သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနှင့် ဗွီအိုအေ ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံ


ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက မစ္စတာ Sasakawa ကို ဆက်သွယ်မေးမြန်းနေစဉ်။
ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက မစ္စတာ Sasakawa ကို ဆက်သွယ်မေးမြန်းနေစဉ်။

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ခင်ဗျ။ အခုက ကျနော် ပထမဦးဆုံးအနေနဲ့ပြောချင်တာက မစ္စတာ ဆာဆာကာဝါ (Sasakawa) နဲ့ နိပွန်ဖောင်ဒေးရှင်း (Nippon Foundation) ရဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ပေါ့နော်၊ ကျနော့်အနေဲ့ တော်တော်လေးလည်း လေ့လာထားတဲ့ အခါကျတော့ပေါ့နော် ပြီးခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာကတည်းက တခြားတိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာရော ဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာပါ လုပ်ဆောင်ပေးနေခဲ့တာကို ကျနော်သိရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ အထူးသဖြင့် ရွေးကောက်ပွဲကာလ မတိုင်ခင်နဲ့ရွေးကောက်ပွဲကာလ အတွင်းမှာတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆိုပြီးတော့ မစ္စတာ Sasakawa အထူးသဖြင့် ကြိုးပမ်းလာတာကို တွေ့ရတယ်ခင်ဗျ။ အဲဒီတော့ ခရီးတွေလည်း ရခိုင်ပြည်ထဲကို သွားတယ်၊ ခေါင်းဆောင်တွေနဲ့လည်းတွေ့ခဲ့ကြတယ်ဆိုတော့ ဒီအချိန်မှာ လက်ရှိ နောက်ဆုံးအခြေအနေပေါ့နော် မစ္စတာ ဆာဆာကာဝါ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးရဖို့အလားအလာအပေါ် ဘယ်လောက်များ အကောင်းမြင်သလဲခင်ဗျ။ ဘယ်လောက်များ မျှော်လင့်ထားသလဲခင်ဗျ။

မစ္စတာ Sasakawa - "ဟုတ်ကဲ့ ဆရာတို့သိတဲ့အတိုင်းပါပဲ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာဆိုလို့ရှိရင် အင်မတန်ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိပါတယ်။ ဥပမာပြောမယ်ဆိုလို့ရှိရင် ဒီ ရိုဟင်ဂျာအကြောင်းအရေးတွေ၊ ရခိုင့်တပ်မတော် AA အရေးတွေ အပါအဝင် ရခိုင်ဒေသဟာ အင်မတန်ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီ ရှုပ်ထွေးတဲ့ အခြေအနေကြားထဲမှာ တပ်မတော်နဲ့ ရခိုင်တပ်မတော် AA ဟာဆိုလို့ရှိရင် ဆွေးနွေးပွဲတွေကို ကောင်းကောင်းမွန်မွန် ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူတို့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် အပစ်အခတ် ရပ်မှုတွေလည်းပဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်ဟာဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲတဲ့ ကတိကဝတ်တွေကိုလည်းပဲ ကောင်းကောင်းလိုက်နာပြီးတော့မှ လက်တွေ့ ဆောင်ရွက်လျက်ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်းပဲ ကျနော်ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေကို သွားခဲ့တယ်။ စစ်တွေကနေတဆင့် ဘူးသီးတောင်နဲ့ကျောက်တော်ကို ကျနော်သွားတဲ့အချိန်မှာ ဆိုလို့ရှိရင်လည်းပဲ အဲဒီဒေသမှာရှိတဲ့ လူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမရွေး ဆိုင်ဝန်ထမ်းတွေ၊ လယ်သမားတွေ၊ လမ်းသွားလမ်းလာ လူတွေအကုန်လုံး ကျနော်မေးမြန်းတဲ့အခါမှာဆိုလို့ရှိရင် သူတို့ ရခိုင်ဒေသခံလူတွေအနေနဲ့ ရခိုင်ဒေသကို ကိုယ်စားပြုတဲ့ သူတို့ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေပြည်တော်ကို အရောက်ပို့ချင်ပါတယ်ဆိုတဲ့ အင်မတန်ပြင်းပြတဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာကို ကြားသိခဲ့ရပါတယ်။

အဲဒီအတွက်ကြောင့် ကျနော်ဆိုလိုချင်တာဟာ ဆိုလို့ရှိရင်တော့ ရခိုင် ဒီအရေးကို ဖြေရှင်းဖို့ဆိုလို့ရှိရင်တော့၊ ရခိုင်ဒေသ ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုလို့ရှိရင်တော့ AA နဲ့ တပ်မတော်ဟာ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ကို အခုလို အပစ်အခတ် ရပ်စဲပေးထားကြတာ ဖြစ်ပါတယ်။ ဆိုရင် ဒီဟာနဲ့ပတ်သက်ပြီးတော့မှ အရမ်းကိုကောင်းတဲ့ အခွင့်အရေးကြီးတခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရခိုင်ဒေသမှာ ရွေးကောက်ပွဲကြီးတခု ပြုလုပ်ပေးခြင်းအားဖြင့် ရခိုင်ဒေသမှာ ငြိမ်းချမ်းရေးရရှိဖို့ အခွင့်အလမ်းတွေဟာ ဆိုလို့ရှိရင်လည်းပဲ ပွင့်လာမယ်။ အနာဂတ် ရခိုင်ဒေသရဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေးရရှိဖို့အတွက်ကို အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်တယ်လို့လည်း ကျနော်မြင်တယ်။ ရွေးကောက်ပွဲပြုလုပ်ခြင်းအားဖြင့် ရခိုင်ဒေသမှာ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာမယ်လို့ ကျနော်ထင်ပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ ခေါင်းဆောင်တွေ၊ ရခိုင်ဒေသမှာရှိတဲ့ ဒေသခံတွေဟာ ဆိုလို့ရှိရင် သူတို့ဟာ အရမ်းကို အထီးကျန်ဆန်တယ်၊ ဖယ်ချန်ထားခြင်း ခံရလားမသိဘူးဆိုပြီး စိတ်ပူပန်နေတာတွေကိုလည်း ကျနော် တွေ့မြင် ကြားသိခဲ့ရပါတယ်။ အနာဂတ် ရခိုင်ဒေသနဲ့ ပတ်သက်ပြီးတော့မှ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ပြုလုပ်ခြင်းအားဖြင့် ရခိုင်ဒေသရဲ့ အနာဂတ်ကိုလည်းပဲ အနာဂတ်အိပ်မက်တွေ ကောင်းမွန်အောင် ကျနော်တို့ ပြုလုပ်သွားပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲ မလုပ်ခဲ့ဘူးဆိုလို့ရှိရင်တော့ တပ်မတော်နဲ့ AA ယုံကြည်မှုတွေ ပြန်ပြီးတော့မှ ပျက်ပြားသွားမလား သို့မဟုတ် ရခိုင်ဒေသ ငြိမ်းချမ်းရေးရမလား ဆိုပြီးတော့ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်ဆိုပြီးတော့ ကျနော်မြင်ပါတယ်။"

ဦးသန်းလွင်ထွန်း - အခု မစ္စတာ ဆာဆာကာဝါ ပြောသလိုပေါ့နော် ဒီ ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဆိုလို့ရှိရင် ရခိုင်ဒေသကို ကိုယ်တိုင်သွားရောက်တယ်၊ တပ်မတော်နဲ့ ရခိုင်တပ်တော်ကြားမှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ရအောင်လည်း ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်။ နောက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပါ တွေ့ပြီးတော့ ရွေးကောက်ပွဲကို အမြန်ဆုံး ပြန်ကျင်းပပေးပါလို့ မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အခုဆိုလို့ရှိရင် ဒီ ဇန်နဝါရီလ နှောင်းပိုင်းမှာပေါ့နော် ပြည်သူ့လွှတ်တော်အသစ် ပြန်ခေါ်မယ့် အနေအထားတွေ ရှိလာပြီ။ အလားတူပဲ အခု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အပြောအရ ဆိုလို့ရှိရင် ရခိုင်ဒေသထဲမှာ ရွေးကောက်ပွဲတခုပြန်လုပ်ဖို့ ဆိုတာက ဒီလောက်ကြီး မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုတဲ့ သဘောတွေ ပြောနေတယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးရော မစ္စတာ ဆာဆာကာဝါအနေနဲ့ ဘယ်လိုနားလည်သဘောပေါက်ပါသလဲခင်ဗျာ။ အစိုးရအနေနဲ့ ဒီလို ရွေးကောက်ပွဲတွေကို မလုပ်ချင်၊ မြန်မြန်ဆန်ဆန် မလုပ်ချင်ဘူးဆိုတဲ့ သဘောကို ဘာကြောင့်လို့ နားလည်သဘောပေါက်ထားပါသလဲ။

မစ္စတာ ဆာဆာကာဝါ - "လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ အစိုးရဖြစ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားဟာ ဘာလဲဆိုလို့ရှိရင် ပြည်သူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိမယ်။ ပြည်သူတွေက ပေးအပ်တဲ့ မဲတပြားနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်ဖြစ်လာမယ့်၊ ပြည်သူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်အမတ်ကို သူတို့ လွှတ်တော်ကိုပို့မယ်။ ပြီးတော့ ကိုယ်ယုံကြည်တဲ့ လူတွေကနေပြီးတော့ နိုင်ငံတော်ရဲ့ ပေါ်လစီကို ရေးဆွဲချမှတ်ပေးခြင်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေး ပြန်လည်ပြီးတော့မှ ကောင်းမွန်လာမယ် ဆိုတာဟာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရား ဖြစ်ပါတယ်။ အကယ်၍များသာ ကျနော်တို့ ရွေးကောက်ပွဲမလုပ်ဘူး ဆိုလို့ရှိရင်တော့ ဒီမိုကရေစီကို ဆန့်ကျင်ရာ ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အနေနဲ့ အဲလိုလုပ်မယ်လို့ ကျနော်မထင်ပါဘူး။ ရွေးကောက်ပွဲကို သေချာပေါက် သူတို့ မဖြစ်မနေ လုပ်ပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အကယ်၍ မလုပ်ခဲ့ဘူး ဆိုလို့ရှိရင်တော့ သူတို့ ဒီမိုကရေစီကို ပစ်ပယ်လိုက်ရာရောက်မယ်လို့ ကျနော်ထင်ပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ အဲဒီတော့ ပြီးခဲ့တဲ့အခေါက်တွေအတွင်းမှာ တွေ့ဆုံပြီး ပြောခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တချို့ကိစ္စလေးတွေမှာ မပြေမလည် ရှိခဲ့တာတွေ၊ သဘောမတူခဲ့တာလေးတွေ ရှိခဲ့လားခင်ဗျ။ တပ်မတော်နဲ့မစ္စတာ ဆာဆာကာဝါတို့ ဆက်ဆံရေးသဘောက တော်တော်လေး ပြေပြေလည်လည်ရှိပြီး တပ်မတော်ဘက်က အပြည့်အ၀ ကူညီတယ်ဆိုပြီး ကျနော်တို့ ြ့မင်ရပါတယ်။

