သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ကချင်မှာ အပြင်းအထန် ခုခံ


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

ကချင်ပြည်နယ်မှာ ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်တွေ ကို KIA ပူးပေါင်းတပ်တွေက လိုက်လံတိုက်နေရာမှာ မိုးမောက်မှာ ဒီကနေ့ တိုက်ပွဲတွေ အတော်လေးပြင်းထန်ကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ KIAရဲ့ မတ်လ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ ကချင်အခြေစိုက်စခန်းတွေဖြစ်တဲ့ လိုင်ဇာနဲ့ ဒေါ့ဖုန်းယန်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မှာလည်း နယ်မြေသိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကချင်နဲ့ ရှမ်း တိုက်ပွဲအခြေအနေတွေအကြောင်းပေးပို့လာတဲ့ သတင်းကို ကိုစည်သူက ပြောပြမှာပါ။

ဒီလ ၇ရက်နေ့ကစတင်ပြီး ဝိုင်းမော်နဲ့ မိုးမောက် မြို့နယ်တွေအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဋ္ဌာနချုပ်လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းအတော်များများနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတကြောက စခန်းပေါင်း ၃၀ကျော်ကို သိမ်းယူခဲ့ပါတယ်။ စခန်းတွေ လက်လွှတ်ရတဲ့နောက် ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်နေပြီး ဒီကနေ့ မိုးမောက်မြို့နယ် နှင်းအီရွာအနောက်မှာ တိုက်ပွဲ ပြင်းထန်နေကြောင်း မိုးမောက်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ အခု ဒီမှာ နှင်းအီအနောက်ဖက် ဆလိုင်တောင်ခြေရင်းမှာ ပစ်နေကြတယ်။ အခု ဟိုး ခယာတို့ ဟိုးဘက်က ဆင်းလာတဲ့အဖွဲ့တွေ ထင်တယ်။ ကျနော်တို့ ကြည့်နေတာ လယ်ထဲက ဖြတ်သွားတာက ပစ်နေကြတယ်။ ဒေါ့ဖုန်းယန်ဟိုဘက်က ခယာတို့၊ ဘွမ်ရဲတို့ ဟိုဘက်က ဆင်းတဲ့ဟာတွေလေ။ ဒေါ့ဖုန်းယန်တို့ဘက်ကနေ ထွက်ပြေးတဲ့ စစ်သားတွေလေ။ ၂၀၀လောက် ရှိတာ လယ်တောလမ်းကနေဖြတ်တာ အများကြီးပဲ။ လေကြောင်းလာတာတော့ မရှိဘူး။ အခု PDF တွေ လယ်တောမှာ ရှင်းနေတာ။ ပစ်နေတုံး၊ ရှင်းနေတုံး။”

မနေ့ကလည်း နောင်ပေါင်းရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မိသားစုတွေ ရောက်ရှိနေတာကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွာကို ဝိုင်း ထားကြောင်း နဲ့ ဒီမနက်မှာတော့ ပစ်ခတ်တာတွေရှိကြောင်း ပြောပါတယ်။

“ မနေ့ကလည်း ဒီ နွမ်းလန်းတပ်ထဲက ထွက်ပြေးတဲ့ဟာတွေကို ဒီနောင်ပေါင်း ဘုန်းကြီးကျောင်းမှာ လာစုထားတယ်တဲ့။ သူတို့ အဲဒါ PDF နဲ့ KIA တို့က အခုမှာ ဝိုင်းထားပြီ။ စစ်သားက ၅၀- ၆၀ လောက် ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ကလေးတွေရော၊ စစ်မေတွေရောဆို ၁၀၀ ကျော်လောက် တော့ ရှိတယ်လို့ ပြောတယ်။ ဒီမနက် ပစ်တယ်တဲ့။ ကျနော်တို့လည်း ဒီဘက်ရောက်သွား တာလေ။ ခုနက သတင်းကြားတာ ပစ်နေပြီတဲ့ နောင်ပေါင်းမှာလည်း။”

နှင်းအီနဲ့ နောင်ပေါင်းရွာဟာ မြစ်ကြီးနား - ဗန်းမော်ကားလမ်းမရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ရွာတွေ ဖြစ်ပါတယ်။
ဒီလ ၂၁ရက်နေ့က မိုးမောက်မြို့နယ် နွမ်းလန်းအခြေစိုက် ခမရ ၄၃၈နဲ့ အမှတ် ၆၁၆ ဒုံးတပ်တပ်ရင်း၊ ၂၃ရက်နေ့ မှာ နောင်ကွန်အခြေစိုက် အမှတ် ၃၇၀ အမြောက်တပ်တို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ တာဖြစ် ပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ မိုးမောက်မြို့နယ်အတွင်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး ဘာမှ မကြားသိရသေးကြောင်းနဲ့ ဆွမ်ပရာဘွမ်ဘက်မှာတော့ တိုက်ပွဲဆက်ဖြစ်နေကြောင်း ပြောပါတယ်။

“ ကျနော်ကတော့မကြားဘူး။ ကျနော်တို့ကို တရားဝင်အကြောင်းကြားတာမရှိဘူး။ ထွက်ပြေးသွားတဲ့အဖွဲ့တွေ ကို လိုက်ရှင်းတာတော့ ရှိမှာပါ။ ကျနော်တို့ကို တရားဝင် (အကြောင်း) မကြားတာနေမှာပါ။ ဘာမှ မကြားဘူး ကျနော်တို့ကတော့။ ဆွမ်ပရာဘွမ်ဘက်ကတော့ တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တာ ရှိတယ်။ ပစ္စည်းတွေ လေကြောင်းကနဲ့ ထောက်ပံ့ပေးတာတွေပေါ့နော်။ ချပေးတာတွေရှိတယ်။ တပ်က အဖွဲ့တွေလည်း ထွက်လို့ မရလို့လေ ဝိုင်းထားလို့။ ”

ဆွမ်ပရာဘွမ်မြို့ အခြေစိုက် ခလရ ၄၆ကို KIA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ရက်လောက်ကြာမြင့်နေပြီဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်မြို့ခံနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဟာ စစ်ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေအတွင်းကို တိမ်းရှောင်နေကြရပြီး လက်ရှိအခြေအနေမှာ ကားလမ်းတွေလည်း ပိတ်နေတာကြောင့် ရိက္ခာပြတ်လပ်တာတွေ ကြုံနေရကြောင်း ဆွမ်ပရာဘွမ်မြို့ခံတဦးက ပြောပါတယ်။ သူက စစ်ရှောင်ဦးရေ ၅၀၀ကျော်ခန့်တယ်လို့ ပြောဆိုပေမဲ့ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ စစ်ရှောင် ၁၀၀၀ကျော်ရှိနေကြောင်း ဖော်ပြကြပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA အကြား တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ ဆီဆိုင်မှာတော့ တိုက်ပွဲဖြစ်နေတုံးပဲ။မီးလည်းလောင်နေတာ။ လှမ်းမြင်နေရတာ။ မနေ့ကလည်း ပစ်တယ်။ အမြဲတမ်းပစ်တယ်ဆိုတာ အမြောက်နဲ့ ဒရုန်းနဲ့ အများဆုံးပစ်တယ်။ ဒီနေ့လည်း ကျနော် ကြားတာကတော့ ဒရုန်း အသံပဲ။လက်နက်ငယ်အသံလည်း တချက်တချက် ကြားနေတာ။ ”

PNLA ကတော့ မနေ့က ကျရောက်တဲ့ ၇၅နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးချတာ အကြိမ် ၅၀ကျော်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တွေမှာ ဇန်နဝါရီလ ၂၁ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် ဒီလ ၁၆ရက်နေ့အထိ ဒေသခံပြည်သူ တသိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရသလို အရပ်သားသေဆုံးသူ ၄၉ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆၄ဦးရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG