သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအင်အားစုတွေနဲ့ပတ်သက်လို့ အစိုးရ နဲ့ တပ်မတော် သဘောထားပြောင်းလဲလာနိုင်မှု အပေါ် သုံးသပ်ချက်တချို့


(Zawgyi/Unicode)

အခုရွေးကောက်ပွဲအပြီး အဓိကအနိုင်ရခဲ့တဲ့ အစိုးရပါတီနဲ့၊ အရင်အစိုးရပါတီကိုထောက်ခံပေးခဲ့တဲ့တပ်မတော်တို့အနေနဲ့၊ တိုင်းရင်းသားပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သဘောထား ထူးထူးခြားခြား ပြောင်းလဲလာနေတာ၊ ဘာကြောင့်နဲ့ ဘယ်လိုဖြစ်သင့်တာကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌနဲ့ သုံးသပ်သူတစ်ဦးကို မေးထားပါတယ်။

အခုရွေးကောက်ပွဲထဲ ရခိုင်ပြည်နယ်မှာ အဓိကအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကို၊ ကိုဝင်းမင်းကမေးရာမှာ အစိုးရနဲ့တပ်တို့ ကြေညာချက်တွေထုတ်ပြီး အကြီးအကျယ် ပြောင်းသွားပြီလို့ ဆိုပါတယ်။

“ဒီ NLD ဘက်ကလည်း တိုင်းရင်းသားတွေအပေါ်မှာ ဂရုစိုက်လာတဲ့ သဘောရှိတယ်။ တပ်မတော်ဘက်ကလည်း ဖြေလျော့တဲ့ သဘောရှိတယ်။ AA ကိုတောင်မှ သူတို့ အကြမ်းဖက်လို့ အဲလို မသုံးတော့ဘူး။ ULA /AA လို့ပဲ သုံးတယ်။ ရခိုင့်တပ်မတော် AA ဘက်က ထုတ်လိုက်တဲ့အပေါ်မှာ တပ်မတော်ဘက်က လိုက်လိုက်လျောလျောနဲ့ တုံ့ပြန်လိုက်တဲ့အပေါ်မှာ ကျနော်တို့ တကယ့်ကို အံသြတယ်၊ ဖြစ်လည်း ဖြစ်စေချင်တယ်”

အဲဒီတော့ ဘာကြောင့်အစိုးရဘက်က အခုလို ပြောင်းသွားပါလဲလို့ မေးရာမှာ ဦးစံကျော်လှကပဲ

“NLD ဟာ သူတို့လိုချင်တဲ့ အရာကို သူတို့ရသွားပြီ။ တောင်ပြိုကမ်းပြိုနိုင်ထားတဲ့ ပါတီ ။ အဲလိုရသွားတဲ့နောက်ပိုင်းမှာ သူတို့ဘက်က သဘောထား ပြည့်ပါတယ်ဆိုတာကို သူတို့ ထုတ်ပြလိုက်တာပဲ။”

ဒီအပေါ် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က အမှုဆောင် ဒါရိုက်တာ ကိုရဲမျိုးဟိန်းကလည်း သဘောတူလိုက်ပြီး နောက်တချက် အစိုးရရော တပ်ခေါင်းဆောင်တွေပါ ပြောင်းရခြင်းအကြောင်းအရင်းက တိုင်းရင်းသားတွေ အခုရွေးကောက်ပွဲမှာ ပိုနိုင်၊ ပိုအားကောင်းလာလို့ပါလို့ ဆိုပါတယ်။

“တိုင်းရင်းသားနိုင်ငံရေးပါတီတွေရတဲ့ မဲအနေအထားကလည်း ၂၀၁၅ ထက်အများကြီး ပိုအားကောင်းလာတယ်။ အဲဒီအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ လွှတ်တော်ထဲက ကိုယ်စားပြုမှုကို တစုံတရာ အသိအမှတ်ပြုလာတာ တွေ့ရတယ်။ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆိုရင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို မဲပေးဖို့ဆိုပြီးတော့ ပြောတဲ့ ဟာမျိုးလေးတွေကို တွေ့လာတယ်။ တဖက်မှာလည်း တိုင်းရင်းသားနယ်တွေမှာ ၂၀၁၆ နောက်ပိုင်းမှာ လူထုလှုပ်ရှားမှုက တော်တော်လေး အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်လာတာမျိုးကို တွေ့လာရတယ်။ အဲဒီအတွက် ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ဒါကို သတိပြုမိတယ်လို့ မြင်တယ်ပေါ့။”

ဒါ့အပြင် တပ်မတော်အနေနဲ့ရော ဘာကြောင့်အဓိက ပြောင်းလဲသွားတာပါလဲလို့ မေးရာမှာ ဦးစံကျော်လှက -

“၈ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်တယ်၊ အဖြေထွက်တယ်။ ပြီးတော့ ၉ ရက်နေ့မှာ တပ်မတော်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပါတယ်။ အဲဒါကို ကြည့်ခြင်းဖြင့် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်သွားမယ်ဆိုတဲ့သဘော ဆောင်တယ်။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသား တော်လှန်နေတဲ့သူတွေကို အမြစ်ဖြုတ်ပြီးတော့ ချေမှုန်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေလည်း တပ်မတော်ကို အပြုတ်တိုက်ဖို့ဆိုတာလည်း ဒါ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးပဲ ရှိတယ်။ ဆန္ဒက ၂ ဖက်စလုံးမှာ ရှိနေတဲ့အတွက် ဒီဘက်က ပြောလိုက်တာနဲ့ ဟိုဘက်က ဒိုင်း ဆိုပြီးတော့ ကြိုဆိုတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ နားလည်မှုတွေ ရသွားရင် တနိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးဟာ လမ်းစတခုအနေနဲ့ အဆင်ပြေသွားနိုင်တယ်။”

ကိုရဲမျိုးဟိန်းကတော့ တပ်ဘက်ကအခုလို ပြောင်းလာတာက ရွေးကောက်ပဲ ရလဒ်နဲ့လည်း ဆိုင်တယ်လို့ အခုလိုရှင်းပြပါတယ်။

“အခု ၂၀၂၀ ရွေးကောက်ပွဲမှာကျတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေ တော်တော်လေး အားနည်းသွားတယ်။ တဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါတော်တော်ကို အနိုင်ရလိုက်တဲ့ အနေအထားမျိုး ဖြစ်လာတဲ့ အခါကျတော့ တပ်မတော်အနေနဲ့က ရှေ့ဆက်သွားမယ့်ခရီးကို ပြန်လည် သုံးသပ်တာမျိုးတွေ၊ အဲဒါကြောင့်မို့လို့လည်း အခုလို ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာတယ်။”

အဲဒီတော့ အခုလို ရွေးကောက်ပွဲ ရလဒ်ပြောင်းလဲလာချိန်မှာ တပ်ဘက်က သဘောထားပြောင်းလဲမှုက ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထူးခြားမှု ပါနိုင်ပါသလားလို့ မေးရာမှာ ဦးစံကျော်လှက

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပူးပေါင်းပါဝင်မှုက နည်းလမ်းကျပါတယ်။ သူကလည်း မကြာမီကာလမှာ အနားယူတော့မယ်။ သူ့စိတ်ထဲမှာလည်း အနားမယူခင်ကာလမှာ ငြိမ်းချမ်းရေးကိုတော့ ဖြစ်အောင်ဆောင်ရွက်မယ် ဆိုတဲ့ သဘောမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါကြောင့် သူဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခြေလှမ်း တလှမ်းကို တိုးလိုက်တာပဲ လို့ ကျနော်ထင်တယ်။ တနည်းပြောရရင် AA အဖွဲ့နဲ့ မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ပထမဦးဆုံး ငြိမ်းချမ်းရေး ခြေလှမ်းကို ပြိုင်တူ လှမ်းလိုက်ကြတယ်လို့ ကျနော်မြင်တယ်။”

ကိုရဲမျိုးဟိန်းကလည်း အစိုးရ ပါတီဘက်က ပြောင်းလဲမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အသက်ရလာတာမို့ သမိုင်းအမွေအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထားချင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ အစိုးရ ပါတီရဲ့ ပြောင်းလဲဖို့ ကမ်းလှမ်းလာတဲ့အပေါ် ဖြစ်သင့်တာကိုလည်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက

“တဦးချင်း ကျနော့်အမြင်အရပြောရင်တော့ ဒီထက်ပိုပြီးတော့ အသေးစိတ်ဆန်တဲ့ ဆွေးနွေးညှိနှိုင်း မှုကိုတော့ ချပြဖို့တော့လိုတယ်။ အကြေအလည် ညှိနှိုင်းမှုကတော့ ယူကို ယူရမယ်လို့တော့ ကျနော်မြင်တယ်ပေါ့နော်။ ပြီးရင်လည်း အပေးအယူ အလျှော့အတင်းတော့ မဖြစ်မနေ ရှိဖို့တော့ လိုတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”

ဒေါက်တာ အောင်နိုင်ဦးကပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကမ်းလှမ်းသလို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဦးတည်ချက်တူရေး ၊ ပါတီမတူပေမယ့် ပေါင်းလုပ်နိုင်တာက သူနဲ့ NLD အဖွဲ့ဝင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သက်သေ ပြပြီးပြီလို့ဆိုပါတယ်။

“ကျနော်နဲ့သာ လွှတ်တော် ဥက္ကဋ္ဌပေါ့နော်၊ ဒေါ်တင်အိ၊ သူ့ Background ကတော့ NLD ပါတီပေါ့။ ကျနော်ကတော့ မွန်ပါတီပေါ့။ Background မတူပေမယ့် ဘုံအကျိုးစီးပွားဆိုတဲ့ ပြည်နယ်ရေးရာ၊ ပြည်နယ်လွှတ်တော်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အားကောင်း ခိုင်မာဖို့အတွက် ဦးတည်တာတော့ တူတာပေါေ့နာ်။ အဲဒီအနေအထားမှာ သူ့ဘက်ကလည်း ရိုးစင်းတယ်၊ ကျနော့်ဘက်ကလည်း ရိုးစင်းတယ်။ တာဝန်သိမှု တာဝန်ရှိမှုတွေလည်း အချင်းချင်းကြားထဲမှာ တည်ဆောက်နိုင်ခဲ့တယ်ဆိုရင် လက်တွဲလုပ်လာဖို့ ရတာပေါ့နော်။ ဆိုတော့ နိုင်ငံ တခုလုံးအနေနဲ့ဖြစ်စေ၊ နောက်နောင်အခက်အခဲတွေ ကျနော်တို့ကို ကျော်လွှားနိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်။”

ဒီနေရာမှာ ကိုရဲမျိုးဟိန်းကလည်း NLD အနေနဲ့ အခုလို အစိုးရအတွင်းမှာ ပြည်ထောင်စု အဆင့်မှာရော ပြည်နယ်အဆင့်မှာပါ ပူးပေါင်း ဆောင်ရွက်နိုင်တာတွေကိုပါ ချပြပြီး ပြင်ဆင်ယူချိန်ရောက်လာတဲ့ ကာကွယ်ရေး ဦးစီးချုပ်အတွက်တောင် လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမျိုး ဖန်တီးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။


................


(Unicode)




















XS
SM
MD
LG