သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် ၁၀၀ အလွန် လူကယ်ပြန်ဌာန ဘာတွေ ဆက်လုပ်သွားမလဲ


လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးကူညီကယ်ဆယ်ရေးခရီးစဉ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးကူညီကယ်ဆယ်ရေးခရီးစဉ်။

ရက်(၁၀၀)အတွင်း စိန်ခေါ်မှုတွေ အများကြီးထဲက အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့သလို ရက်(၁၀၀)မှာ အစပျိုးခဲ့တဲ့ မပြီးပြတ်သေးတဲ့ ဆက်လုပ်ဆောင်ရဦးမယ့် စီမံချက်တွေကိုလည်း ပြည်သူ့အကျိုးအတွက် အဓိက ထားဆောင်ရွက် သွားဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက် ဝန်ကြီးဌာနအသီးသီးက အစိုးရသစ်ဖွဲ့ပြီး ရက်ပေါင်း(၁၀၀) အတွင်း ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ပြည်သူအများ သိရှိအောင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ရှင်းလင်းပြခဲ့ရမှာ ဒီကနေ့မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း သူတို့ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းခဲ့ပါတယ်။

ရက်(၁၀၀) သက်တမ်းအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ကြုံခဲ့ရတဲ့ စိန်ခေါ်ချက်တွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို သတင်းစာရှင်းလင်းပွဲပြီးပြီးချင်းမှာပဲ ဗွီအိုအေမြန်မာပိုင်း မဆုမွန်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။ ရက်(၁၀၀) ကာလအတွင်း ထူးထူးခြားခြား လုပ်ဆောင်ဖြစ်ခဲ့တဲ့ စီမံဆောင်ရွက်ချက်တွေကို ဒေါက်တာဝင်းမြတ်အေးက အခုလို စရှင်းပြပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ ရက်(၁၀၀)အတွင်းမှာ လူမှုကိစ္စတွေရှိတယ်။ ကာကွယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေရှိတယ်။ နှစ်ခုပေါ့နော်။ ကျနော်တို့ ဝန်ကြီးဌာနက။ အဲ့တော့ လူမှုနဲ့ပတ်သက်ရင် ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့အချက်တွေက ကျနော်တို့ဘာသာ ကျနော်တို့ စီမံချက်တွေရှိခဲ့တယ်။ သို့သော်လည်း စီမံချက်ထဲမှာ လုပ်ဆောင်နိုင်ခဲ့တာတွေက

ရာနှုန်းပြည့် လုပ်ဆောင်နိုင်ခဲ့တာရှိတယ်။ ရာနှုန်းမပြည့်တာရှိတယ်။ အဲ့ဒီ့တော့ စိန်ခေါ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် လမ်းပေါ်နေ ကလေးများ၊ တောင်းရမ်း စားသောက်သူများတို့ အမှီခိုမဲ့လူကြီးများတို့ နော် အဲ့လိုမျိုး လမ်းပေါ်မှာ ရောက်နေ တဲ့သူတွေပေါ့နော် အဲ့လိုမျိုး အကာအကွယ်မဲ့ ခဲ့သူတွေရှိတယ် အဲ့တာတွေကို ကျနော်တို့က ပပျောက်စေချင်တယ် လမ်းပေါ်ကနေပြီးတော့လေ။ ပပျောက်စေချင်တော့ ကျနော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆောင်ရွက်တော့ အများဆုံးအဲ့လိုဖြစ်နေတဲ့နေရာတွေက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းပေါ့။ အဲ့တော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ ကျနော်တို့က အခြေခံအချက်တွေကို စစ်ဆေးတာပေါ့နော်။ အဲ့ဒီ့အဆင့်ကို ရောက်ခဲ့တယ်။

ကျနော်တို့ရဲ့ စိန်ခေါ်မှုက ဘာလဲဆိုတော့ ဒါတွေကို ကျနော်တို့ရှင်းအောင် ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒါဟာ ကျနော်တို့အတွက် ရက်(၁၀၀) ထဲမှာ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှု တရပ်ပဲ။ အဲ့တော့ ကျနော်တို့ အခက်အခဲက လူမှုပြဿနာပေါင်းစုံဖြစ်နေပြီးတော့ လမ်းမပေါ်ရောက်နေတဲ့ကိစ္စတွေပေါ့ ဒါတွေကို ရှင်းလင်းဖို့ဆိုရင် ကျနော်တို့က ဥပမာ ဌက်အော်စမ်း တစ်နေရာပဲ ရှိတယ် နောက်ထပ် ဌက်အော်စမ်း နှစ်နေရာ သုံးနေရာဖြစ်အောင် ကျနော်တို့က လုပ်ရမယ်။ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ တခုရှိတယ် ရန်ကုန်တိုင်းမှာဆိုရင် အဲ့တာ နောက်ထပ် နှစ်ခု၊ သုံးခု လုပ်ရမယ် စသဖြင့်ပေါ့ အဲ့လိုပြန်လည်ထူထောင်ရေးတွေ လုပ်ရမယ်။ အဲ့ကျလို့ရှိရင် ဘတ်ဂျက်အင်အားတွေ လိုမယ်။ လူအင်အားတွေလည်း ကျနော်တို့ လိုလာပြီ။ အဲ့တော့ ဒါတွေကို ကျနော်တို့ စီမံချက်နဲ့ လုပ်နေပြီ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျနော်တို့ကို ပြောတယ်။ စီမံချက်သာရေးပါ။ စီမံချက်သာ တင်ပါ။ ဘတ်ဂျက်ကိစ္စကို ဖြေရှင်းပေးပါ့မယ်။ ဒါမျိုးပြောထားတယ်။ လုပ်ရင်လည်း ရဲရဲလုပ်။ ပြတ်ပြတ်သားသားလုပ်။ ဒါကလည်း စိန်ခေါ်မှုကိုရင်ဆိုင်နေရတာ ကျနော်တို့။ ဒါကတော့ လူမှုနဲ့ပတ်သက်ရင် လတ်တလောပေါ့။

မဆုမွန်။ ။ မြန်မာနိုင်ငံတဝှမ်း အဓိက တိုင်းနဲ့ပြည်နယ်ကြီးလေးခုမှာ လူသိန်းချီ ရေဘေးဒဏ်သင့်နေရတဲ့ လက်ရှိအခြေအနေမှာပေါ့ ဝန်ကြီးတို့အနေနဲ့ ဘာတွေများ အဓိကဦးစားပေးစီစဉ်ဆောင်ရွက်ပေးခဲ့တာတွေရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ အဓိက ကတော့ ဒီလိုမျိုး ရေဘေးသင့်တဲ့အချိန်မှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဆိုတာ ဗဟိုကနေ ရပ်ကွက်အထိ အဆင့်ဆင့်ရှိတယ်။ နောက်ပြီးတော့ ကွပ်ကဲရေးရုံးတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေရှိတယ်။ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ နောက်ပြီးတော့ အထွေထွေ အုပ်ချုပ်ရေးဦးစီးကသူတွေရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ဆီက လူကယ်ပြန်က လူတွေရှိတယ်။ ဒါပေမဲ့ လူကယ်ပြန်က တိုင်းမှာပဲရှိတယ်။ အောက် အထိ မရှိသေးဘူး။ လူအင်အားနည်းတယ်။ အဲ့တော့ ကျနော်တို့ လူမှုအဖွဲ့အစည်းကလူတွေရှိတယ်။ ပြည်သူ့ရဲတွေရှိတယ်။ ကြက်ခြေနီတွေရှိတယ်။ တပ်မတော်ရှိတယ်။ အကုန်လုံး ပူးပေါင်းပြီး ဆောင်ရွက်ကြ တယ်။

အဲ့လိုလုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ဆောင်ရွက်ချက်က ဘာလဲဆိုရင် အဲ့ဒီ့အချိန်အခါမှာ အလိုအပ်ဆုံးက စားနပ်ရိက္ခာပဲ။ အဲ့ဒီ့အချိန်မှာ သူတို့ အလုပ်မလုပ်နိုင်ဘူး။ အလုပ်မသွားနိုင်ဘူး။ ဆိုရင် စားနပ်ရိက္ခာအရေးကြီးတယ် ဆိုတော့ ကျနော်တို့က အဓိက ကတော့ ဆန်တို့ ငါးသေတ္တာတို့ ရေသန့်တို့ စသဖြင့် ဒါတွေကို ထောက်ပံ့ဖို့အဓိက အနေနဲ့ လုပ်ခဲ့တယ်။ အဓိက ကတော့ ဆန်ပေါ့နော်။ မနက်တလုံး ညတလုံး လူတစ်ယောက်ကို တွက်တယ်။ ကြီးကြီးငယ်ငယ် ဒီလိုပဲ တွက်တယ်။ အဲ့လိုနည်းနဲ့ ကျနော်တို့ တွက်ပြီး ပေးတယ်။

ပြီးတဲ့အခါကျတော့ သူတို့ ဘယ်လောက်တောင် ဘယ်လောက်ကျမှ အလုပ်ပြန်လုပ်နိုင်မှာလဲ၊ ဘယ်တော့မှ သူတို့ ဝင်ငွေပြန်ရမှာလဲ။ အဲ့ဒီ့အပေါ်မှာ မူတည်ပြီး ကျနော်တို့ ပေးနေတယ် သုံးရက်စာ မကဘူး။ တစ်ပတ်နေမှ ရေပြန်ကျမယ့်နေရာကို တစ်ပတ်ပေးတယ်။ တစ်ပတ်နေ ရေပြန်မကျတဲ့နေရာတွေကို ကျနော်တို့ နောက်ထပ် တစ်ပတ်စာ လိုက်ပေးနေပြီ။ တချို့စခန်းတွေ ပိတ်သိမ်းလိုက်လို့ သူ့နေရာ သူပြန်သွားပြီ အဲ့ဒီ့အခါကျရင် သူတို့အဆင်ပြန်ပြေသွားပြီ။ အဲ့ဒီ့တော့ ကျနော်တို့ အလုပ်နိုင်ဆုံးသည် ရိက္ခာထောက်ပံ့တာ အလုပ်နိုင်ဆုံးပဲ။

စိန်ခေါ်မှုကို မေးလို့ စိန်ခေါ်မှု ထပ်ပြောချင်သေးတယ်။ ဘာလဲဆိုတော့ ဒီကျနော်တို့ ထောက်ပံ့တဲ့ပစ္စည်းသည် ချက်ခြင်းဖြစ် ချက်ခြင်း သွားထောက်ပံ့မယ်။ ဒါပေမဲ့ အဲ့ဒီ့ပစ္စည်း အဲ့လူတွေလက်ထဲ ရောက်ဖို့ အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ဝန်ထမ်းအင်အားနည်းပါးတယ်။ အဲ့တော့ ဘယ်သူတွေက ကူညီလဲဆိုတော့ လူမှုအဖွဲ့အစည်းတွေက ကူညီတယ်။ ဒါပေမဲ့ ချက်ခြင်းရောက်လာရင်တော့ နည်းနည်းချိတ်ဆက်ရတာ ခက်ခဲနေသေးတယ်လို့။

မဆုမွန်။ ။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအနေနဲ့ အများပြည်သူကို ရက်(၁၀၀) အလွန် ရှေ့ဆက်ဆောင်ရွက်မယ့် စီမံမှုတွေနဲ့ပတ်သက်လို့ ဗွီအိုအေကနေတဆင့် ဘာများ အမှာစကားပါးချင်ပါလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဗွီအိုအေကနေတဆင့် ကျနော်တို့ လူမှုဝန်ထမ်းပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေနဲ့ ရက်(၁၀၀) အလွန် ဆောင်ရွက်ချက် ဆိုတာက ပြောရရင်တော့ တကယ်တော့ ရက်(၁၀၀) ဆိုတာ ကျနော်တို့က အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ ကျနော်တို့ အစိုးရအဖွဲ့အသစ် အနေနဲ့ ပြည်သူကို ဘယ်လောက် အကျိုးရှိအောင် ဆောင်ရွက်နိုင် မလဲ ဆိုတဲ့အထဲကရွေးပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မယ့်နည်းလမ်းကို ရက်(၁၀၀) ဆိုပြီးတော့ နာမည်တပ်လိုက်တယ်။ ရက်(၁၀၀) မှာ တချို့ကိစ္စတွေက ရက်(၁၀၀)မှာ ဖြတ်သွားတာရှိတယ်။ တချို့ကိစ္စတွေက ရက်(၁၀၀)မှာ စနိုင်တာပဲရှိတယ်။

အဲ့တော့ ရက်(၁၀၀) အလွန်မှာ ဘာလုပ်မလဲဆိုတော့ ပြည်သူ့အကျိုး တိုက်ရိုက်ရှိမယ့် လုပ်ငန်းတွေကို ကျနော်တို့ ချပြထားတာတွေရှိတယ်။ ဒါကို (၁၆)ရက်နေ့ကျရင် ရှင်းလင်းပွဲမှာ ရှင်းလင်းမှာဖြစ်တယ်။ အဲ့အချက်အလက်တွေကို ရက်(၁၀၀) မှာ မပြတ်ဘူး ဆိုတဲ့ ကိစ္စတွေကို ပြီးပြတ်အောင် ဆောင်ရွက် မယ်။ ပြည်သူအကျိုးကို ထိထိရောက်ရောက်အောင် ကျနော်တို့ ဆောင်ရွက်မယ်။ ရက်(၁၀၀)မှာ စပဲ စနိုင်တဲ့လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် ဆက်ပြီးတော့ ဆောင်ရွက်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဲ့ဒီ့တော့ ပြည်သူအားလုံးပူးပေါင်းပါဝင်ပေးပါလို့ ပြောချင်တယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းဒေသတချို့မှာ အပူချိန်မြင့်မားပြီး မိုးခေါင်လို့ တချို့ဒေသတွေမှာ သောက်သုံးရေရှားပါးမှုပြဿနာ နောက် မိုးများရေကြီးပြီး လူသိန်းနဲ့ချီ ရေဘေးဒဏ်သင့်ရတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံနေရတဲ့ အချိန်တွေမှာ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရသစ်လက်ထက် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချထားရေး ဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး သဘာဝဘေးဖြစ်ပွားခဲ့တဲ့နေရာတွေအထိ သွားရောက် ကူညီပေးခဲ့တာတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG