အင်ဒိုနီးရှားနိုင်ငံရဲ့ လွှတ်တော်ဥက္ကဌကိုဒေါ်လာသန်းပေါင်းများစွာပါဝင် ပတ်သက်နေတဲ့ အီလက်ထရောနစ် မှတ်ပုံတင် စတင်အသုံးပြုရေး အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွင်း ပါဝင်ပတ်သက်နေသူအဖြစ် သံသယရှိနေကြပါတယ်။
အီလက်ထရောနစ် မှတ်ပုံတင်စနစ်စတင်ရေးအတွက် ချပေးထားတဲ့ ဒေါ်လာ သန်း ၄၄၀ ရဲ့ သုံးပုံတပုံနီးပါးဖြစ်တဲ့ ဒေါ်လာသန်းပေါင်း ၁၇၀ အထိ၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်အတွင်း အလွှဲသုံးစားလုပ်ခဲ့ကြတာပါ။ ဒီကိစ္စမှာ လွှတ်တော်ဥက္ကဌ Setya Novanto ပါဝင်ပတ်သက်ကြောင်း လုံလောက်တဲ့အ ထောက်အထားတွေ ရရှိထားပြီလို့ အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်အကြီးအကဲ Agus Rahardjo က တနင်္လာနေ့မှာပြောပါတယ်။
Golkar ပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ Novanto ဟာ သူကိုယ်တိုင်ရော အခြားသူတွေပါ ချမ်းသာလာအောင် အာဏာအလွှဲသုံးစားလုပ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း Rahardjo ကပြောပါတယ်။ လွှတ်တော် ဥက္ကဌNovanto က စွပ်စွဲချက်တွေကိုအင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတခုမှာငြင်းပယ်သွား ပါတယ်။
တရားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းအပါအဝင် အခြား အဆင့်မြင့်အရာရှိတွေလည်း ဒီအရှုပ်တော်ပုံနဲ့ ငြိစွန်းနေတာပါ။ အစိုးရအရာရှိ ၂ဦးတို့လည်း ဒီကိစ္စနဲ့ လတ်တလော အမှုရင်ဆိုင်နေရတဲ့အတွက် အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး လိုလားတဲ့ သမ္မတ Joko Widodo အနေနဲ့ ဒီကိစ္စကို ဘယ်လောက် ပြတ်ပြတ်သားသား ကိုင်တွယ်မလဲဆိုတာ စမ်းသပ်လိုက်တာလည်း ဖြစ်ပါတယ်။