မစ္စတာ ဆာဆာကာဝါ - "ဟုတ်ကဲ့ ကျနော်ဟာဆိုလို့ရှိရင် ဒီ ငြိမ်းချမ်းရေးရရှိဖို့အတွက်ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြီးတော့ အစိုးရနဲ့ ကြားထဲမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ဂျပန်နိုင်ငံအစိုးရရဲ့ အထူးကိုယ်စားလှယ်တယောက် အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုချိန်ထိ ကျနော်ဟာဆိုလို့ရှိရင် ထိုင်းနဲ့ မြန်မာနိုင်ငံကို သွားသွားလာလာလုပ်တာ အကြိမ်ပေါင်း ၁၃၀ ရှိခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် ချင်းမိုင်၊ မဲဆောက်ပေါ့နော် အဲဒီနေရာတွေကို ကိုယ်တိုင်သွားပြီးတော့မှ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျနော် သွားပီးတွေ့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးတာဝန်ခံဖြစ်တဲ့ အစိုးရတာဝန်ခံဖြစ်တဲ့ လူကြီးတွေကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရအောင် ကျနော်ကိုယ်တိုင်ပဲ မိတ်ဆက်ပေးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် ဒီ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံကို ပတ်စ်ပို့မရှိလို့ သွားလို့မရခဲ့တဲ့ ခေါင်းဆောင်တွေကိုလည်း မြန်မာနိုင်ငံကို သွားလို့ရအောင် ကျနော် ခေါ်သွားခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ဆိုလို့ရှိရင် အင်မတန်ပေါ့ Hardliner ပေါ့ သူတို့ကို ကျနော် ခေါ်သွားခဲ့ပါတယ်။ ခေါ်သွားတယ်ဆိုတဲ့နေရာမှာ သူတို့ကို ကျနော် အသက်အာမခံပါတယ်ဆိုပြီးတော့ ခေါ်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကျနော် ခေါ်သွားပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိအောင် ကျနော် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျနော်ပြောချင်တာ ကျနော်ဟာဆိုရင် တပ်နဲ့ပဲ အဆင်ပြေတယ်လို့ မဟုတ်လို့ရှိရင် အစိုးရနဲ့ အဆင်မပြေဘူးဆိုတာ လုံးဝမရှိပါဘူး။ ကျနော်ဟာဆိုလို့ရှိရင် ခုနကပြောတဲ့အတိုင်းပဲ ဂျပန်နိုင်ငံရဲ့ အစိုးရကိုယ်စားလှယ်တယောက်အနေနဲ့ တလုံးတဝတည်းသော မြန်မာနိုင်ငံ ဖြစ်ပေါ်ရေး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ဖြစ်တဲ့ တစုတစည်းတည်း၊ တလုံးတဝတည်းသော မြန်မာနိုင်ငံတော် တည်ဆောက်ရေး အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ရန်အတွက်ကို ကျနော်ကြိုးစားဆောင်ရွက်နေရခြင်းပဲ ဖြစ်ပါတယ်။"

ဦးသန်းလွင်ထွန်း - ကျနော် သဘောပေါက်ပါတယ်။ ဒါ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်ရော၊ အစိုးရနဲ့ရော နှစ်ဖက်စလုံးနဲ့ မျှတအောင်၊ ရင်းနှီးမှုတွေ ရရှိအောင် ဆောင်ကြဉ်းပေးနေတဲ့ မစ္စတာ ဆာဆာကာဝါရဲ့ ကြိုးပမ်းမှုကို ကျနော် နားလည်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်မေးချင်တာက အထူးသဖြင့်ပေါ့နော် AA ရခိုင်တပ်တော်ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားတယ်ဆိုတဲ့ အခါကျတော့ AA အဖွဲ့အစည်းရဲ့၊ AA တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းပေါ့ ဗိုလ်ချုပ်ထွန်းမြင့်နိုင်လို ပုဂ္ဂိုလ်မျိုးတွေနဲ့ မစ္စတာ ဆာဆာကာဝါအနေနဲ့ တွေ့ဆုံခဲ့တာတွေ ရှိသလားခင်ဗျ။ တွေ့ဆုံဖို့ အကြောင်းအရာတွေမှာရော ခက်ခဲခဲ့တာတွေ ရှိလားခင်ဗျ။ တဆက်တည်းပဲ ကျနော်မေးချင်တာက ဒီ AA တပ်မတော်ရဲ့ ရည်မှန်းချက်ပေါ့နော်၊ အနာဂတ် ရခိုင်ပြည်အပေါ် ရည်မှန်းချက်နဲ့ ပတ်သက်လို့ မစ္စတာ ဆာဆာကာဝါအနေနဲ့ ဘယ်လိုများ သဘောပေါက် နားလည်ထားလဲ ဆိုတာကိုလည်း တချက်လောက် ရှင်းပြပါခင်ဗျ။

မစ္စတာ ဆာဆာကာဝါ - "ပြီးခဲ့တဲ့ COVID-19 အခြေအနေ မဆိုးဝါးခင် ပြီးခဲ့တဲ့နှစ် ၂၀၂၀၊ ၂ လပိုင်းတုန်းကဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဒီနှစ်ဦးနှစ်ယောက်ရဲ့ သဘောတူညီချက်ကို ရယူပြီးတော့မှ မြစ်ကြီးနားကနေတဆင့် လိုင်ဇာကို ကျနော်သွားခဲ့ပါတယ်။ ဒီလိုသွားခြင်းဟာဆိုလို့ရှိရင် ၇၅ နှစ်တာ ကာလအတွင်းမှာဆိုလို့ရှိရင် နိုင်ငံခြားသားတယောက်အနေနဲ့ ပြည်တွင်းကနေ လိုင်ဇာကို ဒီလို ပထမဦးဆုံးသွားတာလို့ ကျနော် ကြားသိခဲ့ရပါတယ်။ ကျနော် လိုင်ဇာကိုသွားတဲ့အချိန်မှာ AA ရဲ့ လေ့ကျင့်ရေးစခန်းတွေ ရှိတယ်။ အဲဒါမို့အရမ်းကို ဂရုတစိုက်သွားလာဖို့ ပြောတာကို ကျနော်ကြားသိခဲ့ရသလို မိုးမချုပ်ခင်ပေ့ါနော် မမှောင်ခင်မှာ ပြန်ရမယ်လို့ ပြောတဲ့ အခြေအနေ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ လိုင်ဇာကို သွားတဲ့အချိန်မှာ AA နဲ့ ထိတွေ့ဆက်ဆံဖို့ ကျနော် အချိန်မရရှိခဲ့ပါဘူး။ သို့သော်လည်းပဲ ဒီတခေါက်ပေါ့နော် ပြီးခဲ့တဲ့အခေါက်ဆိုလို့ရှိရင် ဖုန်းနဲ့ပေါ့နော် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကို ကျနော် စကားပြောခွင့် ရရှိခဲ့ပါတယ်။

AA အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော် အသေးစိတ်တော့ ဘာမှမသိရှိပါဘူး။ ကျနော် ပြီးခဲ့တဲ့အကြိမ်တွေမှာ ကျနော် ချင်းမိုင်ကနေ ထိုင်းကိုသွားတဲ့ အချိန်တွေမှာ ဆိုရင်လည်းပဲ AA ကနေပြီး လာပြီးတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီတုန်းက ကျနော်ကြားသိခဲ့ရတာ ဆိုလို့ရှိရင်တော့ AA မှာဆိုလို့ရှိရင်တော့ တပ်ဖွဲ့ဝင်တွေပေါ့နော်၊ တပ်သားတွေဟာ သိပ်ပြီးတော့ မများဘူးဆိုတာ ကျနော်ကြားသိခဲ့ရပါတယ်။ သို့သော်လည်းပဲ အဲဒီရဲ့နောက်ပိုင်းမှာ AA ရဲ့ တပ်အင်အားတွေ အရမ်းကို များပြားလာပြီးတော့မှ ရခိုင်ပြည်နယ်တွင်းမှာ အင်မတန် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့တယ် ဆိုတာလောက်ပဲ ကျနော်သိပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ အဲဒီတော့ AA အနေနဲ့ပေါ့နော် အခုလို အင်အားကြီးထွားလာတာတွေက သုံးသပ်သူတွေရဲ့ သဘောအရ ဆိုလို့ရှိရင် ဒီ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့ UWSA ဝ တပ်ဖွဲ့၊ အလားတူပဲ ဝတပ်ဖွဲ့နဲ့ အင်မတန်နီးစပ်တဲ့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုတွေ ရှိတယ်ဆိုပြီးတော့လည်း သုံးသပ်တာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ မစ္စတာ ဆာဆာကာဝါ အနေနဲ့က အခု AA အဖွဲ့နဲ့ မြန်မာအစိုးရ၊ မြန်မာတပ်မတော်အကြားမှာ ငြိမ်းချမ်းရေးကိစ္စတွေ ဝင်ရောက်ဆောင်ရွက်ပေးနေတယ်ဆိုတော့ ဒီအခြေအနေမှာ UWSA ဝတပ်ဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ပတ်သက်မှုတွေနဲ့ ကြားမှာရော ဘယ်လိုကြားဝင်ဆောင်ရွက်ဖို့ ပတ်သက်နေတဲ့ အခြေအနေတွေအပေါ်ကိုရော ဘယ်လိုသုံးသပ်သလဲခင်ဗျာ။

မစ္စတာ ဆာဆာကာဝါ - "ဟုတ်ကဲ့ ဒီနေ့ဟာဆိုလိုရှိရင် ကျနော့်ရဲ့မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ဆိုလို့ရှိရင် ကျနော့်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျနော် အသက် ၈၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၆ နှစ်တုန်းက ကျနော် အသက် ၆ နှစ်အရွယ်တုန်းကဆိုရင် တိုကျိုမြို့မှာ အမေရိကန်နိုင်ငံရဲ့ ဗုံးကြဲခြင်းကို ခံရတဲ့အတွက်ကြောင့်မို့ ကျနော်နေတဲ့ ရပ်ကွက်ဟာ ဆိုလို့ရှိရင် တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ပြီးတော့မှ ကျနော်နဲ့ ကျနော့်မိခင်ကလွဲလို့ တရပ်ကွက်လုံးမှာရှိတဲ့ ကျန်တဲ့သူတွေ သေဆုံးခဲ့ပါတယ်။ ဒီ ဗုံးကြဲခံရတဲ့အတွက်ကြောင့်မို့လို့ပါ။ ဆိုတော့ ကျနော်ကလေးဘဝမှာ ဆိုလို့ရှိရင် အရမ်းကို ဒုက္ခဆင်းရဲတဲ့ဒဏ်နဲ့ တွေ့ကြုံ ခံစားခဲ့ရပါတယ်။ အရမ်းကို ဒုက္ခဆင်းရဲ ခံစားရတာနဲ့ တွေ့ကြုံခံစားရတဲ့အချိန်မှာ မြန်မာနိုင်ငံက ပို့လာတဲ့ ဆန်ကိုစားပြီးမှ အခုအချိန်အထိ ကျနော် အသက်ရှင် ကျန်းမာစွာ နေထိုင်နိုင်တာ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအပေါ် ကျေးဇူးပြန်ဆပ်ရမယ်ဆိုတဲ့ စိတ်ဆန္ဒက ကျနော့်ဆီမှာ ရှိပါတယ်။ ကျနော် ဒီလိုလုပ်တဲ့အချိန်မှာ အစိုးရရယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး။ အကုန်လုံး ငြိမ်းချမ်းရေးရယူဖို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျနော်သွားတဲ့အချိန်မှာ ဆိုလို့ရှိရင် ဒုက္ခသည်စခန်းတွေကိုလည်း ကျနော်သွားလေ့ရှိပါတယ်။ သွားရောက်လေ့လာတဲ့ အချိန်မှာ ဒီဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ အရမ်းကို ဒုက္ခရောက်နေတယ်ဆိုတာ တွေ့ရှိရတဲ့အတွက်ကြောင့် ကျနော် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ၂၁ ရာစုဖြစ်ပြီဖြစ်တဲ့ ဒီနေ့ ဒီအချိန်ခါမှာ မြန်မာနိုင်ငံထဲမှာ ဒီလို ဆင်းရဲတွေ့ကြုံ ခံစားနေရတာတွေ ရှိတယ်ဆိုတာ ကျနော်တွေ့ရတဲ့အတွက်ကြောင့် ကျနော် မျက်ရည်တောင်ကျမိပါတယ်။ ကျနော်ဟာ သူတို့အတွက် လူသားချင်း စာနာထောက်ထားတာတွေ ပြုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေရဲ့ သဘောတူ နားလည်မှုကို မရလို့ရှိရင်လည်း ကူညီထောက်ပံ့လို့ မရတဲ့အတွက်ကြောင့် သူတို့ရဲ့ သဘောတူညီချက်ကို ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ ကျနော်တို့ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံ ပြဿနာတခုမှာ ဆိုလို့ရှိရင် အဲဒီနိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို နားမလည်ဘဲနဲ့ ဝင်ရောက်ပြုလုပ်မယ် ဆိုရင်တော့ ပဋိပက္ခတွေက ပိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေရှိပါတယ်။

နိုင်ငံခြားသားတယောက် အနေနဲ့ နိုင်ငံခြားကနေ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ဘယ်လိုလုပ်သင့်ပါတယ်၊ ဘယ်လိုမလုပ်သင့်ဘူး၊ ဘယ်လိုလုပ်ပါ ဆိုပြီးတော့လည်း ကြားဝင်ပြီးတော့ ပြုလုပ်တာလည်း မသင့်တော်ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်ကဆိုလို့ရှိရင် အချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့် ပလက်ဖောင်းတခုကို ကျနော်ဖန်တီးပေးပြီးတော့မှ ဒုက္ခဆင်းရဲရောက်နေတဲ့ သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့ပေးမယ် ဆိုတာဟာ ကျနော့်ရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာနိုင်ငံသားတွေပဲ ဖြေရှင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲလိုမဟုတ်ဘူး ဆိုလို့ရှိရင် ဥပမာ ဆီးရီးယား၊ လစ်ဗျားနဲ့ အီရတ်တို့ကိုပဲ ကျနော်တို့ကြည့်လိုက်ပါ၊ နိုင်ငံခြားအဖွဲ့အစည်းတွေက ဝင်ရောက်ဖြေရှင်းတဲ့အတွက် ပြဿနာ ပြေလည်သွားခြင်းမရှိဘဲ ပိုပြီး ရှုပ်ထွေးသွားတာ တွေ့ရပါတယ်။ အဆုံးသတ်ပြောရရင် မြန်မာနိုင်ငံပြဿနာကို မြန်မာလူမျိုးတွေကပဲ ဖြေရှင်းသင့်တယ် ထင်ပါတယ်။ သို့သော်လည်းပဲ အဲဒီအတွက် လိုအပ်တဲ့ ပလက်ဖောင်းကိုတော့ ကျနော် ကူညီဆောင်ရွက်ပေးမယ်။ တောင်းဆိုမှုတွေ ရှိလာပြီဆိုရင်တော့ လူသားချင်း စာနာထောက်ထားတဲ့ ကူညီမှုတွေကို ဆက်လက်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ခင်ဗျ။ ကျနော့်အနေနဲ့ မေးချင်တဲ့အကြောင်းကတော့ စောစောလေးက မေးခွန်းထဲမှာလည်း ပါပါတယ်။ ဒီ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ နယ်စပ်ဒေသ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဆိုလို့ရှိရင် အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးပါပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အထူးသဖြင့် ကုလသမဂ္ဂကနေလွဲလို့ အနောက်နိုင်ငံတွေက ဝင်ပြီးတော့ ပါလာတာတို့ ဝင်စကားပြောတာတို့ ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးတာတွေကို သူတို့ သိပ်ပြီးတော့ လက်မခံချင်ကြပါဘူး။ ဒါပေမယ့်လည်း တရုတ်နိုင်ငံ ကိုယ်တိုင်ကြတော့ အထူးကိုယ်စားလှယ်တယောက်ကို အသေအချာ ခန့်အပ်ပြီးတော့ မစ္စတာ ဆာဆာကာဝါရဲ့ အလားတူ ရာထူးမျိုး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ ကိုယ်စားလှယ် ဆိုပြီးတော့ ခန့်ထားတာလည်း ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အထူးသဖြင့် ရခိုင်ကိစ္စမှာဆိုရင် တရုတ်နိုင်ငံကနေပြီးတော့ ကိုယ်စားလှယ်နဲ့ မစ္စတာ ဆာဆာကာဝါနဲ့ ဒီအရေးကိစ္စတွေကို ညှိနှိုင်းပြီးတော့ စကားပြောဖို့ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ် ရှိသလားခင်ဗျ။ ဂျပန်နိုင်ငံရဲ့ ပါဝင်လာမှုကိုရော တရုတ်နိုင်ငံဘက်က ဘယ်လိုသဘောထားမယ် ထင်သလဲခင်ဗျ။

မစ္စတာ ဆာဆာကာဝါ - "ကျနော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးသမိုင်းဟာလည်း အရမ်းကို ကြာရှည်ခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဖြစ်ခဲ့တဲ့ တီယန်နန်မင် အရေးအခင်း မတိုင်ခင်ကဆိုရင် တရုတ်နိုင်ငံ အရမ်းကို ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက ဆရာဝန် အယောက်ပေါင်း (၃,၀၀၀) လောက်ကို ပညာသင်ကြားဖို့အတွက် ကျနော် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အဲဒီအချိန် တရုတ်နိုင်ငံ အရမ်းဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာ တီယန်နန်မင် အရေးအခင်းကြောင့် အနောက်နိုင်ငံတွေက တရုတ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်း တရုတ်နိုင်ငံ အရမ်းကို ဆင်းရဲဒုက္ခ ရောက်နေတဲ့အတွက်ကြောင့် ဂျပန်ကနေ ဦးဆောင်ပြီးတော့ တရုတ်အပေါ်ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့အတွက်ကို ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ ဆိုလို့ရှိရင် Houston Summit မှာဆိုရင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ကနေ ဦးဆောင်ပြီးတော့မှ အနောက်နိုင်ငံတွေက ပြုလုပ်ထားတဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ ဦးဆောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် တတိယမြောက် ကူညီထောက်ပံ့တဲ့ အနေနဲ့ ဂျပန်နိုင်ငံကနေ တရုတ်နိုင်ငံကို (၇.၆) ဘီလီယံဒေါ်လာ ကူညီပံ့ပိုးခဲ့ပါတယ်။ တရုတ်နိုင်ငံ စီးပွားရေးတိုးတက်လာမှုတွေဟာ ဒီကနေ အစပြုတယ်လို့ ဆိုလိုနိုင်ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်နိုင်ငံ ကြိုးစားမှုလည်း ပါပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ အရမ်းကို တိုးတက်တဲ့နိုင်ငံကြီး ဖြစ်နေပါပြီ။ နောက်တချက်က ဘာလဲဆိုရင် မြန်မာနိုင်ငံက အင်မတန် ဒုက္ခရောက်နေတဲ့အချိန်မှာ အနောက်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှု ခံနေရတဲ့အချိန်မှာ တရုတ်နိုင်ငံကပဲ မြန်မာနိုင်ငံကို ကူညီခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကို ငြင်းဆန်လို့ မရပါဘူး။ ဒီအတွက်ကြောင့် ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ဖောင်ဒေးရှင်းတခု တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ခင်ဗျ။ ရခိုင်အရေးမှာဆိုရင် နိုင်ငံတကာက အာရုံစိုက်တာဟာ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ အဲဒါက ဘာလဲဆိုတော့ ရိုဟင်ဂျာပြဿနာပါခင်ဗျ။ ရိုဟင်ဂျာပြဿနာဟာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေရဲ့ မူလပြဿနာ သဘောမျိုးလည်း ဆောင်နေပါတယ်။ အဲဒီတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင် ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်အကြား လက်နက်ကိုင် ပဋိပက္ခက ရပ်သွားရုံတင်မကဘဲနဲ့ တကယ်တမ်း ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ၊ ရိုဟင်ဂျာတွေကြားထဲမှာ တဦးနဲ့တဦး နားလည်သဘောပေါက်စွာနဲ့ ငြိမ်းချမ်းစွာ အတူတူ ယှဉ်တွဲနေထိုင်ဖို့လည်း အဓိကဖြစ်တယ်လို့ အများက ယူဆပါတယ်ခင်ဗျ။ အဲဒီတော့ မစ္စတာ ဆာဆာကာဝါ အနေနဲ့ရော ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုသဘောထားပါသလဲခင်ဗျ။ အထူးသဖြင့် ရခိုင်တပ်မတော် AA ရခိုင်ခေါင်းဆောင်တွေအနေနဲ့ရော ဒီကိစ္စ လက်ခံနိုင်ပြီလို့ ယူဆပါသလားခင်ဗျ။

မစ္စတာ ဆာဆာကာဝါ - "ဟုတ်ကဲ့။ ဒီ ရခိုင်ဒေသမှာဖြစ်တဲ့ ပြဿနာတွေကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဒီ မွတ်စလင်တွေရဲ့ အရေးအခင်းဖြစ်တယ်လို့ အခုနက ဆရာပြောသွားပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့အခေါက် ရခိုင်ဒေသ ကျနော်သွားရောက်တဲ့အချိန်မှာ ရိုဟင်ဂျာမွတ်စလင်တွေရှိတဲ့ ဈေးကိုလည်းပဲ လေ့လာတဲ့အခါမှာ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကလည်းပဲ အရမ်းကို ငြိမ်းချမ်းစွာနဲ့ပဲ အင်မတန်ပျော်ရွှင်စွာ အေချမ်းစွ ာ နေထိုင်နေတာ ကျနော်တွေ့ခဲ့ရပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာတင် မဟုတ်ပါဘူး အခြားဘာသာတွေနဲ့ အတူတကွ ယှဉ်တွဲနေတဲ့နိုင်ငံတွေ ဆိုလို့ရှိရင် အိန္ဒိယအပါအဝင် အခြားနိုင်ငံ အတော်များများမှာဆိုရင် အတူတူ ယှဉ်တွဲနေထိုင်နေကြပါတယ်။ ရခိုင်ဒေသရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတခုက ဘာလဲဆိုလို့ရှိရင် အဲလိုလူတွေကြားထဲမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတာကလည်း အခြေအနေကို ပိုပြီး ရှုပ်ထွေးစေပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင် ပြဿနာဟာ ၂ ခုရှိနေပါတယ်။ တခုကတော့ AA နဲ့ ကြားထဲမှာ ဖြစ်ပွားတဲ့ ပြဿနာဖြစ်ပြီး နောက်တခုကတော့ ရိုဟင်ဂျာပြဿနာ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး ပြဿနာ အခက်ခဲတွေနဲ့ တွေ့ကြုံနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီပြဿနာ အခက်ခဲတွေကို အချိန်တိုအတွင်းမှာ ဖြေရှင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သို့သော်လည်း နိုင်ငံတကာအဖွဲ့အစည်း နိုင်ငံတကာ အသိုင်းအဝန်းဟာ ဆိုလို့ရှိရင် ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အရမ်းကို လွယ်ကူတဲ့ပုံစံမျိုး ပြောလေ့ရှိပါတယ်။ သို့သော်လည်းပဲ တကယ့်တကယ် လက်တွေ့လုပ်ဆောင်နေတဲ့သူတွေက ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ သူတို့သာ အသိဆုံးဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေလည်း ရှိတဲ့အတွက် ဒီကိစ္စ အင်မတန်ခက်ခဲပါတယ်။ ပထမဆုံးကတော့ ဒီ AA နဲ့ ကြားထဲမှာ ဖြစ်ပျက်တဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုလို့ရှိရင် ပထဝီအနေအထားအရ ရိုဟင်ဂျာပြဿနာလည်း ဖြေရှင်းဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံအစိုးရ အနေနဲ့လည်း ရိုဟင်ဂျာအရေး ပြဿနာကို ဘယ်ပုံစံနဲ့ ဖြေရှင်းရင် ကောင်းမလဲ ဆိုတာလည်းပဲ သူတို့ လေးလေးနက်နက် ဆောင်ရွက်နေလိမ့်မယ်လို့ ထင်ပါတယ်။

အကယ်လို့သာ မြန်မာအစိုးရအနေနဲ့ ဂျပန်အစိုးရကို ကူညီပေးပါလို့ တောင်းဆိုလာခဲ့မယ်ဆိုရင်တော့ ဂျပန်အစိုးရအနေနဲ့ ဝမ်းပန်းတသာ လက်ခံသွားမှာဖြစ်ပါတယ်။ ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပံ့ပိုးမှုအများဆုံးနိုင်ငံတခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု တခုတင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံဟာ ဆိုလို့ရှိရင် ငြိမ်းချမ်းရေး သာယာဝပြောရေး potential တွေ အများကြီးရှိတဲ့နိုင်ငံလို့ ကျနော်တို့ ခံယူထားပါတယ်။ ဒီအတွက်ကြောင့်မို့ ကျနော်တို့ ဝမ်းပန်းတသာနဲ့ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်မို့လို့ မြန်မာနိုင်ငံက potential တွေပြည့်ဝနေတဲ့ နိုင်ငံလို့ ဆိုလို့ရသလဲဆိုရင် လွန်ခဲ့တဲ့ ၇၅ နှစ်က ဆိုလို့ရှိရင် ဂျပန်ပြီးရင် အာရှဒေသမှာ မြန်မာနိုင်ငံက စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်ခဲ့လို့ပါ။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် ရခိုင်ပြည် ငြိမ်းချမ်းသွားလို့ရှိရင် နိပွန်ဖောင်ဒေးရှင်း အနေနဲ့ရော၊ မစ္စတာ ဆာဆာကာဝါ အနေနဲ့ရော၊ ဂျပန်အစိုးရအနေနဲ့ရော ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုကူညီပံ့ပိုးမှုတွေ ဘယ်လိုလုပ်ငန်းတွေကို စဉ်းစားထားသလဲခင်ဗျ။ အလားအလာတွေပေါ့နော် ဘယ်လိုလေးတွေ ရှိသလဲဆိုတာ တချက်လောက် ပြောပြပါလားခင်ဗျ။

