သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျောင်းသားတွေအတွက် USABCI ပညာသင်ဆု


ပညာသင်ဆု ဖြစ်မြောက်ရေး စတင်ကြိုးပမ်းခဲ့သူ ကိုလှဘုန်းမြင့် (ဝဲ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell (ယာ) (ဧပြီ ၂၇၊ ၂၀၂၃)
ပညာသင်ဆု ဖြစ်မြောက်ရေး စတင်ကြိုးပမ်းခဲ့သူ ကိုလှဘုန်းမြင့် (ဝဲ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell (ယာ) (ဧပြီ ၂၇၊ ၂၀၂၃)

စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကြပ်တည်းပြီး ဒုက္ခရောက်ကြရတဲ့ အမေရိကန်ရောက် မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို ၃ နှစ် ကူညီမယ့် မြန်မာပညာသင်ဆု ကို US - ASEAN Business Council Institute (USABCI) က ဦးဆောင် ဖန်တီးခဲ့ပါတယ်။ ဒီမြန်မာပညာသင်ဆုအတွက် ရံပုံငွေ ရှာဖွေတဲ့ ပွဲတခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၀၀၀၀ လောက်ရရှိခဲ့ပါတယ်။ ဒီပွဲကို ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားတဲ့ ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။

မင်္ဂလာပါ။ အမေရိကန် ရောက် မြန်မာ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအတွက် တနှစ် အမေရိကန် ဒေါ်လာ ၅၀၀၀ ပေးမယ့် ပညာသင်ဆု တခုအကြောင်းတင်ပြပေးပါ့မယ်။ US - ASEAN Business Council Insitute (USABCI) က ဦးဆောင်ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီး မြန်မာတက္ကသိုလ်ကျောင်းသားတွေအတွက် သီးသန့်ပေးတဲ့ဆု ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသား တယောက်ကို တနှစ် အမေရိကန် ဒေါ်လာ ၅၀၀၀ ပေးတဲ့ ပညာသင်ဆုကို ကျောင်းစရိတ်တွေ ဖြစ်တဲ့ ကျောင်းလခ၊ စာအုပ်ဖိုး၊ ပစ္စည်းကိရိယာနဲ့ လိုအပ်ချက်တာတွေ အတွက် သုံးနိုင်ပြီးတော့ ဘွဲ့ကြို Bachelor နဲ့ ဘွဲ့ လွန် Master မဟာဘွဲ့တန်းက ကျောင်းသား ကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူအနေနဲ့ Grade Point Average လို့ခေါ်တဲ့ အတန်းအားလုံးရဲ့ ရမှတ် ပျှမ်းမျှ GPA 3 အနည်းဆုံးရှိရမှာ ဖြစ်ပြီး ပညာရည် ထူးချွန်မှု အပေါ် အခြေခံပြီး ပေးတဲ့ ဆုဖြစ်ပါတယ်။ ဒါကြောင့် လေးနှစ် တက်ရတဲ့ ဘွဲ့ကြို Bachelor တန်းတွေ အတွက် ဒုတိယ နှစ်က စတင် လျှောက်ထားနိုင်မှာ ဖြစ်ပြီး ၂ နှစ်တက်ရတဲ့ မဟာတန်းတွေကတော့ ကြိုက်တဲ့ နှစ်မှာ လျှောက်ထားနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီဆု ဖြစ်မြောက်ရေး စတင်ကြိုးပမ်းခဲ့သူတဦး ဖြစ်တဲ့ ကိုလှဘုန်းမြင့်က အခုလို ပြောပါတယ်။

"အဓိကအားဖြင့်တော့ အမေရိကန် လုပ်ငန်းတွေရဲ့ နိုင်ငံရေး ပဋိပက္ခ နှစ်ခု အကြားမှာ ဝင်မပါချင်တဲ့ ဆန္ဒက တပိုင်း၊ နောက်တပိုင်းကတော့ အခုလိုမျိုး နိုင်ငံရေး ပဋိပက္ခနဲ့ စီးပွားရေး ပဋိပက္ခတွေ များနေတဲ့အချိန်မှာ မြန်မာနိုင်ငံ အာဏာပိုင်မျိုးစုံရဲ့ ပါဝင်ပတ်သက်မှုကို တတ်နိုင်သမျှ ရှောင်ချင်တဲ့သဘောပေါ့။ သူတို့ရဲ့ ထွက်တဲ့ငွေရော၊ သုံးတဲ့ငွေရော အစကနေ အဆုံးအထိ အမေရိကန်ကနေ ထွက်စရာမလိုတဲ့ အစီအစဉ်မျိုးကို စီစဉ်ခဲ့တယ်။"

၂၀၂၂ ခုနှစ်က စတင် ဖန်တီးခဲ့တဲ့ ဒီ ပညာသင်ဆု လျှောက်ထားသူ ဟာ အမေရိကန် အစိုးရက ဒဏ်ခတ် အရေးယူပိတ်ဆို့ထားတဲ့ သူတွေ နဲ့ ကိုယ်တိုင်ကရော၊ မိသားစုဝင်တွေပါ ပတ်သက် ဆက်နွယ်မှု မရှိတဲ့အကြောင်း လက်မှတ်ထိုး သက်သေခံထားရမှာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုလှဘုန်းမြင့်က

"တကယ် ငွေကြေးအခက်အခဲ ရှိပြီး ရုန်းကန်နေရတဲ့ ကျောင်းသားတွေကိုပဲ ကူညီချင်တာလေ။ ပြီးတော့ တတ်နိုင်သမျှ နိုင်ငံရေး မပတ်သက်တဲ့၊ မပါဝင်တဲ့ကျောင်းသားတွေပဲ လိုချင်တာ၊ အဲ့ဒီရည်ရွယ်ချက်နဲ့ ဒီဥစ္စာကို လုပ်ထားတာဖြစ်တယ်။ "

ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံက ဒုက္ခသည်ကျောင်းသူကျောင်းသားတွေအတွက် ပါသလားလို့ မေးကြည့်တဲ့အခါမှာတော့

"အဓိကကတော့ မြန်မာနိုင်ငံ ထွက်လာတဲ့ မြန်မာကျောင်းသားတွေ၊ အခက်အခဲ ဖြစ်နေတဲ့ မြန်မာကျောင်းသားတွေ၊ Immigration (လူဝင်မှုကြီးကြပ်ရေး) က ဘယ်လိုသတ်မှတ်၊ သတ်မှတ်၊ မြန်မာနိုင်ငံကထွက်လာပြီဆိုရင် ဒါကျနော်တို့ book (စာအုပ်) ထဲမှာ မြန်မာကျောင်းသားပဲ၊"

ဒီဆုဟာ အမေရိကန် အစိုးရက ပေးတဲ့ full-ride လို့ ခေါ်တဲ့ ကျောင်းလခအပါအဝင် နေစရိတ် စားစရိတ် ပါပေးတဲ့ စရိတ်ငြိမ်း ပညာသင်ဆုတွေ ဖြစ်တဲ့ Fulbright လို၊ Lincoln ပညာသင်ဆုတွေလို မဟာဘွဲ့အတွက်ပဲ ပေးတာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် အထိ ပေးမယ့် ဒီဆု ဟာ မဟာဘွဲ့အတွက် သာမက ဘွဲ့ကြိုကျောင်းသားကျောင်းသူတွေ အတွက်ပါ ကျောင်းလခ တစိတ်တပိုင်း အထောက်အကူ ဖြစ်အောင် ပေးတဲ့ ဆု ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ခုနှစ်အတွက် ရံပုံငွေ အမေရိကန် ဒေါ်လာ ၁.၅ သန်း ရှာနိုင်ခဲ့ပြီး မြန်မာကျောင်းသား ကျောင်းသူ ၅၅ ယောက်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အယောက် ၈၀ လောက်အထိ ထောက်ပံ့ဖို့ မျှော်မှန်းထားပြီး အလှူရှင်တွေ လည်း ရှာနေပါတယ်။ ဧပြီလ ၂၇ ရက်နေ့ ညနေခင်းက ရံပုံရှာပွဲမှာတော့ အမေရိကန် ဒေါ်လာ ၁၀၀၀၀ လောက် ရရှိခဲ့ပါတယ်။ ဒီပညာသင်ဆု ဖြစ်မြောက်ရေး အားပေးထောက်ခံနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ လက်ရှိ National Democratic Institute ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ Derek Mitchell က

"ယူကရိန်း ကိုပဲ အာရုံစိုက်နေကြတာပါ။ လူတိုင်း ယူကရိန်းအကြောင်းသိပါတယ်။ ဒါကလည်း အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ လူအများကြီးကို ပြောခဲ့ပါတယ်။ ဘာကြောင့် မြန်မာကို အာရုံမစိုက်ရမှာလဲ။ မတူတာတော့ ရှိပါတယ်။ ဒါဟာ ယူကရိန်းကိစ္စလိုပဲ ပြည်တွင်းမှာ ဖြစ်နေတဲ့ ကိစ္စ လို့ပြောနိုင်ပါတယ်။ လူတွေက လွတ်လပ်တဲ့ အရသာကို မြည်းခဲ့ရပါပြီ။ အပြင်ဘက်ကနေလူတွေ တိုက်ခိုက်ခံနေရတာပါ။ သူတို့အရှုံးမပေးပါဘူး။ ဒီလိုအခွင့်အရေးတွေကို ကာကွယ်ဖို့ အကုန်လုံးရင်းနှီးထားတာပါ။"

မြန်မာကျောင်းသားကျောင်းသူတွေ အတွက် ပညာသင်ဆု ပေးနေတဲ့ USABCI အဖွဲ့ကို ဘယ်သူမဆို ပါဝင်လှူဒါန်းနိုင်ပြီး အမေရိကန် ပြည်ထောင်စုမှာ အခွန်ဥပဒေ 501(c)(3) အရ အကျိုးအမြတ် မရှာတဲ့ ပရဟိတအဖွဲ့ အဖြစ် မှတ်ပုံတင်ထားတဲ့ အတွက်လည်း လှူဒါန်းမှုတွေ အပေါ် အခွန်ကင်းလွတ်ခွင့် ရနိုင်တာပါ။ ၂၀၂၂-၂၃ နှစ်အတွက် ပညာသင်ဆုရခဲ့တဲ့ မန်ဆားချုးဆက်ပြည်နယ် ဘော်စတွန်မြို့နားက The Fletcher School at Tufts University မှာ မဟာဘွဲ့အတွက် ပညာဆည်းပူးနေတဲ့ ကိုသော်ထက် က သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

"USABCI ပညာသင်ဆု သာမရရင် ကျနော် ပညာရေးကို Fletcher ကျောင်းမှာ ဆက်သင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကျနော့်အတွက် နောက်ဆုံးပါပဲ။"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားအရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ နယူးဂျာစီ ပြည်နယ်က ဒီမိုကရက်အမတ်ဟောင်း Tom Malinowski လည်းတက်ရောက် မိန့်ခွန်း ပြောကြားပေးခဲ့ပါတယ်။ ဒီ ပညာသင်ဆု ကို Fulbright နဲ့၊ Lincoln လိုပညာသင်ဆုတွေကို စီမံပေးတဲ့ အဖွဲ့ အစည်း တခုဖြစ်တဲ့ Institute of International education (IIE) အဖွဲ့က တဆင့် ပေးအပ်တာဖြစ်ပြီးတော့ IIE အင်တာနက်စာမျက်နှာမှာ လျှောက်ထားရမှာပါ။

ပညာသင်ဆုလျှောက်နိုင်တဲ့ Institute of International education (IIE) အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ
ပညာသင်ဆုလျှောက်နိုင်တဲ့ Institute of International education (IIE) အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ

အွန်လိုင်း လျှောက်လွှာအပြင် အမေရိကန်နိုင်ငံမှာ ပညာသင်ဖြစ်တဲ့ ကိုယ့်အကြောင်း၊ နောက်ခံငွေရေးကြေးရေး အခြေအနေ နဲ့ ကိုယ့်ရည်မှန်းချက်တွေ အကြောင်း၊ မြန်မာပြည်ကို အနာဂတ်မှာ ဘယ်လို အကူအညီတွေ ပေးနိုင်တဲ့အကြောင်း အက်ဆေး ၂ ပုဒ်ရေး သားရမှာပါ။ စာမျက်နှာ တခုပဲ ရှိရမယ့် Resume လို့ ခေါ်တဲ့ ကိုယ်ရေး အကျဉ်း၊ ကျောင်းက လက်ရှိ အမှတ်စာရင်း နဲ့ ကိုယ့် ပညာအရည်အချင်း၊ ခေါင်းဆောင်မှု အရည်အချင်းတွေ အကြောင်း ကောင်းကောင်းသိတဲ့ သူတယောက်က ရေးပေးရမယ့် recommendation လို့ ခေါ်တဲ့ ထောက်ခံစာ တစောင်လည်း လိုအပ်တဲ့အကြောင်း IIE အင်တာနက်စာမျက်နှာ ဖော်ပြထားပြီး ဆုရတဲ့သူတွေကို ဇူလိုင်လ အစောပိုင်းမှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာကျောင်းသားတွေအတွက် USABCI ပညာသင်ဆု
please wait

No media source currently available

0:00 0:05:16 0:00
XS
SM
MD
LG