သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း မဲဆန္ဒနယ်တချို့ မဲမသမာမှု စွပ်စွဲချက်တွေ ထွက်ပေါ်


၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)
၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မမျှတမှုတွေနဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တချို့မှာလည်း မမှန်မကန်လုပ်ရပ်တွေ ရှိခဲ့ကြောင်း ဒေသခံနိုင်ငံရေး ပါတီတွေ ပြောဆိုနေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မိုင်းတုံ၊ မိုင်းဆတ်နဲ့ မိုင်းဖြတ်မြို့နယ်တွေဟာ ပြည်သူ့စစ်နဲ့ UWSA ခေါ် ၀ တပ်ဖွဲ့က ထိန်းချုပ်ထားပြီး မဲဆန္ဒရှင် ပြည်သူတွေအပေါ် ဖိအားပေး မဲထည့်ခိုင်းတာတွေ ရှိနေကြောင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောဆိုနေတာပါ။

ဒီလ ၈ ရက်နေ့မှာ ကျင်းပတဲ့ မိုင်းဖြတ်မြို့နယ်အတွင်းကအခြေအနေကို မိုင်းဖြတ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ က ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးကျဖေ့က VOA ကို အခုလို ပြောပါတယ်။

“တချို့မဲရုံကတော့ ကျနော်လေ့လာကြည့်တာ တိတိကျကျ ကော်မရှင်ဥပဒေအရ မှန်မှန်ကန်ကန် ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ တချို့ မဲရုံကျတော့ မဲရုံမှူးကိုယ်တိုင်က မဲဆန္ဒရှင်ကို ဒီမှာထု ဒီမှာထည့်ဆိုပြီးမှ လုပ်ပြနေတာ ကျနော်ကိုယ်တိုင်မြင်တွေ့ရတယ်။ ပြီးရင် တချို့ မဲရုံကျတော့ လျှို့ဝှက်ဆန္ဒမဲ ဆန္ဒပြုခန်းမဟုတ်ဘဲနဲ့ ဆန္ဒပြုခန်းကို အများပြည်သူလာတဲ့ဘက်မှာကို လှည့်ထားပြီးတော့ ဆန္ဒပြုခိုင်းတယ် အဲဒီလိုမျိုးပေါ့။”

မိုင်းဆတ်ဒေသခံ တစ်ယောက်ကလည်း ရွေးကောက်ပွဲကာလ ကိုယ်တိုင်မြင်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ကျမတို့ ဒေသမှာက ပြည်သူ့စစ်တွေ ရှိတယ်။ အဲဒီပြည်သူ့စစ်တွေက သူတို့ကိုယ်တိုင် ကားနဲ့ အကြိုအပို့လုပ်တယ်။ ပြီးရင် သူတို့ ကြံ့ခိုင်ရေးကိုပဲ မဲထည့်ရမယ်ပေါ့နော်။ မထည့်လို့ရှိရင် ဘယ်လိုဖြစ်မယ်၊ ဘာညာနဲ့ အဲဒီလိုမျိုးခြိမ်းခြောက်ထားတာတွေ ရှိတယ်။ ပြီးနောက်တစ်ခုက စစ်တပ်က လူကြီးတွေပေါ့။ အဲဒီ အရပ်ဝတ်နဲ့ မဲရုံ တစ်ရုံ လေး၊ ငါးယောက် အဲဒီလိုမျိုးထိုင်တယ်။ ထိုင်ပြီးတော့ အပြင်မှာလည်း ပြည်သူစစ်ခေါင်းဆောင်က မတ်တပ်ရပ်ပြီး ကြည့်နေတယ်။ အဲဒါကြောင့်မို့ ပြည်သူတွေက လွတ်လွတ်လပ်လပ်နဲ့ မဲထည့်ခွင့်မရှိတာပေါ့။ အဲဒီ ကြောက်ရွံ့တာပေါ့။”

မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်ကတော့ ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသအတွင်းက မဲပေးမှုအခြေအနေကို အခုလို ပြောပါတယ်။

“ကျမကိုယ်တိုင်လည်း အဲဒီမဲပေးတဲ့နေရာတွေ သွားကြည့်တဲ့အခါကျတော့ အဲဒီ ၀ ထိန်းချုပ်တဲ့နယ်မြေတွေမှာ ကျမကြည့်လိုက်တော့ စာရင်းတွေထဲမှာက စာရင်းနဲ့ လူနဲ့ မကိုက်ဘူးပေါ့နော်။ မကိုက်ဘူးဆိုတာက စာရင်းတွေက တအားများနေပြီးတော့ ထည့်တဲ့သူတွေကျတော့ စာရင်းပြည့်အောင်ပေါ့နော် အသက်မပြည့်တဲ့သူတွေကို ထည့်တယ်။ ဒီ အသက် ၁၀ နှစ်ကျော်အရွယ်တွေက အသက် ၇၀ ကျော်အရွယ် ဒီတိုကင်ပြားနဲ့ သူတို့ရဲ့ မဲစာရင်းတွေမှာ အဲဒီလိုဖြစ်နေတယ်ဆိုတော့ မကိုက်ညီတာတွေ အများကြီးတွေ့ရတယ်ပေါ့နော်။”

အခြား မသမာမှုတွေကတော့ အသက် ၆၀ မကျော်သူတွေ၊ ကျန်းမာရေးနဲ့ အခြားခိုင်လုံတဲ့ အကြောင်းပြချက်မပါဘဲ မဲပေးသူတွေ၊ မဲနှစ်ကြိမ်ပေးသူတွေ ရှိကြောင်းလည်း ဒီဒေသခံတွေက ပြောပါတယ်။

ဒီဒေသအတွင်း မဲရရှိမှု ဒုတိယအများဆုံးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ လောလောဆယ်မှာ မဲမသမာမှုရှိတဲ့ သတင်းတွေ ကြားသိထားရကြောင်းနဲ့ ဒါတွေကို အချက်အလက် ကောက်ယူနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ ဥက္ကဋ္ဌ နဲ့ တာချီလိတ် မဲဆန္ဒနယ်အမှတ် ၁က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်တွီက ပြောပါတယ်။

“ကျနော်တို့ အခုက စုံစမ်းနေတုန်းပဲဗျ။ ဖိအားပေးတာ မင်းတို့က ခြင်္သေ့ထည့်ရမယ်။ ခြင်္သေ့မထည့်ရင် ဒီမှာ နေလို့ မရဘူး၊ ဘာဘူး၊ အဲဒါ လုပ်ကိုင်စားသောက်လို့လည်း မရဘူး။ အဲလိုကြားတာပေါ့။ အဲဒါကတော့ စုံစမ်းတုန်းပဲဗျ။ သက်ဆိုင်ရာကတော့ တင်ပြရမှာပေါ့။ ကျနော်တို့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ချင်တယ်လေဗျာ။ နောက်တစ်ခါ ရွေးကောက်ပွဲလုပ်ရင်လည်း တရားမျှတမှုရှိအောင်ပေါ့ဗျာ။ ကျနော်တို့က အဲဒီလိုမျိုးရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်ချင်တာပါ။”

မိုင်းတုံ၊ မိုင်းဆတ်နဲ့ မိုင်းဖြတ်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်၊ ပြည်သူ့နဲ့ အမျိုးသား လွှတ်တော် နေရာ ၉ နေရာနဲ့ ဝအမျိုးသားပါတီက ပြည်နယ်လွှတ်တော် ၁ နေရာအနိုင်ရရှိထားတာပါ။

ဒီမြို့နယ်တွေမှာ ပြည်သူ့စစ်နဲ့ ဝတပ်ဖွဲ့တွေက လွှမ်းမိုးထားပြီး မဲဆွယ်စည်းရုံးရာမှာ လွတ်လပ်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီတွေက ပြောဆိုထားကြသလို ၀ တပ်ဖွဲ့ထိန်းချုပ်ရာဒေသအတွင်း ဝင်ရောက်ခွင့်မပြုတာကြောင့် ဒီလ ၃ ရက်နေ့က မိုင်းဆတ်မြို့နယ် ကျေးရွာအုပ်စု ၄ စုအတွင်းက မဲရုံ ၁၂ ရုံကို ပယ်ဖျက်ဖို့ NLD ၊ SNLD ၊ SNDP ခေါ် ကျားဖြူပါတီနဲ့ လားဟူပါတီတို့က ရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြခဲ့ပါတယ်။

UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသကတော့ COVID 19 ကြောင့် အသွား၊ အလာထိန်းချုပ်တာဖြစ်ကြောင်းနဲ့ ဒေသခံတွေအနေနဲ့ လွတ်လပ်စွာမဲပေးခွင့်ရှိကြောင်း။ ဖိအားပေးတာမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG