သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးကနေ ဖယ်ရှားခံရတဲ့ ကယားဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန် အနိုင်ရ


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို။ (ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို။ (ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)

(Zawgyi/Unicode)

မြန်မာ့ လွှတ်တော် ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ် အခြေအနေ၊ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကိုမ သိင်္ဂ ီထိုက်က စုစည်းတင်ပြပေးပါမယ်။

COVID 19 ကပ်ဘေးကာလ စည်းကမ်းတွေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရသူတွေ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတဲ့ ၂၅ ဦးမှာ အားလုံးက လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အများစု အာရုံစိုက်နေကြတဲ့ ပြည်နယ် မဲဆန္ဒနယ် တချို့မှာပါ NLD က အနိုင်ရနေပါတယ်။ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်တယ်လို့ ပြည်နယ် လွှတ်တော်က မဲခွဲ အတည်ပြုချက်နဲ့ ကယား ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရသူ ဦးအယ်လ်ဖောင်းရှိုးလည်း ကယား ပြည်နယ် မယ်စဲ အမှတ် ၂ မဲဆန္ဒနယ်မှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည် ရွေးကောက်ခံရပါတယ်။

“ ဦးအယ်လ်ဖောင်းရှို နိုင်ငံသား စိစစ်ရေးကတ် အမှတ် ၂/မစန(နိုင်) ၀၀၀၁၇၁ မဲဆန္ဒနယ် မယ်စဲ(၂) ကိုယ်စားပြု ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ။ ”

အစိုးရ ရုပ်သံကနေ ကြေညာသွားတာပါ။ နိုဝင်ဘာလ ၉ ရက်နေ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အနိုင်ရသူ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့ ၁၆ ဦးမှာ အားလုံးက NLD ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ တိုင်းဒေသကြီးတွေ အပြင် ကယားနဲ့ ချင်းပြည်နယ်မှာ ၄ နေရာ တရားဝင် အနိုင်ရထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ခွင့် ရှိတဲ့ ပြည်ထောင်စု လွှတ်တော် အမတ် ဦးရေ ၄ ပုံ တပုံ ရဲ့ ထောက်ခံမှု မရဘူးဆိုရင် နိုင်ငံရေး ပါတီတွေ အနေနဲ့ အစိုးရ ဖွဲ့နိုင်ရေး အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ အမတ်ဦးရေ ၃၂၂ ဦး ရဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် ၂ ကြိမ် စလုံးမှာတော့ NLD ဟာ လွှတ်တော်တွင်း စစ်တပ် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု မရခဲ့ပါဘူး။

နိုဝင်ဘာလ ၉ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပထမဆုံး ထုတ်ပြန်တဲ့ အမျိုးသား လွှတ်တော် အနိုင်ရ ကိုယ်စားလှယ် ၃ ဦးကတော့ အားလုံး NLD က ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် အနိုင်ရ ၆ ဦးကလည်း NLD က ဖြစ်ပါတယ်။ ဒါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် အတည်ပြု ကြေညာထားချက် ဖြစ်ပါတယ်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ ရွေးကောက်ပွဲမှာ အများစု အနိုင်ရမယ်လို့ ခန့်မှန်းထားကြောင်း ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က ဗွီအိုအေကို ပြောပါတယ်။

“အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၃၂၂ ဦး၊ ပြည်ထောင်စုလွှတ်တော်နေရာကတော့ ကျော်သွားပါပြီ။ ကျနော်တို့ ၃၉၀ ကိုတောင် ဒါဆိုတော့ ၂၀၁၅ တုန်းက ရလဒ်ပေါ့။ ဒါကိုပါ ထပ်ကျော်လိမ့်မယ်လို့ ကျနော်တို့ကတော့ အခုတော့မှန်းထားတယ်။ ဒါပေမဲ့ အတိအကျကတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။”

NLD က သီးခြား ပြုစုထားတဲ့ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်း အရတော့ နိုဝင်ဘာလ ၉ ရက် နောက်ဆုံး ရလဒ် အဖြစ် ပြည်သူ့လွှတ်တော် နေရာ ၅၈ နေရာ အနိုင်ရမှု အခြေအနေက ၉၂ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အမျိုးသား လွှတ်တော် ၄ နေရာ နိုင်ပြီလို့ ဖော်ပြထားပါတယ်။

NLD အနိုင်ရနေတဲ့ အပေါ် မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ရန်ကုန် မြို့ခံ ဦးကျော်မင်းဟန်ကတော့

“အရင် ရွေးကောက်ပွဲတွေနဲ့ စာရင် အားရ ကျေနပ် နှစ်သက်တယ်လို့ ပြောရမှာဘဲ။ ”

COVID 19 ကပ်ဘေးရောဂါ တားဆီး ကာကွယ်ရေး စည်းမျဉ်းတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ အပေါ် ဦးကျော်မင်းဟန်က အားရကျေနပ်တာပါ။ ရန်ကုန်မြို့ခံ ဒေါ်နုနုကတော့ လာမယ့် အစိုးရသစ် ၅ နှစ် သက်တမ်းမှာ စီးပွားရေး ပိုကောင်းလာဖို့ လိုလားနေသူပါ။

“ကျမတို့က မပြေလည်တဲ့သူတွေ ဆိုတော့ စီးပွားရေး ပြေလည်ချင်တာပေါ့နော်။”

COVID -19 ကပ်ရောဂါ ပျံ့နှံ့ ကူးစက်မှု ကာလနဲ့ တိုက်ဆိုင်နေတဲ့ အပြင် နိုင်ငံတွင်း လုံခြုံရေး အားနည်းချက်ကြောင့် မဲဆန္ဒနယ် တချို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ကပ်ဘေးဆိုင်ရာ စည်းကမ်းတွေကြောင့် နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေလည်း တက်တက်ကြွကြွ မလုပ်နိုင်ခဲ့ပါဘူး။ ပါတီကြီး ၂ ရပ်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတို့လောက်ဘဲ မဲဆွယ် စည်းရုံးမှု တချို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားက အောင်မြင်အောင် ကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲ အပေါ် အမေရိကန် ပြည်ထောင်စုက ဂုဏ်ပြုကြောင်း တနလာၤနေ့မှာ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပါတယ်။

စစ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် နိုင်ငံတဝန်း ယှဉ်ပြိုင်နိုင်တဲ့ ဒုတိယမြောက် ရွေးကောက်ပွဲ ဖြစ်တဲ့ အခု လွှတ်တော် ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွက် အရေးကြီးတဲ့ အဆင့် တရပ်ကို တက်လှမ်းမှု အဖြစ် အမေရိကန် အစိုးရက အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေး ဝန်ကြီး Pompeo ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ပိုပြီး ဒီမိုကရေစီ နည်းကျတဲ့ အရပ်သား အစိုးရ ဖြစ်ရေး အဟန့်အတားတွေ ဖြစ်တဲ့ လွှတ်တော်ထဲမှာ အခြေခံ ဥပဒေ ပြဌာန်းချက်နဲ့ ရွေးကောက်ခံစရာမလိုဘဲ စစ်တပ်က လွှတ်တော် အမတ်နေရာ အများအပြား ရယူထားမှု၊ ရိုဟင်ဂျာတွေ အပါအဝင် မဲပေးခွင့် ဆုံးရှုံးရသူတွေအရေး၊ မဲပေးပွဲ မကျင်းပနိုင်တဲ့ နေရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်မီဘူးလို့ တဖက်သတ် ဆုံးဖြတ်ခံရပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့သူတွေ အရေးကိုတော့ အမေရိကန်က စိုးရိမ်ကြောင်းလည်း ဖော်ပြပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ အရေး ကြိုးစားနေတဲ့ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ မိတ်ဖက် အဖြစ် အမေရိကန် ပြည်ထောင်စုက ဆက်လက် ရပ်တည်နေကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ မြန်မာ အစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို အသိအမှတ် မပြုတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေရှ့်မှာ ဆက်ရှိနေသလို၊ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရသူတွေ၊ နေရပ်ရင်းမှာ ဆက်လက် နေထိုင်နေရသူလတွေလည်း နိုင်ငံသား ကိစ္စကြောင့် မဲပေးခွင့် မရကြပါဘူး။ ဥရောပ သမဂ္ဂကလည်း မြန်မာ့ ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ ငြိမ်ငြိမ်းချမ်းချမ်းရှိပြီး လူထု ပါဝင်မှု တက်တက်ကြွကြွ ရှိတဲ့ အပေါ် ဥရောပ သမဂ္ဂ EU က ချီးကျူး ဂုဏ်ပြုထားပါတယ်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဟာဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အပြည့်အ၀ ဆောင်ရွက်နိုင်ရေး အထူးဘဲ အဟန့်အထား ဖြစ်နေကြောင်း အခြေခံ အခွင့်အရေးတွေကို ကျင့်သုံးတာမှာလည်း အတားအဆီး ဖြစ်စေတယ်လို့ EU ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံတွင်းက လူနည်းစုတွေ၊ မျိုးနွယ်စုတွေ ဘာသာပေါင်းစုံ အားလုံး ပါဝင်နိုင်ရေး အတွက်ကိုတော့ EU က ဆက်ပြီး တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)


















XS
SM
MD
LG