သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ တာဝေးပစ် ဒုံးကျည် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်


အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြသတဲ့ ဓာတ်ပုံတွင် တွေ့ရသော မိုင် ၃၁၀၀ (ကီလိုမီတာ ၅၀၀၀) အထိ ရောက်နိုင်သော အဂနီ ငါး (Agni-V) ဒုံးကျည်အား တွေ့ရစဉ်။ ဧပြီလ ၁၉၊ ၂၀၁၂။
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြသတဲ့ ဓာတ်ပုံတွင် တွေ့ရသော မိုင် ၃၁၀၀ (ကီလိုမီတာ ၅၀၀၀) အထိ ရောက်နိုင်သော အဂနီ ငါး (Agni-V) ဒုံးကျည်အား တွေ့ရစဉ်။ ဧပြီလ ၁၉၊ ၂၀၁၂။

တရုတ်နဲ့ ဥရောပက ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် တခုကို အိန္ဒိယက စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ အခုလိုမျိုး အဆင့်မြင့်ဒုံးကျည်ကို ပြည်တွင်းမှာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ ဟာ တိုက်ချင်းပစ် နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်တွေကြားမှာ တနိုင်ငံအဖြစ် ပါဝင်လာပါတော့တယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်အထိကို နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ် နိုင်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အရေးပါတဲ့ ဒုံးလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တာပါ။

အဂနီ ငါး (Agni V) လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်ကို မနက် ၈ နာရီနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ သြရသ (Orissa) ပြည်နယ်အရှေ့ဘက်မှာရှိတဲ့ ဝီလာ (Wheeler) ကျွန်းပေါ်ကနေ စမ်းသပ်ပစ်လွှတ်လိုက်တာပါ။

အောင်မြင်တဲ့ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီးတော့ အိန္ဒိယဝန်ကြီးချုပ် မန်မွန်းဟင်ဆင်း (Manmohan Singh) က တိုင်းပြည်ကာကွယ်ရေးမှာ ကိုယ့်အားကိုယ်ကို ဆောင်ရွက်နိုင်အောင် ကူညီပေးခဲ့ကြတဲ့ အိန္ဒိယ သိပ္ပံပညာရှင် တွေကို ချီးကျူးလိုက်ပါတယ်။

“အဂနီ ငါး (Agni V) ဒုံးကျည်ကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ပစ်လွှတ်နိုင်မှုဟာဆိုရင် - အိန္ဒိယသိပ္ပံနဲ့ နည်းပညာကဏ္ဍက အမျိုးသားရေး တာဝန်တွေကို ခေတ်မှီဆန်းသစ်မှုတွေ၊၊ သန္နိဓာန် ခိုင်မာမှုတွေနဲ့ ဂုဏ်ပြုမှု တခုပါပဲ။”

ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ စစ်အင်အား အဆင့်မြင့် နိုင်ငံတွေနဲ့ တန်းတူ နျူကလီးယားဒုံးကျည်ပစ်နိုင်စွမ်းတဲ့ နိုင်ငံတခုဖြစ်ခဲ့ပြီလို့လည်း အိန္ဒိယ ကာကွယ်ရေးအရာရှိတွေက ပြောဆိုခဲ့ပါတယ်။

အခု စမ်းသပ်အောင်မြင်ခဲ့တဲ့ အဂနီ ငါး (Agni V) ဒုံးကျည်ဟာဆိုရင် - မိုင်ပေါင်း သုံးထောင်တစ်ရာကျော် အထိကို ပစ်လွှတ်နိုင်ပြီး - တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်း နဲ့ ရှန်ဟိုင်းမြို့တွေအထိကို နျူကလီးယား ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ မဟာဗျူဟာစွမ်းရည်မှာ အကြီးအကျယ်ကို တိုးတက်မှုတခုလို့ လည်း ဖော်ပြခဲ့ကြတာပါ။

တရုတ်သတင်းမီဒီယာတွေမှာတော့ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ လက်နက်နည်း ပညာချင်း ယှဉ်ပြိုင်ကြတဲ့အခါ အိန္ဒိယ အနေနဲ့ နိုင်-နိုင်စရာ မရှိဘူူးလို့ ပြောဆိုပြီး အိန္ဒိယရဲ့ စမ်းသပ်မှုအပေါ် သတိပေးနေကြပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီ ဝေမင်း (Liu Weimin) ကတော့ လက်နက် အပြိုင်တပ်ဆင်မှု အပေါ် လျှော့လျှော့ပေါ့ပေါ့ ပြောသွားခဲ့တာပါ။

“တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ ဆိုတာ တိုးတက်တဲ့ နိုင်ငံကြီးတွေပါ။ ကျနော်တို့ဟာ ပြိုင်ဘက်တွေ မဟုတ်ကြ ပါဘူး။ လုပ်ဖော်ကိုင် ဖက်တွေပါ။ လက်ရှိမှာ ခက်ခက်ခဲခဲ ကြိုးပမ်းအောင်မြင်နေတဲ့ တိုင်းပြည် အကျိုးစီးပွား ကိစ္စရပ် တွေအပေါ် နှစ်နိုင်ငံစလုံးက မြတ်နိုး တန်ဖိုးထား ကြမယ်ဆိုတာကိုလည်း ယုံကြည် ပါတယ်။ ပြီးတော့လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ရှေးရှုပြီး ပွင့်လင်းတဲ့ နည်းဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ကူညီဖို့၊ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အပြုသဘော ကူညီ ဆောင်ရွက်ဖို့အတွက်ကို ကြိုးစားကြရ မှာပါ။”

ဒီစမ်းသပ်ပစ်လွှတ်မှု မတိုင်ခင်တုန်းကလည်း - ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတရပ်အဖြစ် မမြင်ရလေအောင် အိန္ဒိယ အရာရှိတွေကတော့ သတိထားခဲ့ကြပါတယ်။ အိန္ဒိယမှာ နျူကလီးယားလက်နက် စတင် အသုံးပြုမယ့် မူဝါဒ မရှိသလို - အိန္ဒိယရဲ့ ဒုံးကျည်စနစ်ဟာလည်း တိုင်းပြည်တခုခုအပေါ် ရည်ရွယ် ချမှတ်ထားတာ မဟုတ်ဘူးလို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ နျူကလီးယားကျည်ဖူးတပ် ဒုံးလက်နက် စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး အကန့်အသတ်နဲ့ လုပ်ဆောင်ကြဖို့ နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG