ မျိုးနွယ်စုတွေက ၁၆ရာခိုင်နှုန်းခန့် ရှိတာဖြစ်ပါတယ်။
စတုရန်းမိုင် ၈၅၀၀ကျော် ကျယ်ဝန်းပြီး ပြည်နယ်ရဲ့ ၁၀ပုံ ၁ပုံခန့်သာရှိတဲ့ မြေပြန့်ဒေသမှာ ကသည်းလူမျိုးက အများစုနေထိုင်ပါတယ်။ ကျန်တောင်တန်းဒေသမှာတော့ တောင်ပေါ်သား တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်ကြတာဖြစ်ပါတယ်။ မဏိပူရပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ မိုင်၂၅၀ နီးပါး အရှည်နယ်ချင်းဆက်စပ်နေပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG