သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အင်အားပြင်းငလျင် လူသောင်းချီအိုးအိမ်မဲ့ဖြစ်


အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ တနင်္ဂနွေနေ့ အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၂ သောင်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ပျောက်ဆုံး နေသူတွေကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံရှာဖွေနေပါတယ်။ ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၈ ယောက် ရှိနေပြီး ထပ်တိုးလာနိုင်ချေလည်း ရှိနေပါတယ်။

အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေဟာ ယာယီဒုက္ခသည်စခန်းတွေမှာ ပြောင်းရွှေနေထိုင်နေကြသလို နိုင်ငံခြား ခရီးသွားအများစုကိုတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။

USGS အမေရိကန် ဘူမိဗေဒ တိုင်းတာရေး စခန်းက ကနဦးမှာ ပြင်းအား ၇ ရှိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ဟာ Lombok ကျွန်းမြောက်ပိုင်း မြေအောက်အနက် ၁၀.၅ ကီလိုမီတာ အနက်မှာ လှုပ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်နိုင်တယ်ဆိုတဲ့ သတိပေးချက်လည်း ယာယီ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ငလျင်ကြောင့် အနားက Gili ကျွန်းအပြင် ဘာလီကျွန်း၊ Sumbawa နဲ့ အရှေ့ဂျာဗား ကျွန်းက တချို့နေရာတွေ အထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

Lombok ကျွန်းနားက Gili အပန်းဖြေကျွန်းစုငယ်လေး ၃ ခုမှာ ယာယီဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ အဓိက လုပ်ဆောင်နေပါတယ်။ တနင်္လာနေ့ အစောပိုင်းမှာပဲ ကမ်းခြေငယ်လေးတွေမှာ ရောက်နေတဲ့ ခရီးသွားဧည့်သည်တွေကို Lombok ကျွန်းက ဘေးကင်းရာကို သင်္ဘောတွေနဲ့ ပို့ဆောင်ပေးသလို အင်ဒိုနီးရှားက Garuda လေကြောင်းလိုင်းကလည်း ခရီးစဉ် အပိုတွေ ပြေးဆွဲပေးပါတယ်။

တနင်္လာနေ့မှာပဲ Gili ကျွန်းတွေကနေ ဘေးကင်းရာ ပြောင်းရွှေ့ပေးခဲ့သူပေါင်း ၂၀၀၀ ကျော်တယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

Lombok ကျွန်းမြောက်ပိုင်းမှာ သေဆုံး ထိခိုက်ဒဏ်ရာရသူ အများဆုံး ဖြစ်ပြီး သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား တယောက်မှ မပါဘူးလို့ အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဌာန ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG