သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အင်တာနက်ဖြတ်ခံရတဲ့ မြို့အရေအတွက် ပိုများလာ


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက အင်တာနက်တာဝါတိုင်။ © 2018 Phyo Hein Kyaw/AFP/Getty Images
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက အင်တာနက်တာဝါတိုင်။ © 2018 Phyo Hein Kyaw/AFP/Getty Images

Zawgyi/Unicode

မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့မြို့နယ်တွေ ပိုတိုးလာပြီး ချင်းပြည်နယ်က မြို့နယ် ၈ ခုမှာ မနေ့ကစပြီးတော့ အင်တာနက်ဖြတ်ခံထားရပါတယ်။ ကချင်ပြည်နယ်က ဖားကန့်မှာဆိုရင် အင်တာနက်ဖြတ်ထားတာ တလနီးပါးရှိနေပါပြီ။ အဲဒီကဒေသခံတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် မြို့နယ် ၈ ခုမှာ အင်တာနက်ဆက်သွယ်ရေးကို မနေ့က ညနေပိုင်းကစပြီး ဖြတ်တောက်လိုက်တာပါ။ အခုလို အင်တာနက်မရတော့တာကြောင့် ဒေသခံတွေအတွက် အစစ အခက်ကြုံရတယ်လို့ ပလက်ဝ ဒေသခံ ကိုတင်ထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲကတည်းက အင်တာနက်လိုင်းတွေ လုံးဝ သုံးမရတာပါအကို။ ပြည်ပရောက်နေတဲ့သူတွေက တချို့ဆိုရင် ပိုက်ဆံလွှဲတာတွေ နေ့စဉ်လိုလိုရှိနေတော့ အဲဒါတွေက အသွင်းအထုတ် လုံးဝကို ခက်ခဲသွားတာပါအကို။ အစိုးရဘဏ်မှာလည်း လုံးဝကို ထုတ်မရတဲ့ အနေအထားတွေကိုတွေ့နေရတယ်။ သတင်းအချက်အလက် အခက်အခဲတွေ ဥပမာပြောရမယ်ဆိုရင် ကျနော်တို့က ရေဒီယိုကိုပဲ အားကိုးပြီး သတင်းနားထောင်နေရတယ်။”

မန္တလေးတိုင်းမှာ မြင်းခြံနဲ့ မိုးကုတ်၊ မကွေးတိုင်းမှာဆိုရင် ဂန့်ဂေါ၊ မြိုင်၊ ထီးလင်းနဲ့ တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းမှာ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်နဲ့ ဘုတလင်၊ ချင်းပြည်နယ်မှာ ပလက်ဝအပါအဝင် မြို့နယ် ၈ ခုနဲ့ကချင်ပြည်နယ်က ဖားကန့်မြို့နယ်တွေမှာ ဆက်သွယ်ရေ ညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွန်ချက်အရ အင်တာနက်ပိတ်ထားတယ်ဆိုတာ MPT Call Center ကတဆင့် သိရပါတယ်။

အင်တာနက်မရတဲ့အတွက် သတင်းကို အချိန်နဲ့တပြေးညီ မသိရတဲ့အပြင် ကျန်တဲ့ကိစ္စတွေမှာပါ နောက်ကျနေတယ်လို့ ဖားကန့်ဒေသခံတဦးကလည်း ပြောပါတယ်။

“အင်တာနက် ဖြတ်တောက်ခံထားရတာတော့ တလနီးပါးလောက်ရှိနေပြီ။ အဓိကတော့ ကျနော်တို့ လောလောဆယ် IT ခေတ်မှာ အချိန်နဲ့တပြေးညီ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျနော်တို့ ဖားကန့်မှာ အင်တာနက် ဖြတ်တောက်မှုကတော့ အင်မတန်တော့ ဆိုးတာပေါ့။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ အသိပညာနောက်ကျသလို စီးပွားရေးလည်း နောက်ကျတဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဥပမာ ဒီနေ့ တိုက်ပွဲကိစ္စတွေ ဘယ်လိုဖြစ်သလဲ၊ ဖားကန့်ရဲ့ ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာတော့ သတင်းနဲ့ပတ်သက်ရင် update တော့ ကျနော်တို့ မဖြစ်ဘူးပေါ့။ တခုနဲ့တခု နောက်ကျတာပေါ့နော်။”

ပြီးခဲ့တဲ့နှစ်တွေက စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့ချိန်တုန်းက ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ တနှစ်ကျော်ကြာ အင်တာနက် ဖြတ်ထားခဲ့ဖူးပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့က မကြာသေးခင်ကထုတ်ပြန်တဲ့ ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို တတိယ အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာထက်ဆိုးတဲ့နိုင်ငံတွေအဖြစ် အီရန်နဲ့ တရုတ်တို့ပဲရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အင်တာနက်ကို ပိတ်ပစ်ခဲ့တာ၊ ဆိုရှယ်မီဒီယာကို ပိတ်ပင်တာ၊ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို ရုပ်သိမ်းခဲ့တာ၊ နည်းပညာကုမ္ပဏီတွေဆီကနေ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေးဖို့ အတင်းအကျပ်တောင်းယူခဲ့တာ စတဲ့လုပ်ရပ်တွေကို Freedom House အဖွဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အင်တာနက်ဖြတ်ခံရတဲ့ မြို့အရေအတွက် ပိုများလာ
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်



========

Unicode












XS
SM
MD
LG