သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၇၀၀ ကျော် မဏိပူရပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်


အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးမြို့နယ်စပ်ဂိတ်
အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးမြို့နယ်စပ်ဂိတ်

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကလေးငယ် ၃၀၀ ကျော် အပါအဝင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်အတွင်းကို ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေ ၂ ရက်က ထွက်ပြေး ခိုလှုံလာခဲ့ကြပါတယ်။ သူတို့ကို မဏိပူရ အစိုးရက ပြန်လည် မောင်းထုတ်ဖို့ ပြင်ဆင်နေတာကြောင့် အိန္ဒိယရောက် မြန်မာဒုက္ခသည်ရေးရာ ကော်မတီကတော့ လူသားချင်းစာနာ ထောက်ထားပြီး ပြန်မမောင်းထုတ်ဖို့ တိုက်တွန်းနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုစံကျော် က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် ချန်ဒယ်လ် ခရိုင်အတွင်းကို ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့၊ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၀၀ ကျော် ဝင်ရောက်လာခဲ့တာပါ။ တမူးခရိုင် ခမ်းပတ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒီလို အရပ်သားတွေ အလုံးအရင်း ထွက်ပြေးလာတာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေထိုင်နေသူ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်လောက် ရှိပြီ။ ခမ်းပတ်မှာဖြစ်တဲ့ကိစ္စ။ တိုက်ပွဲဖြစ်တာပေါ့။ အဲဒီမှာ အရပ်သားတွေ ဒီဘက်ထဲ ထွက်ပြေးလာတာ။ ဒီဘက်ထဲဆိုတာ မဏိပူရ ဘက် ထွက်ပြေးလာတာ။ မနက်ကတော့ ဒီ မဏိပူရေဒီယိုထဲမှာ ပါတာတော့ ၇၀၀ ကျော်ပေါ့။ ဒီဘက်ထဲကို ရောက်လာတယ်လို့ ပြောတယ်။”

အိန္ဒိယရောက် မြန်မာနိုင်ငံ ဒုက္ခသည်များကော်မတီ (ကဘော်ဒေသ) နာယကလည်းဖြစ်၊ တမူးဒေသရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးထန်းဆေး ကလည်း ဒုက္ခသည်တွေ ရောက်ရှိလာတဲ့အကြောင်း အခုလို ပြောပါတယ်။

“ခမ်းပတ်တိုက်ပွဲကိစ္စကြောင့်မို့လို့ ခမ်းပတ် အမှတ် ၁၊ အမှတ် ၂ မှာရှိတဲ့ ပြည်သူတွေက၊ တိုက်ပွဲမှာ အရပ်သားတယောက်လည်း ဆုံးသွားတယ်လေ။ အဲဒီမှာ ကြောက်ပြီးတော့မှ ရှောင်ပြေးနေကြတာပေါ့နော်။ ခမ်းပတ်ရဲ့ ဒီဘက် ကနန်ကလည်း တချို့ တခြားနေရာကို ထွက်ပြီးတော့ တိမ်းရှောင်နေကြတယ်ပေါ့။ ခမ်းပတ်တိုက်ပွဲကြောင့်မို့လို့ အဲဒီ New Samtal (နယူးဆမ်သာ) ဘက်မှာ ရှောင်လာကြတဲ့ သဘောပါဗျ။ လူဦးရေ ၇၀၀ လောက်ရှိမယ်လို့ ကြားတာဗျ။”

ဒီလ ၂၂ ရက်နေ့ ညက စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နယ်ရှိ ခမ်းပတ်မြို့က စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းကို ဒေသခံ PDF တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ ၂၃ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သားတဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ ဒေသတွင်း သတင်းတွေမှာတော့ ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၁၈ ယောက် မဏိပူရ ပြည်နယ် ချန်ဒယ်လ် ခရိုင်အတွင်းကို တရားမဝင် ဝင်ရောက်လာကြောင်း၊ ဒီအထဲမှာ ကလေး ၃၀၁ ဦး၊ အမျိုးသမီး ၂၀၈ ဦးပါဝင်ကြောင်းကို နယ်စပ်လုံခြုံရေးအဖွဲ့ အာသံရိုင်ဖယ် (Assam Rifles) က ချန်ဒယ်လ် ခရိုင် လက်ထောက် ခရိုင်ဝန်ဆီ ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားကြောင်း ရေးသားကြပါတယ်။ တမူးမြို့နယ် ခမ်းပတ်ရွာ တိုက်ပွဲကြောင့် တိမ်းရှောင်လာတာ ဖြစ်ကြောင်း လည်း သတင်းတွေမှာ ပါရှိပါတယ်။

မဏိပူအစိုးရရဲ့ ပြည်ထဲရဲဝန်ကြီးဌာနကတော့ တရားမဝင် ဝင်ရောက်လာသူတွေကို ပြန်လည် မောင်းထုတ်ဖို့နဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ခွင့်ပြုချက်( Travel documents)မပါဘဲ ဘာကြောင့်ဝင်ခွင့်ပေးခဲ့သလဲ။ ဘယ်လို ဝင်ခွင့်ပေးခဲ့သလဲ ဆိုတာကို စုံစမ်းနေကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ဒုက္ခသည်များကော်မတီ (ကဘော်ဒေသ) နာယက ဦးထန်းဆေးက စစ်ပွဲကြောင့် တိမ်းရှောင်လာသူတွေကို လူသားချင်းစာနာ ထောက်ထားပြီး မောင်းမထုတ်သင့်ဘူးလို့ ပြောပါတယ်။

“ သူတို့က တိုက်ပွဲကြောင့်မို့ သေမှာစိုးလို့ ထွက်ပြေးကြတဲ့ကိစ္စမှာ အိန္ဒိယအစိုးရအနေနဲ့ ပြေးပုန်းနေတဲ့ လူတွေကို Document(အထောက်အထား စာရွက်စာတမ်း) တွေ လိုက်ရှာတာ သဘာဝမကျဘူးလို့ မြင်တယ်ပေါ့နော်။ ဒီဟာက လူသားချင်းစာနာမှုနဲ့ ကူညီထောက်ပံ့ရမယ့် ကိစ္စဖြစ်တယ်။ အိန္ဒိယအစိုးရအနေနဲ့ ပိုပြီးတော့ တန်ဖိုးထားရမှာက ဒီမိုကရေစီနိုင်ငံဖြစ်တယ် ။တိုက်ပွဲကြောင့် ပြေးလာတဲ့ အရပ်သားစစ်ဘေးရှောင်တွေကို လက်မခံဘူးဆိုတာကတော့ သူတို့ ဒီမိုကရေစီနိုင်ငံရဲ့ စနစ်နဲ့လည်း မညီဘူး။ လူသားချင်းစာနာထောက်ထားမှု မရှိဘူးလို့လည်း ပြောလို့ ရတယ်။ မကျွေးမွေးနိုင်၊ မထောက်ပံ့နိုင်ရင် တောင်မှ ကိုယ်နဲ့ ရင်းနှီးရာ ရင်းနှီးကြောင်း ခိုလှုံတဲ့ နေရာတွေမှာတော့ ဒုက္ခ မပေးသင့်ဘူး။ မနှောက်ယှက်သင့်ဘူး။ မမောင်းထုတ်သင့်ဘူးလို့ ဒီလိုပဲ ယူဆပါတယ်ဗျ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ မဏိပူရ ပြည်နယ် မိုးရေးမြို့ဘက်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် ၈၀ ကျော်ကို ဒီနှစ် နှစ်ဆန်းပိုင်းက မဏိပူရပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အချို့ကို အာမခံနဲ့ ပြန်လွှတ်ခဲ့ပေမဲ့ အခုချိန်ထိ ၅၀ ကျော်ဟာ အင်ဖာမြို့မှာ ထိမ်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်နဲ့ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၃၅,၀၀၀ ကျော် ဝင်ရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

မဏိပူရ ပြည်နယ်မှာတော့ ဒီနှစ် မေလက စတင်ပြီး ကသည်းခေါ် မဏိပူရီလူမျိုးတွေနဲ့ ကူကီး လူမျိုးတွေကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပွားနေတာပါ။ ဒီ အဓိကရုဏ်းတွေအတွင်းမှာ လူ ၁၀၀ လောက် သေဆုံးပြီး ၄၀၀ ကျော်လောက် ထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီပဋိပက္ခအတွင်း မိုးရေးမြို့က ကသည်းလူမျိုး အချို့လည်း မြန်မာနိုင်ငံဘက်ကို တိမ်းရှောင် ခိုလှုံရတာတွေ ရှိခဲ့ပါတယ်။ မဏိပူရပြည်နယ် အစိုးရဘက်ကတော့ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေမှာ လက်နက်ခဲယမ်းတွေ ပါလာပြီး သူတို့ ပြည်နယ်တွင်း ပဋိပက္ခတွေ ပိုမို မြင့်တက်လာမှာကိုလည်း စိုးရိမ်တာတွေ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG