သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Interpol အကြီးအကဲ တောင်ကိုရီးယားနိုင်ငံသား ရွေးချယ်ခံရ


Interpol ရဲ့ ဥက္ကဋ္ဌသစ် Kim Jong Yang

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် တောင်ကိုရီးယား နိုင်ငံသား Kim Jong Yang ကို အထွေထွေညီလာခံမှာ ဒီကနေ့ပဲ မဲခွဲရွေးချယ်လိုက်ပါတယ်။

လတ်တလော ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ Kim ဟာ ဥက္ကဋ္ဌသစ်အဖြစ် ကျန်နေတဲ့ သက်တမ်း ၂ နှစ် တာဝန်ယူသွားမှာပါ။ သူ့မတိုင်ခင် Interpol အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ တရုတ်နိုင်ငံသား Meng Hongwei ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ တရုတ်နိုင်ငံကို အလည်အပတ်ပြန်ချိန်မှာ ရုတ်တရက် ပျောက်ဆုံးသွားပြီး၊ နောက်ပိုင်းမှာတော့ လာဘ်စားမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နောက်ထပ် သက်တမ်း ၄ နှစ် အတွက်ကိုတော့ နောက်တကြိမ် မဲခွဲဆုံးဖြတ်ရမှာပါ။ ဒီကနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အများပြည်သူ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ရှင်းလင်းတဲ့ အမြော်အမြင်ရှိဖို့နဲ့ အနာဂတ်အတွက် လမ်းခင်းဖို့ လိုအပ်ကြောင်းလည်း ဥက္ကဋ္ဌသစ် Kim ရဲ့ ပြောဆိုချက်ကို Interpol က ထုတ်ပြန်ခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ Kim ကိုတော့ မဲခွဲမဆုံးဖြတ်ခင်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခိုင်အမာထောက်ခံမှု ပေးခဲ့ပါတယ်။ ဥပဒေကို လေးစား လိုက်နာတဲ့ Interpol အဖွဲ့ဝင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး တရားဥပဒေ စိုးမိုးရေး အဖွဲအစည်းကြီးကို ဦးဆောင်မှုပေးဖို့ ယုံကြည်အားကိုးလောက်ပြီး ခိုင်မာတည်ကြည်မှုရှိတဲ့သူကို ရွေးချယ်ဖို့ လိုအပ်ကြောင်းလည်း ၀န်ကြီး Pompeo က တိုက်တွန်းခဲ့တာပါ။

Interpol ရဲ့ ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့ ရုရှားနိုင်ငံသား Alexander Prokopchuk ဟာ အကြီးအကဲသစ် ဖြစ်လာနိုင်သူအဖြစ် အများကယူဆထားပေမဲ့ ဒီနေ့ မဲခွဲရာမှာ Kim ဖြစ်လာတဲ့အတွက်လည်း အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ရုရှားနိုင်ငံကို ဝေဖန်သူတွေကတော့ Interpol အကြီးအကဲအဖြစ် ရုရှားနိုင်ငံသားကို ခန့်အပ်လိုက်မယ်ဆိုရင် အဖွဲ့ထဲမှာ နိုင်ငံရေးအရ သဘောထားကွဲစရာတွေ ပေါ်လာနိုင်ကြောင်း ထောက်ပြနေကြတာပါ။

နိုင်ငံရေး အမြတ်ထုတ်တဲ့လုပ်ရပ်တွေ၊ အတိုက်အခံတွေ၊ ပြည်ပရောက်တွေနဲ့ သတင်းသမားတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေမှာ ရုရှားနိုင်ငံက Interpol ကို အသုံးချရာမှာ Prokopchuk ကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်းလည်း အမေရိကန် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG