အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ နောက်လ အစောပိုင်းမှာ မြန်မာနိုင်ငံကို လာဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် The Telegraph သတင်းဌာန အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ နေပြည်တော်ကို သွားမှာဖြစ်ပြီး ရန်ကုန်ကိုလည်း ၀င်နိုင်ခြေရှိပါတယ်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာခရီးစဉ် ဖြစ်ပေမယ့် နှစ်နိုင်ငံကြား ဆက်ဆံရေး အနေနဲ့ သီးခြား လာတာကတော့ ပထမဆုံးခရီးစဉ်ပါ။ မစ္စတာ မိုဒီ မြန်မာနိုင်ငံကို ပထမတကြိမ် လာရောက်ခဲ့တာက ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ဖို့ လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အပြင် သြစတြေးလျနဲ့ ဖီဂျီနိုင်ငံတွေကိုလည်း သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေပြီး အိန္ဒိယနိုင်ငံ အနေနဲ့ အဲဒီအပေါ်မှာ စိုးရိမ်မှု ရှိပြီးတော့ ဒီအခြေအနေ ကို ထိန်းညှိဖို့ အမြဲတမ်း ကြိုးစားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် ပုန်ကန်သူတွေ အရေးကလည်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာခဏ အဖုအထစ် ဖြစ်လေ့ရှိခဲ့တာပါ။
သမ္မတ ဦးထင်ကျော်ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လက အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီနှစ် အောက်တိုဘာလမှာ အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ဘင်္ဂလားပင်လယ်အော် အစီအစဉ် ထိပ်သီးအစည်းအဝေး တက်ဖို့ ဖိတ်ကြား တာကြောင့် သွားခဲ့တာပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကပဲ အိန္ဒိယနိုင်ငံကို သွားခဲ့ပါသေးတယ်။ ၀န်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဘက်ကတော့ ဘာမှ ထုတ်ပြန်ကြေညာ တာမရှိသေးပါဘူး။