သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေ ဂျပန်အထူးသံတမန် သွားရောက်လေ့လာ


သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရသည့် ဂျပန်အထူးသံတမန် Sasakawa Yohei (ယာ) နှင့် ဂျပန်သံအမတ်ကြီး Ichiro Maruyama။ (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))
သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရသည့် ဂျပန်အထူးသံတမန် Sasakawa Yohei (ယာ) နှင့် ဂျပန်သံအမတ်ကြီး Ichiro Maruyama။ (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))

(Zawgyi / Unicode)

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးသံတမန် Mr. Sasakawa Yohei က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ကိုသက်နိုင် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးသံတမန် Mr. Sasakawa Yohei နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama တို့ဟာ ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေ ရှိမရှိ သွားရောက်လေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် အဲဒီဒေသတွေ အပါအဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီး ခရီးစဉ်အဆုံး သတင်းစာရှင်းလင်းပွဲအတွင်း Mr. Sasakawa Yohei က ပြောသွားတာပါ။

ဂျပန်အထူးသံတမန် Sasakawa Yohei. (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))
ဂျပန်အထူးသံတမန် Sasakawa Yohei. (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))


“မြို့နယ်နှစ်ခုကို သွားပြီး လေ့လာခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ အဲဒီမြို့နယ်နှစ်ခုထဲက တခုဟာဆိုရင် တိုက်ပွဲအခြေအနေ အများဆုံးဖြစ်ခဲ့တဲ့ မြို့နယ်တခုဖြစ်သလို နောက်တခုဟာဆိုရင် မကြာသေးခင်ကာလမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တခု ဖြစ်ပါတယ်။ ဒီမြို့နယ်တွေဟာဆိုရင် ထူးခြားတဲ့ဒေသ ဖြစ်တာကြောင့် ကျနော်ရွေးချယ်ပြီးတော့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သွားတဲ့အခါမှာလည်း ဒေသခံလူထုတွေနဲ့ ကျနော် တွေ့ဆုံပြီးတော့ မေးမြန်းတဲ့အခါမှာ ဆိုလို့ရှိရင်လည်း ဒေသခံလူထုတွေဟာ ရွေးကောက်ပွဲကို အရမ်းကို ကျင်းပချင်နေကြတယ်။ ဒေသခံတွေရဲ့ စိတ်ဆန္ဒ ပြီးရင် အဲဒီဒေသရဲ့ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ အဆင်ပြေတယ်ဆိုတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြပြီးတော့ အတတ်နိုင်ဆုံး အမြန်ဆုံး ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ အေအေအဖွဲ့ဟာလည်း ရှေ့ဆက်ပြီးတော့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုနဲ့ ကျေးရွာအုပ်စုတချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကြောင့် ရခိုင်ဒေသခံ ၁၂ သိန်းလောက် မဲပေးခွင့် ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ လက်ရှိကာလ တိုက်ပွဲတွေလည်း ရပ်ဆိုင်းနေတာကြောင့် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လိုအပ်တာရှိရင် ဂျပန်အစိုးရအနေနဲ့ အကူအညီပေးဖို့ စဉ်းစားနေတယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ ဂျပန်သံအမတ်ကြီး Maruyama က ပြောပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))
ဂျပန်သံအမတ်ကြီး Ichiro Maruyama။ (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))


“နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ အထူးသဖြင့် ရခိုင်ပြည်နယ် အဲဒီမှာ ပြန်ပြီးတော့ ကျင်းပနိုင်အောင် အခြေအနေ ဘယ်လိုရှိသလဲ၊ အဲဒါကို လေ့လာပြီးတော့ မြန်မာအစိုးရ အကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်ခင်ဗျာ။ အခု Mr. Sasakawa နဲ့ အတူလိုက်လာပြီးတော့ ကျနော်ကိုယ်တိုင် စစ်တွေမြို့သာမက ကျောက်တော်မြို့ ဘူးသီးတောင်မြို့တွေကို အတူတူသွားခွင့်ရခဲ့ပါတယ်။ Sasakawa ကိုယ်တိုင် ဒေသခံတွေနဲ့ တွေ့ဆုံပြီးတော့ စကားပြောခွင့် ရခဲ့ပါတယ်။ Mr. Sasakawa ပြောတဲ့အတိုင်း Arakan Army နဲ့ တပ်မတော် နှစ်ခုစလုံးက ကြေညာချက်ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီဒေသတွေမှာ တိုက်ပွဲ လုံးဝမရှိပါဘူး။ အေးချမ်းတယ်၊ သာယာတယ်၊ အဲဒါကို ကြိုဆိုတဲ့အကြောင်း၊ နောက်တခုကတော့ အဲဒီအခြေအနေပေါ် မူတည်ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး အဲဒီဒေသမှာ ကျင်းပနိုင်ဖို့ Sasakawa ကိုယ်တိုင် ရှင်းပြခဲ့တာကို ကျနော် ဘေးမှာ ကိုယ်တိုင် နားထောင်ခွင့် ရခဲ့ပါတယ်။ အဲဒီဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေရှိရင် ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ အကူအညီပေးဖို့ စဉ်းစားနေပါတယ်ခင်ဗျာ။”

အခုလို ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပဖို့ အတွက် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ကြိုဆိုတယ်လို့လည်း ရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ဒီ ဂျပန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်တယောက် အနေနဲ့ ကျမတို့ ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲကိစ္စ အပါအဝင် ဒီကိစ္စအလွန်မှာ ငြိမ်းချမ်းရေးလမ်းစ ငြိမ်းချမ်းရေးရောင်နီ ပေါ်ထွန်းလာအောင်အထိ ငြိမ်းချမ်းရေးတမန်တော် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အသံကိုလည်း ကိုယ်တိုင်ကြားရတယ်ဆိုတဲ့ အကြောင်း၊ ကျမတို့ကို အထူးကိုယ်စားလှယ်က ပြောတဲ့အတွက်လည်း သိရတဲ့အတွက် ဝမ်းမြောက်တယ်ဆိုတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဂ္ဂိုလ်တွေကိုလည်း ပြည်သူတွေ ပြောလိုက်တဲ့ သေနတ်သံတွေ စဲနေတယ်။ လုံခြုံမှုရှိနေတယ်၊ ရွေးကောက်ပွဲကို လိုလားတယ်ဆိုတဲ့ အသံတွေကို ပြန်လည်တင်ပြပြီးတော့ ရခိုင်ပြည်ရဲ့ ချန်လှပ်ထားခဲ့တဲ့ ရွေးကောက်ပွဲ နယ်မြေအားလုံးကို ရွေးကောက်ပွဲ ဆောင်ရွက်ပေးနိုင်မယ့် ငြိမ်းချမ်းရေး အားလုံးကို ကြားဝင်ဆောင်ရွက်ပေးတာကြောင့် ရခိုင်ပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းမှာ နေ့ထူးနေ့မြတ်တခု၊ မင်္ဂလာရှိတဲ့ ဆောင်ရွက်မှုမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်မို့လို့ ကျမတို့ ကြိုဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။”

တပ်မတော်နဲ့ AA တို့ကြားမှာ ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ တပ်မတော်ဘက်ကရော AA ဘက်ကပါ သောကြာနေ့က အတည်ပြု ပြောဆိုခဲ့ပြီးတဲ့နောက် Mr. Sasakawa ဒီကနေ့ ရခိုင်ပြည်ကို ရောက်လာတာဖြစ်သလို ကြားဝင်စေ့စပ် ညှိနှိုင်းနေသူတွေထဲမှာ သူလည်း ပါဝင်တယ်ဆိုတာကို အတည်ပြု ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)












XS
SM
MD
LG