သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရွေးကောက်ပွဲ မိုဒီအနိုင်ရဖို့ အလားအလာကောင်း


ဝန်ကြီးချုပ် Narendra Modi

ဧပြီလ ၁၁ ရက်နေ့ကနေ မေလ ၂၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ရာမှာ မဲပေးသူတွေကို ကောက်ယူတဲ့ သဘောထားစစ်တမ်းအရ လက်ရှိ ၀န်ကြီးချုပ် Narendra Modi က ပဲ ဒုတိယ သက်တမ်းဆက်လက် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ ရှိနေပါတယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Richard Green ပေးပို့ ထားတဲ့ သတင်းလွှာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

အိန္ဒိယ နိုင်ငံမှာ ရက်ပေါင်း ၄၀ အတွင်း အကြီးအကျယ် ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ အဆင့်ပေါင်း ၇ ဆင့် ရှိပြီး လူသန်းပေါင်း ၉၀၀ ကျော် မဲပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် မဲပေးနိုင်သူ လူ ၁၀ သန်း ပိုများခဲ့ပါတယ်။ ရွေးကောက်ပွဲရဲ့ နောက်ဆုံး အဆင့်မှာတော့ အိန္ဒိယ ပြည်နယ် ၈ ခုက မဲဆန္ဒရှင် သန်းပေါင်း များစွာဟာ အမတ် နေရာ ၅၉ နေရာအတွက် မဲပေးခဲ့တာမှာ တနင်္ဂနွေနေ့က ပြီးဆုံးသွားခဲ့ပါပြီ။ စိတ်ဝင်စားမှု အခံရဆုံး မဲဆန္ဒနယ်တစ်ခုကတော့ Uttar Pradesh ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဗာရာဏသီ ရှေးဟောင်းမြို့ က ၀န်ကြီးချုပ် မိုဒီရဲ့ မဲဆန္ဒနယ်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရွေးကောက်ပွဲမှာတုန်းက ဒီ ပြည်နယ်မှာ ၀န်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူ အမျိုးသားရေး ပါတီ Bharatiya Janata party အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အခုလည်း BJP ပါတီကပဲ အသာစီးရနေပါတယ်။ နောက်တက်လာမယ့် အစိုးရနဲ့ ပတ်သက်ပြီး ဗာရာဏသီ မြို့ခံ Aman Mehra က သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

"ကျွန်တော်ကတော့ တိုင်းပြည် တိုးတက်ဖို့ ရှင်းလင်း မြင်သာတဲ့ ရည်မှန်းချက်ရှိတဲ့ အစိုးရ တက်လာစေချင်ပါတယ်။ သူတို့ဘ၀ သူတို့ တိုးတက်ကြီးပွားဖို့ လာတဲ့ အစိုးရမျိုးတော့ မဟုတ်ဘူး။"

ပြင်းထန်တဲ့ အမျိုးသားဝါဒ စွဲကိုင်ပြီး အာဏာ ရလာတဲ့ ၀န်ကြီးချုပ် မိုဒီက အိန္ဒိယကို ဦးဆောင်ဖို့ အသင့်တော်ဆုံးဖြစ်ပြီး မဟာ ပြိုင်ဘက် ပါကစ္စကန်နိုင်ငံကို ကိုင်တွယ်နိုင်တဲ့ သဘောထား တင်းမာ ပြတ်သားတဲ့သူ အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။ တီဗွီ သတင်းဌာနတွေက ထုတ်ပြန်တဲ့ သဘောထား စစ်တမ်း ၅ ခုမှာ မိုဒီရဲ့ ပါတီက လွှတ်တော်မှာ နေရာ ၂၈၇ ခုကနေ ၃၀၅ ခုအထိ အနိုင်ရ နိုင်ခြေ ရှိပါတယ်။ ဒီ အရေအတွက်က စုစုပေါင်း နေရာ ၅၄၅ နေရာရဲ့ ထက်ဝက် အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ နေရာ အရေအတွက်ကို ကောင်းကောင်း ကျော်ပါတယ်။ လက်ရှိ အစိုးရ ဆက်လက် နိုင်ခြေရှိတာနဲ့ စတော့ဈေးကွက် အခြေအနေကို ဆက်စပ်ပြီး စီးပွားရေး ကျွမ်းကျင်သူ Sunil Shah က အခုလို ပြောပါတယ်။

"အခြေခံ သဘောအရတော့ ရင်းနီမြှုပ်နှံသူတွေအတွက် သူတို့ သိထားတာတွေ ဆက်ပြီး ဖြစ်ပေါ်တည်ရှိနေဖို့က အရေးအကြီးဆုံးပါ။ ပြုပြင်ပြောင်းလဲမှုတွေ စ လုပ်ခဲ့တဲ့ အခု အစိုးရက အာဏာ ပြန်ရမယ့် ပုံပေါက်တော့ စီးပွားရေး မူဝါဒတွေနဲ့ သူတို့ရဲ့ သက်သာ ချောင်ချိရေး ဆောင်ရွက်ချက်တွေ မှန်းလို့ရတဲ့ အရာတွေပါ။ ခုချိန်ကစပြီး နောက် ၅ နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်ကို သိပ်ပြီး ယုံကြည်မှု ရှိမယ်ဆိုရင် အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ အခု စတော့ ဈေးကွက်ထဲမှာ စတော့ အမှတ် ၇၀၀ ထက် ကျော်လွန်သွားခဲ့တာပေါ့။"

ရာဟူးလ် ဂန္ဒီ ခေါင်းဆောင်တဲ့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီကတော့ ဒီ ပြည်နယ်မှာ ၁၂၄ နေရာကနေ ၁၂၈ နေရာအထိ အနိုင်ရမယ်လို့ ခန့်မှန်းနေကြပါတယ်။ ၄၄ နေရာပဲ ရခဲ့တဲ့ အရင်ရွေးကောက်ပွဲ ထက်စာရင်တော့ အများကြီး အခြေအနေကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မဲပေးနိုင်သူ လူပေါင်း သန်း ၉၀၀ ကျော် မဲပေးတဲ့ ဒီလို ကြီးကျယ်တဲ့ ရွေးကောက်ပွဲမျိုးမှာ မဲပေးသူတွေဆီက ကောက်ယူတဲ့ သဘောထား စစ်တမ်းက အမြဲတမ်းတော့ မှန်ကန် တိကျလေ့ မရှိပါဘူး။ ၂၀၀၄ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ NDA နိုင်လိမ့်မယ်လို့ သဘောထား စစ်တမ်းက ပြောပေမယ့် နောက်ဆုံးမှာ ကွန်ကရက်စ်ပါတီ ညွန့်ပေါင်းအဖွဲ့က အနိုင်ရရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲ မဲရေတွက်တာတွေကတော့ အခု ကြာသပတေးနေ့မှာ ပြီးဆုံးမှာ ဖြစ်သလို တစ်ရက်တည်းမှာပဲ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်လည်း ထွက်ပေါ်လာမှာမို့ စောင့်မျှော်နားဆင်ဖို့ ရှိကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG