သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lincoln Scholarship ပညာတော်သင်ဆု ဘယ်လိုလျှောက်မလဲ


ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ နွေရာသီ သင်တန်းမှာ ကိုမင်းပိုင်မိုးကို တွေ့ရစဉ်
ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ နွေရာသီ သင်တန်းမှာ ကိုမင်းပိုင်မိုးကို တွေ့ရစဉ်

ပညာတော်သင်ဆုဆိုတာ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်ပါ။ ဒီလို အိပ်မက်တွေကို သေသေချာချာ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ချက်တွေကို ဘယ်လိုပြင်ဆင်သင့်တဲ့အကြောင်းအရာတွေကို အမေရိကန်အစိုးရကပေးတဲ့ လင်ကွန်း ပညာတော်သင်ဆုရှင် ကိုမင်းပိုင်မိုးကို မခင်လေးက ဆက်သွယ် မေးမြန်းထားပါတယ်။

Lincoln Scholarship ပညာတော်သင်ဆု ဘယ်လိုလျှောက်မလဲ
please wait

No media source currently available

0:00 0:05:38 0:00

လူငယ်တွေမှာ သူတို့ရဲ့အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်ခွင့် ရှိပါတယ်။ အဲဒီလို ဖန်တီးနိုင်ဖို့ အခွင့်အလမ်းကောင်းတွေထဲက တခုကတော့ နိုင်ငံတကာက ပညာတော်သင်ဆုတွေပါ။ ဒီလိုပညာတော်သင်ဆုတွေကို ဘယ်လို လျှောက်ရမလဲ ဆိုတာကို အမေရိကန်အစိုးရကပေးတဲ့ လင်ကွန်းစကောလားရှစ်ဆုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာရေးမဟာဘွဲ့တက်နေတဲ့ ကိုမင်းပိုင်မိုးက ပြောပြထားပါတယ်။

ခင်လေး (VOA) - ပညာတော်သင်ဆုရဖို့ဘယ်လိုတွေပြင်ဆင်ခဲ့ရတယ်ဆိုတာကိုပြောပြပေးပါ။

ကိုမင်းပိုင်မိုး- ပညာသင်ဆုအတွက် ပြင်ဆင်တာမှာ တော်တော်များများကတော့ တူကြတယ်ပေါ့နော်။ Application လျှောက်လွှာ ခေါ်ကတည်းက သတင်းအချက်အလက်တွေကို သံရုံးဆိုလည်းသံရုံးက website တွေရှိမယ်၊ University ဆိုလည်း တက္ကသိုလ်တွေက Website တွေမှာ ရှိမယ်။ အဲ့လိုမျိုး ကိုယ်က ကြည့်ရမယ်။ ကြည့်ပြီးတဲ့အခါမှာလည်း တခါတည်း Deadline ကို မှီအောင် ပြင်ဆင်ရတယ်ပေါ့နော်။

ခင်လေး (VOA) - အဓိကပေးရတဲ့စာရွက်စာတမ်းတွေကဘာတွေဖြစ်မလဲ။

ကိုမင်းပိုင်မိုး - Academic (ပညာရေး ထောက်ခံစာ) ပိုင်းဆိုင်ရာကတော့ ဘွဲ့ဆိုရင် ဘွဲ့ဒီဂရီပေါ့။ တကယ်လို့ ကိုယ်လျှောက်တာက ဘွဲ့ကြိုကိုလျှောက်တယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့အထက်တန်းအောင်မြင်ကြောင်းလက်မှတ်၊ ဒါမှမဟုတ်အဲ့ ဒါနဲ့ ညီမျှတဲ့လက်မှတ်တွေပါမယ်။ နောက် အမှတ်စာရင်း၊ ပြီးရင်တော့ ထောက်ခံစာပေါ့နော်။ အဲ့ဒီမှာ တယောက်ယောက်ကနေ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်၊ စာပေလေ့လာတဲ့အခါမှာ လေ့လာနိုင်စွမ်းရှိ မရှိ ဆိုတဲ့ အရည်အသွေးတွေ ပြည့်မီပါတယ်ဆိုတာကို ထောက်ခံပေးတဲ့ စာတွေလည်း လိုအပ်တယ်။ ဘွဲ့လွန်ဆိုရင်လည်း ကိုယ် ပထမပြီးထားတဲ့ဘွဲ့တွေကို အင်္ဂလိပ်လို ဒါမှမဟုတ် သက်ဆိုင်ရာဘာသာစကားတွေကို ပြောင်းပေးရတာမျိုး ရှိမယ်။ ပြီးရင် သက်ဆိုင်ရာအမှတ်စာရင်း၊ ကိုယ်တက်ရောက်ထားတဲ့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိတက်ရောက်ထားတဲ့ အမှတ်စာရင်းတွေ လိုအပ်တယ်။ အဲ့အမှတ်စာရင်းတွေကို အင်္ဂလိပ်လို ပြောင်းထားသင့်တယ်။

တခါတလေတော့ ကျန်းမာကြောင်းထောက်ခံစာတောင်းတဲ့ ပညာတော်သင်ဆုတွေလည်း ရှိနိုင်တယ်။ နောက်တခုက Passport (နိုင်ငံကူးလက်မှတ်) ပေါ့။ တချို့က လျှောက်တဲ့အဆင့်မှာ Passport မလိုဘူး။ မှတ်ပုံတင်၊ ကျနော်ဆို မှတ်ပုံတင်ကို နိုတြီ (Notary Public လိုင်စင်ရရှေ့နေနဲ့ တရားဝင် ဘာသာပြန်) ပြောင်းထားလိုက်တယ်။ အဲ့ဒါနဲ့ အရင်ဆုံးလျှောက်ထားလိုက်တယ်။ ရပြီဆိုမှ Passport လျှောက်တဲ့အဆင့်သွားလို့ ရတယ်။ အဓိက-က ကိုယ်က Eligible ဖြစ်တဲ့ ပညာတော်သင်ဆုလျှောက်ထားနိုင်တဲ့ ဒီနိုင်ငံသားဖြစ်ကြောင်းတခုခုပြပေးနိုင်ရင်ရတယ်။နောက်တခုကတော့ Language Proficiency Test (ဘာသာစကားပိုင်းဆိုင်ရာ အရည်အသွေး စစ်ဆေးတာ) ပေါ့နော်။ ကိုယ် ဘယ်လောက် Level (အဆင့်) အထိရောက်ထားလဲ ဆိုတာကို ပြဖို့လိုတယ်။

ခင်လေး (VOA) - အရေးကြီးဆုံးလို့ ပြောလို့ရတဲ့ Recommendation Letters ထောက်ခံစာ တွေကို ဘယ်လိုလူတွေဆီက တောင်းသင့်လဲ။

ကိုမင်းပိုင်မိုး - တစ် အချက်က ဘယ်သူက ကိုယ့်ကိုထောက်ခံပေးမှာလဲ။ ဘယ်သူက ကိုယ့်ကိုထောက်ခံပေးမှာလဲဆိုတဲ့နေရာမှာ တချို့ကမှားယွင်းပြီးတော့တွေးတတ်တယ်ပေါ့နော်။ ရာထူးကြီးလေလေ ကိုယ့်ရဲ့ ထောက်ခံစာပိုပြီး Strong (အားကောင်းမှု) ဖြစ်လေလေလို့ ယူဆကြတယ်။ တကယ်တမ်းတော့ ကိုယ့်ကို တကယ်သိတဲ့လူ၊ ကိုယ်နဲ့ဆက်ဆံရေးအများဆုံးရှိတဲ့လူကနေပြီးတော့ ကိုယ့် အကြောင်းကို ပြောပြပေးတာကမှ ကိုယ့်ရဲ့ Recommendation Letter ကို ပိုပြီး အားကောင်းစေတယ်။ ဒါအင်မတန် အရေးကြီးတယ်။ နံပါတ်နှစ်အချက်က ကျတော့ ကိုယ့်အကြောင်းကို သေသေချာချာ ပြောပြပေးတဲ့ လူပေါ့နော်။ သုံး အချက်ကတော့ ကိုယ်ရေးထားတာကို ထောက်ခံပေးမယ့်သူကို ရေးခိုင်းတာထက် သူကိုယ်တိုင်က သူ့ရဲ့ Own Voice နဲ့ ရေးပေးတာ ပိုကောင်းတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ Scholarship စီစစ်တဲ့ အဖွဲ့ တော်တော်များများက ဒီ ထောက်ခံစာတွေကို ဖတ်လိုက်တဲ့အခါမှာ တန်းသိတယ်ပေါ့နော်။ တကယ်ပဲ လူတယောက်ရဲ့ တကယ့်အသံလားပေါ့နော်။ ဒါကိုလည်း Authenticity ပေါ့နော် တကယ့် အစစ်အမှန်ကို ရေးပေးစေချင်တယ်။ နောက်တခုက တချို့ Scholarship တွေမှာ ထောက်ခံစာတွေမှာပါရမယ့်အချက်အလက်လေးတွေကို သေချာပြောထားတဲ့ Guideline ပေါ့နော်။ ဘယ် Format နဲ့ ရေးပါ၊ ဘာလေးတွေ ရေးပါ ဆိုတာပေါ့နော်။ ဒါတွေကို ကိုယ်က အသေးစိတ် ဂရုတစိုက် ပြင်ဆင်သင့်တယ်ပေါ့နော်။ ဒါကိုလည်း Referee (ကိုယ့်ကို ထောက်ခံပေးမယ့်သူ) ကိုလည်းသေချာပြောပြထားသင့်တယ်။ နောက်တခုက အချိန်တခုလုံလုံလောက်လောက်ယူစေချင်တယ်။ တပတ်လောက်လိုမှ Recommendation Letter ပေးပါ။ ဒါလေး လုပ်ပေးပါဆိုတာထက်။ လုံလောက်တဲ့ အချိန်လေးပေးပြီး ချဉ်းကပ်စေချင်တယ်။

ခင်လေး (VOA) - လူတွေ့ အင်တာဗျူးမဖြေခင်ပြင်ဆင်ရတဲ့အပိုင်းကိုပြောပြပေးပါဦး။

ကိုမင်းပိုင်မိုး - ကိုယ့်အနေနဲ့ ပြင်ဆင်သင့်တာက တစ်အချက်က Be Yourself ပေါ့နော်။ ကိုယ်ကိုတိုင်ကိုယ့်ရဲ့သရုပ်အမှန်ကိုပြဖို့ လိုတယ်ပေါ့။ တခါတလေကျရင် အင်တာဗျူးဖြေတဲ့အခါ လုပ်ကြံတာဆိုတာထက် ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဖုံးပြီးတော့ တခြားလူတယောက်လိုမျိုး အင်တာဗျူး သွားဖြေတာမျိုး ရှိတယ်။ ဒါပေမယ့် အဲ့ဒါက တကယ်တမ်းတော့ အင်တာဗျူးမေးတဲ့သူတွေ အတော်များများက အတွေ့အကြုံရှိပြီးသား လူတွေ ဖြစ်တယ်။ အများပြီး မေးလာခဲ့တာဆိုတော့ တမ်းပြီး သူတို့က သတိထားမိတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ကြာကြာ မဖုံးနိုင်ဘူး။ အဲ့ကျတာ တစ် အချက်ကတော့ ‘Be yourself’။ ကိုယ် ဘယ်လိုလူလဲ ဆိုတာကို ကိုယ့်ဟာကို ပေါ့ပေါ့ပါးပါးနဲ့ ဖြေစေချင်တယ်။ စိတ်ထဲမှာ လေးလေးလံလံနဲ့ မဖြေစေချင်ဘူး။ Essay ရေးခဲ့တုန်းက ကိုယ် ဘယ်လိုလူလဲဆိုတာကို ပြောပြဖို့လိုတယ်။ အဲမှာလည်း Authentic ဖြစ်ဖို့လိုတယ်။ နောက် ကိုယ့်ရဲ့ Academic Interest ကို သိဖို့လိုတယ်။ စိတ်ဝင်စားတဲ့နယ်ပယ်ဆိုလဲ ဘာ့ကြောင့် စိတ်ဝင်စားတယ်ဆိုတာကိုပြဖို့အကြောင်းပြချက်ရှိထားဖို့လိုတယ်။ ပြီးသွားရင် ကိုယ်က ဒါပြီးသွားရင် ဘာလုပ်မှာလဲဆိုတာကို သေချာ အကြောင်းပြချက်ရှိဖို့လိုတယ်။

အင်တာဗျူးတွေမှာ ဖြစ်တတ်တာက ကိုယ် Essay ရေးထားသလို ကိုယ်လေ့လာမယ့်နယ်ပယ်မှာ ဒီလောက်ကြီး Interest မပြလိုက်နိုင်တာမျိုးပေါ့နော်၊ ဒါ အင်တန် အရေးကြီးတဲ့ အချက်ပေါ့နော်။ အစထဲက Interest မပြဘဲနဲ့ လေ့လာဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ နောက်မှာ လာမယ့် Commitment တွေ အများကြီး လိုအပ်တဲ့အတွက်ကြောင့် ဒီဟာပြီးသွားတဲ့အခါ ဘာလုပ်မှာလဲ။ ကိုယ့်ရဲ့ Carrier က ဒါကို ဘယ်လောက်အထိ အထောက်အပံ့ပေးမှာလဲ ဆိုတာတွေကို သေသေချာချာ သိထားဖို့လိုပါတယ်။ အဲ့ဒါတွေ သေချာ မသိထားဘူးဆိုရင် ကိုယ့်ကို ပေးသင့် မပေးသင့် မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာနိုင်တယ်။ တချို့ Chevening တို့ AUSAID တို့လို Scholarship အတွက် Mock Interview တွေရှိတယ်။ သွားပြီးလေ့လာလို့ရတယ်။

ခင်လေး (VOA) - Scholarship ရပြီးသွားရင်ရောဘာတွေပြင်ရမလဲ။

မင်းပိုင်မိုး - ကိုယ်သွားမယ့်နေရာမှာ ရာသီဥတုကဘယ်လိုရှိလဲ၊ အစားအသောက်တွေ လူနေမှုပတ်ဝန်းကျင်ပုံစံ ဒါတွေကို အင်တာနက်ကနေ ကြိုရှာကြည့်တယ်ပေါ့နော်။ ကိုယ်သွားမယ့်နေရာမှာ ကြိုပြီး ရောက်နေတဲ့ ကိုယ့်နိုင်ငံကနေ ပညာတော်သင်သွားတဲ့သူတွေ ရှိနိုင်တယ်၊ သူတို့ကိုလည်း လှမ်းပြီးတော့ ချိတ်ဆက်ပြီးတော့ မေးနိုင်တယ်။

ပြီးသွားရင် သက်ဆိုင်ရာကျောင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ကျောင်းရဲ့လှုပ်ရှားမှုတွေမှာ ဝင်ပါလို့ရတယ်။ ဝင်ပါခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို ပိုပြီး အထောက်အကူ ဖြစ်စေတယ်။ တော်တော်များများကတော့ ခဏနေရင် နေသားကျသွားမှာပါပဲ။ အရမ်းကြီး မစိုးရိမ်စေချင်ဘူး။ တချို့ ကျောင်းတွေမှာ စိတ်ကျန်းမာရေးအတွက် Counseling Center တွေရှိတယ်ပေါ့နော်။ အဲ့ဒီမှာ သွားပြီး Mental Health နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်လို့ရတယ်။ အွန်လိုင်းကနေ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေနဲ့ အပတ်စဉ်ပြောဖြစ်တာမျိုးတွေပေါ့ အဲ့လိုတွေလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကျန်းမာ ရေးကို အားကောင်းလာစေတယ်ပေါ့နော်။

