သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ်၊ မိုးရေးမြို့မှာ အိမ်အလုံး ၃၀ မီးရှို့ခံရ


အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်အတွင်းက မိုးရေးမြို့
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်အတွင်းက မိုးရေးမြို့

အိန္ဒိယ-မြန်မာနယ်စပ်၊ မိုးရေးမြို့က Meitei ခေါ် ကသည်းလူမျိုးတွေရဲ့ အိမ်အလုံး ၃၀ လောက်ကို အင်အား ၂,၀၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက ဇူလိုင်လ ၂၆ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့လိုက်ပြီး တခြား အိမ် ၄ လုံးကိုလည်း ဖြိုဖျက်လိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

အမျိုးသမီးအများစုပါဝင်တဲ့ အဲဒီလူအုပ်ကြီးက မိုရေးမြို့‌ဈေးကို ဒီကနေ့မနက် ၁၀ နာရီလောက်မှာသွားပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပေမယ့် ဝင်ရောက် တားဆီးတာမျိုးမလုပ်ဘဲ ဒီအတိုင်းကြည့်နေကြတယ်လို့ ဆိုပါတယ်။

အခု မီးရှို့ ၊ ဖျက်ဆီးခံရတဲ့အိမ်တွေဟာ မဏိပူရပြည်နယ်အတွင်း မေလ ၃ ရက်နေ့မှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းနောက်ပိုင်း ထွက်ပြေးသွားကြပြီး လူမနေတော့တဲ့ အိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မိုရေးမြို့မှာ ကူကီး၊ ကသည်း၊ တမီ၊ ဂေါ်ရခါး၊ ဘန်ဂါလီနဲ့ ပန်ချာပီ စတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။

ဒီမြို့က ဌာနေတိုင်းရင်းသားမဟုတ်သူ အများစုဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်ကိုင်ကြသူတွေဖြစ်တာနဲ့အညီ မြန်မာဘက်က ဝယ်ယူ သုံးစွဲသူအပေါ် အများကြီး မှီခိုအားထားနေရတာလည်း ဖြစ်ပါတယ်။ ဒီမြို့မှာ အခုအဓိကရုဏ်းတွေဖြစ်နေတာကြောင့် မြန်မာဘက်ကလာတဲ့ သူတွေအပေါ် ကန့်သတ်ချက်တွေရှိတာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။

အမည်မသိ သေနတ်သမားတချို့ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံလယ်သမား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နောက်တနေ့မှာ အခုလို အိမ်တွေကို မီးရှို့မှု ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။ မဏိပူရပြည်နယ်အတွင်း ကသည်းလူမျိုးတွေကို Schedule Caste လို့ခေါ်တဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ လူမျိုးစုအဖြစ် အသိအမှတ်ပြုဖို့ ပြည်နယ် တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ကသည်းတွေနဲ့ ကူကီးတိုင်းရင်းသားတွေအကြား လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ခဲ့တာမှာ လူအများအပြား သေဆုံးခဲ့ရသလို ပြည်နယ်အစိုးရက မာရှယ်လော ညမထွက်ရအမိန့်ထုတ်ပြန်ပြီး အစောပိုင်းမှာ အင်တာနက်လိုင်းတွေပါ ယာယီ ဖြတ်တောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG