သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအမျိုးသမီးများရဲစွမ်းသတ္တိဆုရှင် မဇင်မာအောင်နဲ့ မေးမြန်းချက်


Zin Mar Aung, Mrs. Obama and Mrs. Clinton
Zin Mar Aung, Mrs. Obama and Mrs. Clinton

မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဆဌမအကြိမ် နိုင်ငံတကာအမျိုးသမီးများ ရဲစွမ်းသတ္တိရှင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာမှာ ဒီနှစ်ဆုရှင် ၁၀ ဦးအနက် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်လည်း ပါဝင်ခဲ့ပါတယ်။ ၁၉၉၆ - ၁၉၉၈ ခုက နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံခဲ့ရတဲ့ မဇင်မာအောင် ဟာ ၂၀၀၉ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူပါ။ ဆုရှင် မဇင်မာအောင်နဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ တင်ဆက်ထားပါတယ်။

မေး။ ။ အခု မဇင်မာအောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ဒီနှစ်အတွက် ရဲစွမ်းသတ္တိရှင်ဆု ပေးအပ်တာကို ဘာကြောင့် ပေးအပ်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ သူတို့ရဲ့ ပထမဦးစားပေးအထဲမှာက ကျမက နိုင်ငံရေးအကျဉ်းသူအဖြစ်နဲ့ ၁၁ နှစ်ကြာ အကျဉ်းချခံခဲ့ရတယ်။ နောက်ပြီးတော့ ပြန်လွတ်လာတဲ့အခါကျတော့လည်း ကျမက နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်နေတုန်းပဲ။ နောက်ပြီးတော့ ဒီမိုကရေစီ မြှင့်တင်ရေးတွေကို လည်း ဆက်လုပ်နေတုန်းပဲ။ နောက်ပြီးတော့ နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်လာတဲ့ အခန်းကဏ္ဍ မြှင့်တင်မှုပေါ့ ဒါတွေကို လုပ်နေတယ်။ ပြီးတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အဲ့ဒီမှာလည်း တိုင်းရင်းသားတွေရဲ့အရေး၊ ငြိမ်းချမ်းရေးကို ဆောင်ရွက် တဲ့အခါမှာ တခြားသော မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး တော့ ဒီငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ အမျိုးသမီးတယောက်အနေနဲ့ ဆောင်ရွက်နေတဲ့အတွက်လို့ သူတို့က ပြောပါတယ်။

မေး။ ။ မဇင်မာအောင် ဟာ ၁၁ နှစ်ကြာ ထောင်ထဲမှာ နေခဲ့ရတယ်လို့ သိရပါတယ်။ ဘာကြောင့် ထောင်ကျခဲ့တာပါလဲ။

ဖြေ။ ။ ထောင်ကျတာကတော့ ရိုးရိုးလေးပါပဲ။ ၁၉၉၆ - ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့တယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်က ကျမတို့ ကျောင်းသားသမဂ္ဂ ဖွဲ့ဖို့လို တောင်းဆိုဖို့ရာ စာတွေ ဖြန့်ကျတာရှိတယ်။ နောက်ပြီး ၉၈ ခုနှစ်မှာ NLD ကနေ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ကို တောင်းဆိုတယ်။ အဲ့ဒါကို ကျမတို့က ထောက်ခံတဲ့စာတွေ ဖြန့်ခဲ့တယ်။ ကဗျာတွေ ဖြန့်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျတာပါ။

မေး။ ။ ထောင်ထဲမှာ ၁၁ နှစ်ကြာ နေခဲ့ရတယ်ဆိုတော့လေ အဲ့လို နေခဲ့ရတုန်းက အမျိုးသမီးတယောက်အနေနဲ့ အဲ့ဒီလို အကျဉ်းကျ တယ်ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ အဲ့ဒီအကျဉ်းကျခံရတုန်းက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးကို နည်းနည်းလောက် ပြောပြပေးပါလား။

ဖြေ။ ။ အဲ့ဒါကတော့ မြန်မာနိုင်ငံက တခြားသော နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေလိုပါပဲ။ ကျမလည်း သူတို့အထဲက တယောက်ပဲလေ။ ဆိုတော့ နည်းနည်း ရက်ကလေး နှစ်ကလေး ကြာသွားတာပဲရှိတာကိုး။ ဖြတ်သန်းပုံတွေက မတူပါဘူး။ ဆိုလိုတာက အဲ့ကိစ္စအတွက်တော့ အိမ်က ကျမမိသားစုကို ကျေးဇူးတင်ရလိမ့်မယ်။ ပုံမှန်လာတွေ့နိုင်တယ်။ အဲ့ဒီအတွက် ကြောင့်မို့လို့ အိမ်က ပုံမှန် လာမတွေ့နိုင်တဲ့သူတွေထက်စာလို့ရှိရင် ကျမ က ၁၁ နှစ် နေခဲ့ရတာ အကြာကြီးပဲ မှန်တယ် ဘာမှ မလုပ်ဘဲ နေရတာလောက် ခက်တာ မရှိဘူး။ ဒီအခန်းအကျဉ်းကျဉ်းလေးထဲမှာ နေတာ။ ဒါပေမဲ့ ဘယ်လိုမျိုး ကျမ ပြန်ပြီးတော့ ကျော်ဖြတ်ခဲ့သလဲဆိုတော့ ရှင်းတယ်။ ဒါက ကျမ တယောက်တည်းမဟုတ်ဘူး။ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိတယ်။ နောက်ပြီး ကျမတို့က မဟုတ်တာလုပ်ပြီးတော့ ထောင်ကျတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လိုအပ်လို့ လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့ပြီးတော့ ထောင်ကျတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမ အဲ့ဒီအချိန် တွေကို “ငါ တယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်ရယ်၊ ငါ မှန်တာလုပ်တယ်ဆိုတဲ့စိတ်ရယ်၊ မိသားစုက ထောက်ပံ့ပေးတဲ့ အခြေအနေရယ်” - အဲ့ဒီ သုံးခုနဲ့ ကျမ ဖြတ်သန်းခဲ့တာပါ။

မေး။ ။ ဒီလိုမျိုး ၁၁ နှစ်လောက် အကျဉ်းချထားပြီးတော့ ပြန်ထွက်လာတော့လည်း နိုင်ငံရေးနဲ့ပတ်က်ပြီးတော့ ဆက်လုပ်နေတယ် ဆိုတော့လေ ဘာတွေ လုပ်ဖြစ်သလဲ ဘာကြောင့် ဒီလို လုပ်ဖြစ်သလဲဆိုတာလေးလည်း နည်းနည်းလောက် ပြောပြပါဦး။

ဖြေ။ ။ ဘာလို့ လုပ်ဖြစ်လဲဆိုတော့ အဲ့ဒီ ၁၁ နှစ်ကပဲ ဒီလို လုပ်ဖြစ်အောင် လုပ်လိုက်တာပါပဲ။ ၁၁ နှစ်ကြာ နေခဲ့ရပြီးတော့ ဒါဟာ ဘယ်လောက် တရားမျှတမှု မရှိသလဲပေါ့။ နောက်ပြီး ကိုယ်တယောက်တည်း မဟုတ်တဲ့အတွက်ကြောင့်မို့ ဘယ်လောက် ဒီလို လူကောင်းတွေကို အခုလို ထောင်ထဲမှာ ထည့်ထားတာဟာ တိုင်းပြည်အတွက် ဘယ်လောက် နစ်နာသလဲ။ ဒီလို စနစ်မျိုးကြီး ရှိနေသ၍ ကျမတို့ တိုင်းပြည် တိုးတက်မှာမဟုတ်ဘူး။ အဲ့ဒီလို စနစ်မျိုး မရှိအောင် ဒီမိုကရေစီရမှ ဖြစ်မယ်။ ဒီမိုကရက်တစ် အစိုးရတရပ် ရဖို့တော့ လိုအပ်နေတယ်။ အစိုးရနဲ့တင်လည်း မပြီးဘူး။ လူ့အသိုင်းအဝိုင်း တခုလုံးကလည်း တကယ့် ဒီမိုကရက်တစ် ဆန်တဲ့ အသိုင်းအဝိုင်းမျိုး ဖြစ်ရမယ်ဆိုတော့ ကျမ ဆက်လုပ်ရမှာတွေက အများကြီးပဲ ရှိသေးတယ်။ ဒါကြောင့်မို့လို့ ကျမ ပြန်လွတ်လာတော့လည်း ဆက်လုပ်နေတာ။ အဲ့ဒီမှာမှ ကျမတို့က ဒီမိုကရက်တစ် တန်ဖိုးတွေကို ပြည်သူ လူထုထဲမှာ နစ်နစ်နဲနဲ နားလည်မှ ဒီမိုကရေစီ အစိုးရဆိုတာ ဘာလဲဆိုတာကို သိမယ်။ ဒါမှလည်း ဒီမိုကရေစီ အစစ်အမှန်ကို သိမယ်။ ဒီမိုကရေစီအစိုးရတိုင်းက ပြည်သူလူထုကို လုပ်ချင်သလို လုပ်လို့ မရတာမျိုးကို ဖြစ်မှာကိုး။ ဆိုတော့ အဲ့ဒါကြောင့်မို့ လို့ ပြန်လွတ်လာတော့လည်း ဒီမိုကရက်တစ် ထုံးစံ တန်ဖိုးတွေကို ပြည်သူလူထုထဲမှာ ကျမ လက်လှမ်းမှီသလောက် အတိုင်းအတာတော့ရှိပါတယ်။ ကျမတို့ အသင်းအဖွဲ့ လူတဦးချင်းတယောက်ချင်း အစုအဖွဲ့ခြင်းအနေနဲ့ တိုင်းပြည်တပြည်လုံး အနေနဲ့ဆိုရင် အင်မတန်မှ ကျဉ်းမြောင်းပါတယ်။ သေးငယ်ပါတယ်။ ဒါပေမဲ့ ကျမတို့ လက်လှမ်းမှီသလောက်ကို ကျမတို့ အဲ့ဒီလို လူ့အသိုင်းအဝိုင်းထဲမှာ ဒီမိုကရက်တစ်တန်ဖိုးတွေ ပျံ့နှံ့ဖို့ လုပ်ပါတယ်။

မေး။ ။ မဇင်မာအောင်အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ကိုလည်း လုပ်နေတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ဒေသက အမျိုးသမီးထုရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေ၊ အသိရှိလာဖို့တွေ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက် ပြီး နည်းနည်းလေး ပြောပြပေးပါဦး။

ဖြေ။ ။ အဓိကက ကချင်ပြည်နယ်မှာက လတ်တလောက ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ဒီ IDP ဒုက္ခသည်စခန်းတွေ ကလည်း ပြည်တွင်းမှာရော နယ်စပ်တွေမှာရော အများစုဖြစ်နေတော့ ကျမတို့ လက်လှမ်းမှီသလောက် ကချင်ပြည်နယ်မှာရှိ တဲ့ IDP စခန်းတွေကို သွားတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည်စခန်းတွေဆီကို သွားတယ်။ သွားရခြင်း အကြောင်းအရင်းက အဓိကက ကျမတို့ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်တာမှန်တယ်။ ဒါပေမဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပဲ။ ဟိုဘက်က ပစ်တာခတ်တာ ငြိမ်းချမ်းရေးမရဘဲနဲ့ ဒုက္ခသည်တွေကို သွားသွားကူနေရင် ဘယ်လောက်ကူနိုင်မှာလဲ။ ဒုက္ခသည်တွေက တိုးလာမယ်။ တိုက်ပွဲတွေက မရပ်ဘူး။ ထပ်တိုးလာမယ်။ ဆိုတော့ လှူနေတာ အဲ့လိုပုံစံမျိုးထက်ကို ကျမတို့က ဟုတ်ပြီ လှူနိုင်သလောက်လည်း လှူမယ်၊ ကူနိုင်သလောက်လည်း ကူမယ်။ ဒါက ဘာကို ပြသလဲဆိုတော့ တိုင်းရင်းသားအချင်းချင်း ကချင်လူမျိုးတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျမတို့ တခြားတခြားသော ဗမာ အပါအဝင် တခြားသောတိုင်းရင်းသားတွေကလည်း မေ့မနေဘူးဆိုတဲ့ သတင်းစကားကို သူတို့ကို ပေးချင်တယ်။ အဲ့ဒါက အဓိက။ ရေရှည်မှာ သိပ်ကို အရေးကြီးတယ်။ ကျမတို့ တိုင်းပြည်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စကားလုံးနဲ့ လုပ်လို့ မရဘူး။ ကျမတို့ ခေါင်းဆောင်ချင်းနဲ့တင် လုပ်လို့မရဘူး။ တကယ့် နိုင်ငံသားတွေ အချင်းချင်းကြားထဲမှာ ကောင်းမှရမယ်။ ဒါကြောင့်မို့လို့ ကျမတို့ သွားတယ်။ ကျမတို့ဟာ သူတို့နဲ့အတူတူ ရှိနေပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကလည်း ကျမတို့ ဒုက္ခတွေပါ ပဲလို့ ဒီသတင်းစကားကို ပေးပြီးတော့ အားပေးချင်လို့သွားတာပါ။

မေး။ ။ နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အဲ့ဒါက ရှင်းပါတယ်။ နိုင်ငံရဲ့ လူဦးရေရော၊ ကမ္ဘာ့ဦးရေမှာပါ တဝက်ကျော်ကျော်လောက်ကို ရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက သူတို့ ပါဝင်လာရင် ပါဝင်လာသလောက် ပါဝင်လာတဲ့ အခန်းကဏ္ဍတိုင်းဟာ တိုးတက်လာမှာပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ လူဦးရေအနေအထားနဲ့ ကြည့်လို့ရှိရင်။ ပြီးတော့ အရည်အသွေးကလည်း အရေးကြီးတယ်။ ဒီလောက် ကမ္ဘာ့လူ့ဦးရေရဲ့ တဝက်ကျော်ကျော်ကို ကိုယ်စားပြုထားတဲ့ အမျိုးသမီးတွေရဲ့ အရည်အသွေး နိမ့်ကျနေရင် ကမ္ဘာကြီးတခု လုံးရော သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အနေအထား၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အစစ အရာရာပေ့ါနော် နိမ့်ကျနေမှာပဲ။

မေး။ ။ ဒီဆုရပြီးလို့ရှိရင် မြန်မာပြည်ပြန်ရောက်တဲ့အခါ ဘာတွေ ဆက်လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ အခု အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ဥစ္စာကလည်း ကျမ အခု ဒီကို ရောက်နေတဲ့အချိန်မှာ တခြားသတင်းတွေတော့ သိပ်မကြားဘူး။ ဘာပဲပြောပြော အဲ့ဒီစစ်ပြီးထားတဲ့ အရှိန်တွေကြောင့်မို့လို့တော့ ပြန်လည်တည်ဆောက်ဖို့ရာ ကျန်နေတုန်းပဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကုစားဖို့တွေ၊ အားပေးဖို့တွေကလည်း လိုအပ်နေတုန်းပဲ။ ဆိုတော့ ကျမ ဒီကနေ ပြန်လို့ရှိရင် ကချင်ပြည်နယ်ကို သွားပါဦးမယ်။ တခြားတခြားသော ကျမတို့နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့ငယ်လေးတွေနဲ့ စုစည်းပြီးတော့ သွားမယ်။ ခုနလို သတင်းစကားမျိုးကို အဓိကထားပြီးတော့ ပေးချင်တယ်။ ထို့အတူပဲ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ အခန်းကဏ္ဍကို မြှင့်တင်သွားဖို့အတွက်ကိုလည်း ကျမ ဆက်လုပ်သွားမယ်။ အခု ကျမရှိနေပြီးသား ပညာရေးနဲ့ပတ်သက်တဲ့ ဖောင်ဒေးရှင်းလို ဟာမျိုးတွေ ကျမ ဆက်လုပ်သွားမယ်။ အဲ့ဒါ ကျမရဲ့ ရည်ရွယ်ချက်ပေါ့။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ ရဲ့ နိုင်ငံရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍက အရေအတွက်အားဖြင့်က မနည်းဘူး။ ထောင်ထဲရောက်မှ သိတာ။ ထောင်တွင်း နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေဟာ ကျမတို့ နည်းနည်းနောနော မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ တကယ့်တကယ် ဆုံးဖြတ်ချက်ချတဲ့အပိုင်းနဲ့ ပတ်သက်လို့ရှိရင် ဦးဆောင်နိုင်မှု အပိုင်းနဲ့ပတ်သက်လို့ရှိရင် အခုထိ မေးခွန်းထုတ်စရာအပိုင်းတွေ ရှိနေတယ်။

မေး။ ။ အခုလို နိုင်ငံတကာ ရဲစွမ်းရှင်ဆု ရခဲ့တာနဲ့ပတ်သက်ပြီးတော့ မဇင်မာအောင် ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ဒါက အမှန်တကယ်တော့ ပြောရလို့ရှိရင် တိုက်ဆိုင်မှုတခုပါ။ ကျမကို မြန်မာပြည်မှာ တွေ့သွားပြီးတော့ ဒီလိုဖြစ်လာတယ် ဆိုတဲ့ဟာက ဒါပေမဲ့ မြန်မာပြည်မှာ ကျမတယောက်တည်း မဟုတ်ပါဘူး။ ကျမလို အလုပ်မျိုး လုပ်နေတဲ့ အမျိုးသမီးတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒီအထဲကမှ ကျမက ကံကောင်းထောက်မစွာနဲ့ ရောက်လာ တယ်။ ဒီဆုကို ရတယ်ဆိုတော့ ကျမက ပိုတာဝန်ရှိသွားတာပေါ့။

XS
SM
MD
LG