ခင်လေး (VOA) - ပညာသင်တဲ့အခါမှာကြုံတွေရတဲ့အခက်အခဲတွေကဘာတွေလဲ။ ဘယ်လိုကျော်လွှားရမလဲဆိုတာကိုပြောပြပေးပါ။

ကိုမင်းပိုင်မိုး - တစ်အချက်က ကိုယ်ယူမယ့် Course တွေကို ကိုယ့်ရဲ့ Academic Advisor နဲ့ သေသေချာချာ Course ဒီဇိုင်းဆွဲလို့ရတယ်။ Discussion သွားတဲ့ အခါမှာ Syllabus ကို သေချာဖတ်ပါ။ နောက်တခုက Readings တွေပေးတဲ့အခါမှာ ကြိုဖတ်ရမယ်။ အဲ့ဒီအခါမှာ ပြဿနာက ဘာသာရပ်တွေများတဲ့ အခါမှာ ဖတ်လို့ မနိုင်တော့ဘူးပေါ့နော်။ အဲ့အခါကျရင် တပတ်ကို ကိုယ့်ကို ဖတ်စရာ ၅ ခု ပေးလိုက်တယ်ဆိုရင် အဲ့ ဒီ ၅ ခုထဲက ၃ ခုလောက်ကို သေသေချာချာ ကိုယ် အသေးစိတ် ဖတ်ဖို့လိုတယ်။ ကျန်တဲ့ဟာကိုတော့ အကြမ်းဖျဉ်းဖတ်ထားဖို့လိုမယ်။ ဒီလိုနည်းလမ်းအားဖြင့် စောစောက ပြောတဲ့ တွေ့ကြုံရမယ့်အခက်အခဲကို Management မလုပ်နိုင်တဲ့ ပုံစံမျိုး မဖြစ်အောင် ကျော်လွှားနိုင်မယ်။ Assignment တွေ လုပ်တဲ့ အခါမှာ Timeline လေးဆွဲထားစေချင်တယ်။ Time Management သေသေချာချာလုပ်ဖို့လိုတယ်။ ဘာသာစကား အခက်အခဲ ဆိုတာထက် ကိုယ့်ရဲ့ Idea ကိုယ့်ရဲ့ အတွေးအမြင်ကို သေချာချိတ်ဆက်ပြီးတော့ ပြောပြနိုင်ဖို့ အင်မတန် အရေးကြီးတာပေါ့နော်။ အဲ့လို ဆိုရင် ကိုယ် အတန်းထဲမှာ ပါဝင်မှုတွေက ပိုပြီး အားကောင်းလာနိင်ပါတယ်။

ခင်လေး (VOA) - အမေရိကန် အစိုးရကပေးတဲ့ Lincoln Scholarship ရထားတဲ့သူတယောက်အနေနဲ့ အခုမှစပြီးပညာတော်သင်ဆုတွေကိုလျှောက်မယ့်သူတွေကိုဘယ်လိုအကြံဉာဏ်ပေးချင်ပါသလဲ။

ကိုမင်းပိုင်မိုး - စလိုက်ပါ-ပေါ့နော်။ စလိုက်ဖို့က အင်မတန် အရေးကြီးတယ်ပေါ့နော်။ ရပါ့မလားဆိုတဲ့ စိတ် မဖြစ်စေချင်ဘူး။ ခု စလိုက်ပါ။ လူတိုင်းမှာ သက်ဆိုင်ရာ အရည်အချင်းတွေရှိတယ်။ စပြီးသွားတဲ့အခါမှာ ကိုယ်ဘယ်လောက်အထိသွားနိုင်လဲဆိုတာကို သိလာလိမ့်မယ်ပေါ့နော်။ နောက်တခုက Reject Letter တွေရလို့လည်းပဲ စိတ်ဓာတ် မကျစေချင်ဘူး။ ထပ်ပြီးတော့ လျှောက်ပါ။ ဘာ့ကြောင့် Reject ရတာလဲ ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ဘယ်လိုပြန်ပြီး ပိုကောင်းအောင်လုပ်မလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။

ခင်လေး (VOA) - အခုလို ဗွီအိုအေကို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG