ကမ္ဘာပေါ်က အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့ကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ခိုင်မာလာအောင် ကြိုးပမ်းနေတာနဲ့အမျှ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားတို့ ဒီကနေ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာပါ။
မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ မစ္စတာ မိုဒီ စကားပြောကြားဖို့ရှိပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ဒီတကြိမ်တွေ့ဆုံမှုဟာ ၂ နှစ်အတွင်း (၇) ကြိမ်မြောက် တွေ့ဆုံမှာဖြစ်ပါတယ်။ အခုခရီးစဉ်နဲ့ပတ်သက်လို့တော့ နှစ်နိုင်ငံကြား လက်ရှိ တည်ရှိနေတဲ့ ဆက်ဆံရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်သွားနိုင်ဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက နှစ်နိုင်ငံကြား သဘောတူညီချက်တရပ် ရယူခဲ့တာမှာ နှစ်ဘက် စစ်တပ်တွေ အနေနဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် နှစ်နိုင်ငံ စစ်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့် ရှိသလို၊ စစ်ဘက်ဆိုင်ရာ အဆင်မြင့် ပစ္စည်းကိရိယာတွေ ပူးပေါင်း ထုတ်လုပ်သွားဖို့အတွက် ဆွေးနွေးမှုတွေလည်း ရှိလာခဲ့တာပါ။
]ဒါ့အပြင် တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တရုတ်နဲ့အမေရိကန်ကြားမှာလည်း တင်းမာမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင် အပါအ၀င် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အာမခံနိုင်မယ့် မဟာဗျူဟာမြောက် သဘောထားအမြင်တွေကိုလည်း နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ခဲ့ကြပါသေးတယ်။