သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ် မွတ်ဆလင် ၂ ဦးရဲ့ နိုင်ငံရေးသဘောထား


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမတ်လောင်းနှစ်ဦး ကိုစည်သူမောင် နှင့် ဒေါ်ဝင်းမြမြ (ဓါတ်ပုံ credit-AFP နှင့် DualArts Press Blog)
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမတ်လောင်းနှစ်ဦး ကိုစည်သူမောင် နှင့် ဒေါ်ဝင်းမြမြ (ဓါတ်ပုံ credit-AFP နှင့် DualArts Press Blog)

(Zawgyi/Unicode)

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမတ်လောင်းနှစ်ဦးစလုံးအနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်က ကိုစည်သူမောင်နဲ့ မန္တလေးက ဒေါ်ဝင်းမြမြတို့ကတော့ လူနည်းစုဘာသာဝင်တွေ အတွက်တင်မဟုတ်ပဲ ဘာသာပေါင်းစုံညီညွတ်ရေးအတွက် ဦးတည်ကြိုးပမ်းသွားမယ်လို့ ပြောကြပါတယ်။ NLD ပါတီရဲ့ အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအကြောင်း စုစည်းတင်ပေးပါမယ် ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးမှ မထည့်ခဲ့ပဲ ၂၀၂၀ ကျမှသာ ပါတီကိုယ်စားပြု အမတ်လောင်းနှစ်ယောက်ကို ရွေးချယ်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်အနေနဲ့ အာဏာရပါတီကိုယ်စားပြုမယ့်အရေးဟာ ဝေဖန်စရာဖြစ်ခဲ့တာပါ။

ဒီနှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ခံယူချက်ကိုတော့ ကိုစည်သူမောင်က အခုလိုပြောပြပါတယ်။

“Candidate က မွတ်ဆလင် candidate မဟုတ္ပါဘူး၊ NLD candidate ပါ ။ NLD ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ပန်းဘဲတန်းမှာပြိုင်တာကြောင့် ပန်းဘဲတန်းမှာနေတဲ့ ဘာသာပေါင်းစုံ ဟိန္ဒူ ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ ၊ ကရင် ၊ ရခိုင် ဒီမှာနေတဲ့ တိုင်းရင်းသားအားလုံးရဲ့အရေးကိုဆောင်ရွက်ရမှာဖြစ်တယ်။ ဘာသာဝင်တစ်စု လူမျိုးတစ်စု အတွက်လုပ်တဲ့ နိုင်ငံရေးဟာ အလွန်အင်မတန်ကျဉ်းမြောင်းတဲ့နိုင်ငံရေးဖြစ်တယ်။ ဘာသာရေးဆိုတာ တစ်သီးပုဂ္ဂလဘဝထဲက ရွေးချယ်မှုပဲဖြစ်တယ်။ ဘာသာရေးကိုနိုင်ငံရေးနဲ့ရောထွေးတဲ့ထဲမှာ ကျွန်တော်မပါဘူး ဖြောင့်ဖြောင့်တန်းတန်းပဲနိုင်ငံ့အရေးကိုကျွန်တော်တို့လုပ်မယ် ”

ကိုစည်သူမောင်ဟာ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးမှာ ကျောင်းသားခေါင်းဆောင် အဖြစ်ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံရပြီး အကျဉ်းချခံခဲ့ရသူဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကယှဉ်ပြိုင်ခဲ့တဲ့ ကိုစည်သူမောင်ဟာ ပန်းဘဲတန်းမြို့နယ်အတွင်း မဲအားလုံးရဲ့ ၈၄ % ရရှိခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေထက် မဲအရေအတွက် ၁ သောင်းကျော်အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

NLD ကိုကိုယ်စားပြုပြီး အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ရတဲ့အခါ စိန်ခေါ်မှုတွေ ကြုံခဲ့ရတယ်လို့လည်း ကိုစည်သူမောင်ကပြောပါတယ်။

“ပထမတစ်ခုက အလွတ်သတင်းထောက် ကိုပါကြီးနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုတင်ပြီး ကျွန်တော်က ဖောက်ခွဲရေးသမားပါလို့ တိုက်ခိုက်ပါတယ်။ နောက်တစ်ခုက စည်သူမောင်က ဘကကျောင်းတွေကို ဖျက်ပြီး အာရဘီစကားကို ကျောင်းသင်ခန်းစာတွေမှာထည့်ဖို့ လုပ်နေတယ်ဆိုပြီးဖွပါတယ်”

NLD ပါတီရဲ့ မွတ်ဆလင်လွှတ်တော်ကိုယ်စားလှယ်လောင်း နောက်တဦးဖြစ်တဲ့ ဒေါ်ဝင်းမြမြကတော့ စည်းရုံးလှုပ်ရှားမှုတွေမှာ အခက်အခဲ ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ကိုယ်တိုင် အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပေမဲ့ နိုင်ငံရေးမှာ ဘာသာရေးကို မရောယှက်ဘူးလို့လည်း ဗွီအိုအေကိုပြောပါတယ်။

“မဲဆွယ်တဲ့ ကာလမှာ ဘာသာရေးနဲ့ပတ်သတ်ပြီးတော့မှ ဘာမှ အခက်အခဲမရှိဘူး။ နိုင်ငံရေး လုပ်ခဲ့တဲ့အခါမှာလည်း ဘာသာရေးကိုအခြေခံပြီးလုပ်တာမဟုတ်ဘူး နိုင်ငံ့အရေးကိုလုပ်တာ အမျိုးသားရေးကိုလုပ်တာ ဘာသာရေးကိုထည့်မတွက်ခဲ့ဘူး။ ကိုယ့်ကိုလည်း ဘယ်သူကမှ ထည့်မတွက်ခဲ့ဘူး နိုင်ငံရေးလုပ်တဲ့သက်တမ်းတစ်လျှောက်လုံးမှာ။ ဘာကြောင့်လဲဆို နိုင်ငံရေးလုပ်တာလေ ဘာသာရေးမလိုဘူး ”

NLD ပါတီ ပထမဆုံးအကြိမ် အာဏာရခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်းတွေ မပါဝင်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ဘူးပါတယ်။ NLD ပါတီကတော့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ ပြဿနာတွေ ပေါ်ပေါက်နေချိန်မှာ နိုင်ငံရေးအရ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ကိုစည်သူမောင်ကတော့ အစွန်းရောက်တဲ့ သဘောထားရှိသူတွေကြောင့် တင်းမာမှုတွေ ကြုံခဲ့ရတာတွေကို NLD ပါတီအနေနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ကာလတုန်းက အားလုံးလည်းသိပါတယ် အမျိုးသားရေးအမည်ခံတက်ကြွလှုပ်ရှားတဲ့သူတွေပေါ့နော် ဘာသာရေးလူမျိုးရေးကိုအခြေခံတဲ့ ဆူပူလှုံဆော်မှုတွေပေါ့နော် ကျွန်တော်တို့နိုင်ငံမှာ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် သတင်းတုသတင်းမှားတွေကြောင့်ဖြစ်ခဲ့တာကိုတွေ့ရမယ် တကယ်တော့ဗျာ ရွှေဝါရောင်သံဃအရေးအခင်းကိုပဲ ဥပမာပေးရမယ်ဆိုရင် ကျွန်တော်တို့ဘာသာမတူသူတွေဟာ လက်ချင်းချိတ်ပြီးတော့ သံဃာတွေကို ကာကွယ်ပေးခဲ့ကြတယ် မတူညီတဲ့လက်တွေချိတ်ပြီး တူညီတဲ့ပန်းတိုင်ကိုသွားခဲ့ကြတယ် ။ ဒါဟာ ဒီမိုကရေစီကိုအတူတကွမက်မောတမ်းတနေလို့ပဲ အဲဒီမှာဘာသာပေါင်းစုံပါတယ် ။ ဒီအချိန်မှာ လူမျိုးရေးဘာသာရေးသွေးထိုးလှုံ့ဆော်မှုတွေဟာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ် ၂၀၁၅ မှာလည်း NLD က အတိုင်းအတာ တခုထိ ထိန်းသိမ်းထားနိုင်ခဲ့တယ်”

NLD ပါတီ အနိုင်ရ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြကတော့ မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက် လှုပ်ရှားမှုတွေမှာ နောက်ကွယ်က ကြိုးကိုင်သူတွေရှိတယ်လို့ ရှုမြင်ပါတယ်။

“ဘာသာရေးအစွန်းရောက်လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ သဘောဆန္ဒဆိုတာထက် နောက်ကွယ်က အင်အားတစ်ခုက စေခိုင်းတယ်လို့ပြောလို့ရတယ် လူတိုင်းလည်းဒီလိုပဲတွက်တယ်။ အခုနောက်ဆုံး ကာဘိုးတို့ မိတ္ထီလာတို့မှာ ဝင်ရောက်တာတို့ကျတော့ အဲဒီအဆင့်ထက်က သာသွားပြီ၊ အစွန်းရောက်အုပ်စုကမှ NLD ကို တိုက်ခိုက်ဖို့ဆိုရင် ဘာသာရေးကိုသုံးလို့ရရင်လည်း သုံးမှာပဲ ဘလိုင်းကြီး ဝင်ရိုက်တဲ့ အလုပ်ကိုလုပ်ချင်လုပ်မှာပဲ ဒါလက်တွေ့ပဲ သူတို့ရဲ့ ပင်ကိုယ်စိတ်တွေလို့ မထင်ပါဘူး နောက်ကွယ်က စေခိုင်းသူရှိပါတယ်။ အဲလိုပဲ ယူဆပါတယ် ”

တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားတဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန် စတဲ့နိုင်ငံတွေက ကြိုဆိုခဲ့ကြပေမဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်ရဖို့ အပါအဝင် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

...............


(Unicode)















XS
SM
MD
LG