မစ္စတာ ဆာဆာကာဝါ - "ကျနော်ဟာဆိုလို့ရှိရင် ရခိုင်ဒေသတခုတည်းကိုပဲ ကူညီသွားမယ်လို့ ဆိုတဲ့ သဘောထား လုံးဝမရှိပါဘူး။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော်တို့ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဒီ မြန်မာနိုင်ငံကို ကူညီပံ့ပိုးတဲ့အချိန်မှာ ဆိုလို့ရှိရင် ဒီ မြန်မာနိုင်ငံရဲ့ အနာဂတ် ကလေးတွေကို ကျနော့်လိုမျိုး ဆင်းရဲဒုက္ခ အတွေ့အကြုံကို မခံစားစေချင်ပါဘူး။ ဒီအတွက်ကြောင့် ကျနော်ဟာဆိုလို့ရှိရင် ပထမဆုံး ဒီ IDP Camp ပြည်တွင်းဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေ တိုက်ပွဲရှောင်ပြည်သူတွေကို မူလဒေသ ပြန်နိုင်ဖို့အတွက် ကျနော် ကူညီပံ့ပိုးမယ်၊ ကလေးတွေ ပညာရေးသင်ကြားရေး အခွင့်အရေး ရရှိနိုင်ဖို့အတွက် ကျနော် ကူညီပံ့ပိုးသွားပါမယ်။ ဒီလို ကူညီပံ့ပိုးမှုဟာဆိုရင် မြန်မာနိုင်ငံတနိုင်ငံ အတိုင်းအတာနဲ့ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကလေးတွေ၊ အမျိုးသမီးတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက် ကျနော်ဟာဆိုလို့ရှိရင် အသက်မွေးဝမ်းကြောင်းပေါ့နော် ပညာတွေတတ်အောင်ဆိုပြီးတော့ ပံ့ပိုးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ အဓိက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပြုလုပ်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ကူညီမှုတွေကို ၁ နှစ် ၂ နှစ်တည်းပဲ ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ အစီအစဉ် လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံ လုံးဝငြိမ်းချမ်းသွားတဲ့ အချိန်အထိ မြန်မာနိုင်ငံ တလုံးတဝ စုစည်းသွားတဲ့ အချိန်အထိ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ စဉ်ဆက်မပြတ်ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ မကြာခင် ဘယ်တော့လောက်များ မြန်မာနိုင်ငံကို သွားဖို့ရှိမလဲခင်ဗျာ။ အဲလိုသွားမယ်ဆိုရင် နောက်ထပ် အဆင့်တဆင့် ဘယ်လိုရှေ့ဆက်တိုးပြီးလုပ်ဖို့ စဉ်းစားထားပါသလဲခင်ဗျ။

မစ္စတာ ဆာဆာကာဝါ - "ကျနော် ဒီ မြန်မာနိုင်ငံသွားတဲ့ အမြဲရည်ရွယ်ချက်ကဆိုရင် အပစ်အခတ်ရပ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ ဖြစ်ပါတယ်။ ကျနော် လက်ရှိ ကူညီထောက်ပံ့မှုတွေ လုပ်တာဟာဆိုရင် အပစ်ခတ်ရပ်ထားတဲ့ ဒေသမှာရှိတဲ့ ပြည်သူလူထုတွေဟာ ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ရရှိခံစားဖို့အတွက် လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နိပွန်ဖောင်ဒေးရှင်းက လက်ရှိအခြေအနေမှာ ဆိုလို့ရှိရင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဆိုလို့ရှိရင် ဒုက္ခသည်တွေအတွက် ကျောင်းဆောက်လုပ်ပေးတာတွေ၊ အိမ်ဆောက်လုပ်ပေးတာတွေ အသက်မွေးဝမ်းကျောင်းပညာ သင်ပေး ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမှာရှိတဲ့ ဒုက္ခသည်တွေ တိုက်ပွဲရှောင်ပြည်သူတွေ မူလရွာပြန်နိုင်ဖို့အတွက်လည်း အိမ်တွေပြန်ဆောက်ပေးတာတွေ ကျနော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အခုချိန်ထိ အကြိမ်ပေါင်း ၁၃ဝ လောက် သွားရောက်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ဆိုလို့ရှိရင် ကျနော့်ရဲ့ မွေးဇာတိ နိုင်ငံတခုလိုပါပဲ။ ဒါကြောင့် ကျနော်အချိန်ရမယ်ဆိုလို့ရှိရင် ပြန်သွားမယ့်အစီအစဉ် ရှိပါတယ်။"

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းနဲ့ ဥက္ကဋ္ဌကြီး မစ္စတာ ဆာဆာကာဝါကို ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။

မစ္စတာ ဆာဆာကာဝါ - "ကျေးဇူးတင်ပါတယ်။ မင်္ဂလာပါ။"

..................................

တိုက်ရိုက် လင့်ခ်


(Unicode)




























မစ်စတာ ဆာဆာကာဝါ - "ကြေးဇူးတငျပါတယျ။ မငျ်ဂလာပါ။"

XS
SM
MD
LG