သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင်*


မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ ကသည်းလူမျိုးတွေနဲ့ တောင်ပေါ်သား တိုင်းရင်းသားတွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ဒေသဖြစ်တဲ့ မိုးရေးမြို့မှာ မီးလောင်မှု၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်အတွင်းမှာ မဏိပူရီခေါ်၊ ကသည်းလူမျိုးတွေနဲ့ တောင်ပေါ်သား တိုင်းရင်းသားတွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ဒေသဖြစ်တဲ့ မိုးရေးမြို့မှာ မီးလောင်မှု၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေကြောင့် ခရိုင် ၈ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို အင်တာနက်လိုင်းတွေကိုလည်း ၅ရက် ဖြတ်တောက်ထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးမယ်။

မြန်မာနိုင်ငံ၊ တမူးမြို့နဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ မဏိပူရီခေါ်၊ ကသည်းနဲ့ ဒေသခံတောင်ပေါ်သား ကူကီး လူမျိုးစုတွေအကြားမှာ ဗုဒ္ဓဟူးနေ့က အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဓိကရုဏ်းဖြစ်ပွားပြီး မိုးရေးမြို့အတွင်း မီးလောင်တဲ့အခြေအနေကို ဒေသခံ ကူကီးလူမျိုးတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ညက အိမ် ၂၀လောက်တော့ ပါမယ်ထင်တယ်၊ မီးရှို့ခံရတာတွေနော်။ နောက်ပြီးတော့ ဈေး၊ ဈေးကကျတော့ ကသည်းဈေး၊ ကသည်းတွေရဲ့ဈေးပေါ့နော်။ အိမ်တွေကတော့ အကုန်ရောတယ်။ သူတို့ ကသည်းပဲ မဟုတ်ဘူး။ ကူကီး အိမ်တွေရော၊ ကသည်းအိမ်တွေရော အဲဒီမှာ။ ဂေါ်ရခါးတွေရော၊ ဒီဘက်မှာရှိတဲ့ မဒရာစီတွေရဲ့အိမ်ရော ပါမယ်။ သူတို့က တဆက်တည်းပဲလေ။ နေတာက ကပ်ကပ်နေကြတာ ဆိုတော့ အကုန်ပါသွားတာ။ အဲလိုမျိုး။”

ဒီလ ၃ရက်နေ့က မဏိပူရ ပြည်နယ်က တောင်ပေါ်နေတိုင်းရင်းသားတွေနေထိုင်ရာ နေရာအနှံမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားတွေက သူတို့နေထိုင်ရာ တောင်တန်းဒေသကို ပြည်နယ်အစိုးရက သစ်တောဧရိယာအဖြစ် သတ်မှတ်ပြဌာန်းပြီး ဘိုးဘွားပိုင် မြေတွေကို သိမ်းယူတာနဲ့ မဏိပူရီလူမျိုးတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းကြောင့် နေအိမ်အများအပြား မီးလောင် (voanews.com)

XS
SM
MD
LG