သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပါတီတွေပေါ် NLD ပါတီကမ်းလှမ်းမှု ဒေါက်တာမျိုးညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်


NLD ပါတီကို ထောက်ခံသူတချို့ကို ရန်ကုန်မြို့မှာတွေ့ရ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)
NLD ပါတီကို ထောက်ခံသူတချို့ကို ရန်ကုန်မြို့မှာတွေ့ရ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရွေးကောက်ပွဲမှာ လက်ရှိမဲအများစုရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သူတို့အနေနဲ့ တိုင်းရင်းသားဆန္ဒ အလေးထားပြီးဆောင်ရွက်မှာမို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားပါတီတွေ ကို ကမ်းလှမ်းလိုက်ပါတယ်။ ဘုံရည်မှန်းချက်အတွက် တိုင်းရင်းသားပါတီပေါင်း ၄၀ နီးပါးကို ကမ်းလှမ်းလိုက်တဲ့ ဒီနေ့စာထဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းပြောထားတဲ့အပေါ် ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတာမှာ အခုလိုစရှင်းပြပါတယ်။

ဒေါက်တာမျိုးညွန့်။ ။ ဒီနေရာမှာ တခု ကျနော်ရှင်းပြချင်တာက ဒီမိုကရေစီ ဖက်ဒရယ်နဲ့ ဖယ်ဒရယ် ဒီမိုကရက်တစ် ယူနီယန်ဆိုပြီးတော့လေ အများကြီး အငြင်းပွားကြတယ်ခင်ဗျ။ ဆိုတော့ ကျနော်တို့ ဦးတည်နေတဲ့ ပြည်ထောင်စုဟာ ဒီမိုကရေစီအခွင့်အရေးတွေရော၊ ဖက်ဒရယ်ရပိုင်ခွင့်တွေရော အကုန်လုံး နှစ်ခုလုံးပါတဲ့ ပြည်ထောင်စုလို့ ကျနော်တို့ ဆိုလိုတာပါ။ အဲဒီတော့ စာရေးတဲ့အခါမှာတော့ ကျနော်တို့က ဒီမိုကရေစီကို အရှေ့မှာရေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖက်ဒရယ်ကို တကယ်သွားမယ်ဆိုရင် ဒီ လွှတ်တော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သားတွေ၊ တပ်မတော်ရဲ့ နိုင်ငံရေး ပါဝင်မှုတွေဟာ ထိုက်သင့်တဲ့ ပမာဏ တခုအထိ ကျနော်တို့ လျှော့ချဖို့လိုမယ်လို့ ထင်ပါတယ်။ အဲဒီလို မလျှော့ချဘဲနဲ့ကျနော်တို့ ဖက်ဒရယ်ကို ပေးလိုက်ရင် ဒီ ၂၅ % နဲ့ ပေါင်းတဲ့ နိုင်ငံရေးပါတီတွေဟာ အမြဲတမ်း အထက်စီး ရနေပြီးတော့ ပြည်ထောင်စု စစ်စစ်ပေါ်ပေါက်ရေးမှာ အခက်အခဲရှိနိုင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဆိုတော့ ဘယ်လိုမျိုး စတင်ပူးပေါင်း ဆောင်ရွက်လာဖို့ မျှော်လင့်ထားလဲဆရာ NLD ဘက်ကနေပြီးတော့လေ။

ဒေါက်တာမျိုးညွန့်။ ။ တကယ်တမ်း အခုလို ကမ်းလှမ်းလိုက်တဲ့အခါမှာ ပြဿနာကို ဖြေရှင်းချင်တဲ့ ထက်သန်တဲ့ ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီတကြိမ်မှာတော့ ထူးခြားတဲ့ အောင်မြင်မှုရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီတပ်မတော်ကလည်း ပါတီရယ်၊ နိုင်ငံနဲ့ လူမျိုး အကျိုးအတွက် ဦးထိပ်ထားတဲ့ စေတနာကို နားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်လာမယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်တာတွေတော့ အများကြီးရှိနိုင်တာပေါ့ဗျာ။ ဥပမာ AA ဆိုရင် ဖမ်းဆီးထားတဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လွှတ်ပေးလိုက်တာမျိုး လုပ်လိုက်မယ်၊ နောက် သူတို့ တဘက်သတ် အပစ်အခတ်ရပ်စဲရေး လုပ်မယ်၊ ဒါဆိုရင် တပ်မတော်ကလည်း အပစ်အခတ် ရပ်စဲလိုက်မယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးရေး လမ်းပွင့်သွားမယ်။ AA နဲ့ ဆွေးနွေးရေး လမ်းပွင့်သွားမယ်ဆိုရင် မြောက်ပိုင်း မဟာမိတ်တွေနဲ့ ဆွေးနွေးမှုလမ်းတွေလည်း ပွင့်သွားမယ်။ အဲဒီလိုမျိုး တဆင့်ချင်း၊ တဆင့်ချင်း တိုးတက်လာဖို့ အလားအလာတွေတော့ ရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ တပ်မတော်အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ပေးဖို့ အနေအထားမှာ ဒီအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုအနေအထား ဘယ်လိုရှိလဲဆရာ။

ဒေါက်တာမျိုးညွန့်။ ။ ဒါက ဦးသိန်းစိန်အစိုးရ လက်ထက်မှာတောင် မအောင်မြင်ခဲ့ပါဘူး ခင်ဗျ။ သို့သော် ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေတွေ နောက် နိုင်ငံမှာ ဒီ နှစ်ပေါင်း ၇၀ ကြာတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေချင်တဲ့ ထက်သန်တဲ့ဆန္ဒရှိရင် ဒီဟာ စမ်းသပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြည့်ဖို့ သင့်တော်ဆုံး အချိန်လို့ ကျနော်ကတော့ မြင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အခုလို တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်တဲ့အဆင့် အထူးသဖြင့်တော့ အကြမ်းဖက်အဖွဲ့ ကြေငြာထားတဲ့အဖွဲ့ကို အပစ်အခတ်ရပ်တဲ့အထဲမှာ မထည့်ထားတဲ့အတွက် အဲဒီအဆင့်ကနေ စလုပ်သင့်တယ်လို့ရော ယူဆမိလားဆရာ။

ဒေါက်တာမျိုးညွန့်။ ။ ဒါကတော့ ကျနော်တို့ လက်တွေ့ စကားပြောကြည့်မှ ဘယ်လို စသင့်တယ်ဆိုတာကတော့ ပေါ်လာပါလိမ့်မယ်။ ခုနေကျတော့ မှန်းဆချက်တွေ များနေတဲ့အတွက် လက်တွေ့အလုပ်တွေက မဖြစ်နိုင်ပါဘူး။

ကိုဝင်းမင်း။ ။ ဒီနေရာမှာ ရခိုင်ပါတီအနေနဲ့ပေါ့နော်... ဝင်ရောက်ပြီးတော့ ကြားကနေ ကူညီပေးနိုင်တဲ့ အနေအထားမျိုး အခုအကြောင်းကြားစာကနေတဆင့်ပေါ့နော်... အခုကြေငြာချက်ကနေတဆင့် ဖြစ်လာဖို့ အလားအလာရော။

ဒေါက်တာမျိုးညွန့်။ ။ ကျနော်တို့ နိုင်ငံရေးလုပ်တဲ့အခါမှာ အကောင်းမြင်ဝါဒကို ကိုင်ဆွဲပြီး လုပ်ပါတယ်ခင်ဗျ။ အဲဒီတော့ ကောင်းမွန်တဲ့ အရွေ့တခုတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ အဓိကတော့ ရွေးကောက်ပွဲနိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီပေါ့နော်... ရခိုင်ပြည်နယ်မှာလေ သူတို့ကိုရော အဓိက ဘာပြောချင်လဲ။

ဒေါက်တာမျိုးညွန့်။ ။ ဒီမိုကရေစီအခွင့်အရေးရော၊ ဖက်ဒရယ်အခွင့်အရေးရော အပြည့်အဝရှိတဲ့ ပြည်နယ်တခုအနေနဲ့ ပြည်ထောင်စုအတွင်းမှာ ဆက်လက်နေထိုင်ခြင်းဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်ဆိုတာကို သူတို့ သဘောပေါက်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်နေပါတယ်။ AA ကတော့ ကြေငြာချက်ထုတ်တယ် ကြားတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ AA ရခိုင် လက်နက်ကိုင်အဖွဲ့ကတော့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ အမြန်ဆုံး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ သူတို့ဘက်ကတော့ အပစ်ရပ်သက်တမ်းတိုးထားတယ်ပေါ့နော်။ အစိုးရနဲ့ တပ်မတော်ဘက်ကသာ အပစ်ရပ်ပြီး ဆက်လုပ်ပေးဖို့ကို တောင်းဆိုထားပါတယ်ခင်ဗျ။

ဒေါက်တာမျိုးညွန့်။ ။ ဒါကတော့ ကျနော်တို့ နားလည်သရွေ့ကတော့ အထွေထွေရွေးကောက်ပွဲပြီးရင် ကြားဖြတ်ရွေးကောက်ပွဲပဲ လုပ်လို့ရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို အထွေထွေရွေးကောက်ပွဲနဲ့ ကာလဘယ်လောက်ကြာမှ လုပ်ရမယ်ဆိုတာ ဥပဒေမှာ သတ်မှတ်ပြီးသားရှိပါတယ် ခင်ဗျ။ တနှစ်ကျော်မှ လုပ်ရတာပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ။ အခုအနေအထားကိုရော AA ကို အဓိက ဘယ်လိုစကားပါးချင်လဲ ဆရာ။

ဒေါက်တာမျိုးညွန့်။ ။ ကျနော်တို့ကတော့ ကောင်းတဲ့အလုပ်တွေကို လုပ်ပြခြင်းအားဖြင့် မိမိရဲ့ စိတ်စေတနာကောင်းကို ဖော်ထုတ်ဖို့ သင့်တော်ဆုံးအချိန်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။

ကိုဝင်းမင်း။ ။ ဒီနေရာမှာ နောက်တခုကတော့ ရွေးကောက်ပွဲမှာ တော်တော်များများ နေရာတွေနိုင်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုရော... ဆရာ အဓိက ဘာပြောချင်လဲ ခင်ဗျ။

ဒေါက်တာမျိုးညွန့်။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တချို့ နိုင်ငံရေးနည်းဗျူဟာတချို့နဲ့ ပတ်သက်ပြီးတော့ အမြင်ကွဲကောင်းကွဲပါလိမ့်မယ်။ သို့သော် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပန်းတိုင်ရောက်တဲ့အခါမှာ မဟာမိတ်ဟောင်းများ လိုလားတဲ့အတိုင်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ပြည်နယ်တခု အဖြစ် ပီပီပြင်ပြင် ပေါ်ထွက်လာတာကို ကိုယ်တိုင်မြင်ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG