[Zawgyi/Unicode]
ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးဒဏ်ကြား ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ် အခြေအနေနဲ့ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ အကဲခတ်တွေရဲ့ သုံးသပ်ချက်ကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မဲဆန္ဒနယ်မြေ တော်တော်များများ ပယ်ဖျက်ခံခဲ့ရသလို ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေကြားမှာပဲ ရခိုင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကနဦးမဲရလဒ်တွေအရ ဒေသခံ ရခိုင်အမျိုးသားပါတီ ANP က အသာရနေတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၅ နေရာ အနိုင်ရထားကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကပြောပါတယ်။
“လောလောဆယ် ကျနော်တို့ ပါတီက ပြည်နယ်လွှတ်တော်မှာ ၇ နေရာရယ်၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာရယ်၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာရယ်၊ စုစုပေါင်း ၁၅ နေရာ အနိုင်ရထားပါတယ်။ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ် စတဲ့ မြို့နယ်တွေမှာ အနိုင်ရထားတာလည်း ဖြစ်ပါတယ်။”
အခုရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်မှာ ၇ နေရာ အမျိုးသားလွတ်တော်မှာ ၄ နေရာ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ အနိုင်ရရှိထားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှတော့ စစ်တွေနှစ်နေရာနဲ့ တောင်ကုတ် တစ်နေရာကိုသာ ထုတ်ပြန်ထားပါသေးတယ်။
ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်နေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။ ဒါပေမဲ့လည်း တနိုင်ငံလုံးမှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကသာ ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် ရခဲ့တဲ့အတွက် နိုင်ငံရေးအရ အားပြိုင်မှုတွေလည်း ရှိခဲ့ပါတယ်။ ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ်အနေနဲ့ ဒေသခံ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ လက်တွဲနိုင်မလားဆိုတာ စောင့်ကြည့်ရလိ့မ်မယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲက ၂၀၁၅ ရွေးကောက်ပွဲ ပြီးကတည်းက နိုင်ငံရေး အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသေးဘူးလို့ ကျနော်တို့မြင်တယ်။ အဲဒါကြောင့် အခု ၂၀၂၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက ဘယ်လောက်ထိ အပြောင်းအလဲ လုပ်နိုင်မလဲ ဘယ်လောက်ထိ ကြိုးစားအားထုတ်နိုင်မလဲဆိုတဲ့ အပေါ်မှာလည်း အဓိက မူတည်ပါလိမ့်မယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာက နိုင်ငံရေး အပြောင်းအလဲ မရှိသေးတဲ့ အခြေအနေ အဲဒါကြာင့် လာမယ့် အစိုးရက နိုင်ငံရေးကို ဘယ်လိုပုံစံနဲ့ အပြောင်းအလဲ လုပ်မလဲ ဆိုတာကို ကျနော်တို့ လေ့လာ စောင့်ကြည့်ပါအုံးမယ်။”
ရွေးကောက်ပွဲ မဲရလဒ်တွေအရ အများစု အနိုင်ရတယ်လို့ ခန့်မှန်းထားတဲ့ အာဏာရ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်ကတော့ ပြန်လည်သင့်မြတ်ရေးအတွက် ညီညွတ်တဲ့အစိုးရတရပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ထားကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကြပ်အတည်းတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံနိုင်ငံရေးအင်အားစုတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်နေတယ်လို့ သုံးသပ်ပါတယ်။
“NLD ပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ အများဆုံးနိုင်တဲ့ ရခိုင်ပါတီတွေနဲ့ ဆွေးနွေးဖော်ဖက်လို သဘောထားပြီးတော့ အစိုးရဖွဲ့မယ်။ ဝန်ကြီးချုပ် ဘယ်သူယူမယ်ဆိုတာကတော့ ပြသာနာ တစ်ခုပေါ့ဗျာနော်။ တကယ်အရေးကြီးတာက အများဆုံးနိုင်ထားတဲ့ ရခိုင်ပါတီတွေကို ဆွေးနွေးဖော်လို သဘောထားပြီးတော့ အစိုးရဖွဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကို အများဆုံးအနိုင်ရထားတဲ့ ရခိုင်ပါတီတွေနဲ့ ဆွေနွေးဖြေရှင်းမယ်ဆိုရင် ဒီပြဿနာတွေ ပြေလည်နိုင်ပါတယ်။ ပြဿနာ ပြေလည်ဖို့ လမ်းစတွေ့နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၂၀၁၅ အတိုင်းပဲ သွားမယ်ဆိုရင်တော့ နည်းနည်း ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။”
တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံတွေကတော့ ဒီမိုကရေစီကို ရှေ့ရှုတဲ့ ခြေလှမ်းတရပ်အဖြစ် ချီးကျုးခဲ့ကြပေမဲ့ အားလုံးပါဝင်ခွင့်ရှိဖို့ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ရှိဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လည်း မဲဆန္ဒနယ်မြေတချို့ ပယ်ဖျက်ခဲ့တာလို စိုးရိမ်စရာ အခြေအနေတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားကြပါတယ်။
[Unicode Version]