သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု ဆက်ရှိနေဆဲ


မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့် စစ်ရေးဆက်ဆံမှုနဲ့ပတ်သက်တဲ့ မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ ၁ ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားအရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ် လုပ်ငန်းတွေမှာ ပတ်သက်တဲ့ Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိရုံးက ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးတို့ကို အရေးယူစာရင်းထဲ ထည့်လိုက်တာပါ။

အခုနှစ်ဆန်းပိုင်းတုန်းကလည်း ဒီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကိုလည်း မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံမှုအတွက် အရေးယူဒဏ်ခတ်တဲ့စာရင်းထဲမှာ ထည့်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံသား ၃၀ လောက်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံတရုံထဲမှာ အလုပ်လုပ်နေကြဆဲ ဖြစ်တယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနဲ့မြောက်ကိုရီးယား စစ်ဘက်ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက သတိပေးနေတဲ့ကြားကာ ဆက်ဆံရေးဆက်ပြီးရှိနေတဲ့အပေါ် သုံးသပ်ချက်ကိုတော့ မြန်မာထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စ ဖြေကြားခဲ့ပါတယ်။

“၁၉၉၂ ခုနှစ်နောက်ပိုင်းကတည်းက မြောက်ကိုရီးယားလက်နက်ပညာရှင်တွေဟာ ကာကွယ်ရေးပစ္စည်း စက်ရုံတွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ ပထမအသုတ်တွေက အရင်တုန်းက ရန်ကုန်လေဆိပ်ကနေ ဝင်ပါတယ်ခင်ဗျ။ MI ကို မဖြတ်ပါဘူး။ သူတို့ဟာသူတို့ ကာကွယ်ရေးပစ္စည်း ကကကြီးနဲ့ သူတို့ တိုက်ရိုက်ဆက်တယ်။ နောက်ပိုင်းကျတော့ သတင်းပေါက်တဲ့အခါကျတော့ မန္တလေးလေဆိပ်ပေါ့လေ မန္တလေးလေဆိပ်အသစ်မှာ သူတို့ဆင်းတယ်ခင်ဗျ။ ဆင်းပြီးတော့မှ ဘာပတ်စ်ပို့၊ ဘာဗီဇာမှမရှိဘဲနဲ့ သူတို့ တိုက်ရိုက် အထူးသဖြင့်တော့ ဆင်းတဲတို့ အဲ့ဒီကာကွယ်ရေးပစ္စည်း စက်ရုံတွေရှိတဲ့ဘက်ကို တောက်လျှောက်ခေါ်သွားတယ်။ အဲ့ဒါက ၉၃ - ၉၄ ခုနှစ်လောက်ကပေါ့လေ။”

“နောက်ပိုင်းမှာတော့ သူတို့ထပ်ပြီးတော့မှ ကျနော်သိသလောက်တော့ ဒုံးပျံစက်ရုံ မစ်ဇိုင်းကိစ္စတွေ၊ အမြောက်တွေ၊ လက်နက်တွေ တော်တော်များများက ဒီမြောက်ကိုရီးယားပညာရှင်တွေက လုပ်ပါတယ်။ သိသလောက်ကတော့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ ပြောပြချက်အရကတော့ အခု ပထမဆုံးအကြိမ် Sanction အသွင်းခံရတဲ့ ဗိုလ်ချုပ်ကြီးသိန်းဌေးရှိပါတယ်။ သူကိုယ်တိုင်က ပြောတဲ့သဘောရှိပါတယ်။ အမေရိကန်က မြောက်ကိုရီးယားနဲ့ ဆက်ဆံတာကို ဖျက်ခိုင်းတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ မြန်မာနဲ့က ဒီလက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့ တော်တော်လေး ထဲထဲဝင်ဝင် လုပ်ထားပြီးသားဖြစ်နေတယ်။ တော်တော်များများကိုလည်း ပိုက်ဆံ ဘာညာချေပြီးပြီ။ ပြန်ပြီးတော့ မြောက်ကိုရီးယားကနေပြီးတော့မှ လိုအပ်တဲ့ စစ်ပစ္စည်းတွေရဖို့ရှိပါတယ်။ အခုထိ တချို့ကိစ္စတွေမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေရှိပါတယ်။ လက်နက်နဲ့ပတ်သက်ပြီးတော့ တရုတ်လက်နက်ကလည်း မကောင်းဘူးဗျာ။ ရုရှားလက်နက်ကလည်း ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ အဲ့ဒီအခါကျတော့ မြောက်ကိုရီးယားလက်နက်က အဆင့်လည်းမှီတယ်။ ကောင်းလည်းကောင်းတယ်။ ဈေးလည်းသက်သာတယ်။ သူတို့ပြောတာကတော့ ပေါချောင်ကောင်းရတယ်ပေါ့ဗျာ။ အဲ့ဒါကြောင့်မို့လို့ သူတို့ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ လက်နက်တွေကို ဝယ်တယ်။ Technology တွေ သူတို့ဆီက ခေါ်တယ်။ ဒါတွေဟာ စဉ်ဆက်မပြတ် ဆက်ပြီးတော့မှ လုပ်ခဲ့တာတွေရှိပါတယ်။”

မေး။ ။ ဒီမြောက်ကိုရီးယားက လက်နက်တွေကို သူတို့က တင်ပို့တဲ့အခါမှာ ပတ်သက်နေတယ်ဆိုပြီးတော့ Asia Metal Company Ltd.၊ စိုးမင်းထိုက် Co. Ltd.၊ ဒီနှစ်ခုကိုလည်း အရေးယူဒဏ်ခတ်တဲ့စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုနဲ့ပတ်သက်လို့ရော ဘာတွေများ သိထားပါသလဲခင်ဗျ။
ဖြေ။ ။ “စိုးမင်းထိုက်ကိုတော့ ကျနော်သိတယ်ခင်ဗျ။ စိုးမင်းထိုက်ကတော့ အစကတည်းကပေါ့ဗျာ ဒီကုမ္ပဏီရဲ့ ကွန်နက်ရှင်နဲ့ဒါ မြောက်ကိုရီးယားက ပွဲစားပါပဲ။ ပွဲစားသဘောမျိုးနဲ့ မြောက်ကိုရီးယားရဲ့လက်နက်တွေကို သူက ကွန်တက်လုပ်ပြီးတော့မှ သွင်းခဲ့တာ။ အဲ့ဒါကအစပိုင်းပေါ့လေ ကျနော်တို့ရှိတဲ့ကာလအချိန်လောက်ပေါ့လေ။ နာမည်ကြီးခဲ့တာပေါ့။ Asia Metal Company နဲ့ပတ်သက်လို့ကတော့ ကျနော် မသိဘူးဗျ။”

မေး။ ။ ဟုတ်ကဲ့ စောစောကသိတဲ့ စိုးမင်းထိုက်ကုမ္ပဏီက ဗမာပိုင်ပဲလား၊ တခြားနိုင်ငံခြားသားတွေ ပိုင်တာရောရှိပါသလား။
ဖြေ။ ။ “အဓိကကတော့ နိုင်ငံခြားသားပိုင်မဟုတ်ဘူးဗျ။ ဗမာပိုင်ပဲ။ ကျနော်တို့ဆီမှာ လက်နက်တွေ ပိတ်ထားစဉ်တုန်းက ဘယ်လိုဝယ်သလဲ ဆိုတဲ့အခါကျတော့ ဥပမာဗျာ ဥရောပနိုင်ငံထဲကလက်နက်တွေ အီးယူထဲကို မဝင်တဲ့ ယူကရိန်းတို့ဘာတို့ ရှိသေးတယ်ဗျ အဲ့ဒီအချိန်တုန်းကလေ။ အဲ့ဒီလက်နက်တွေကိုကျတော့ အဲ့ဒီမှာရှိတဲ့ ဗမာတစ်ယောက်ပေါ့ဗျာ အဖွဲ့တွေက ရုံးဖွင့်ပြီးတော့မှ ဗမာပြည်ကိုသွင်းတာရှိတယ်။ အရင်တုန်းကတော့ West ကနေပြီးမှ ပေးတယ်ခင်ဗျ။ --- ဘာတို့ပေးတာတွေရှိတယ်။ ဆွီဒင်လုပ်တွေပေါ့လေ။ အဲ့ဒီသေနတ်တွေက ကျည်ဆန်မရှိတဲ့အခါကျတော့ အမေရိကန် war မှာ၊ အမေရိကန် war ဆိုတာက အာဖဂန်တို့ အီရတ်တို့မှာ ရှိတဲ့ သုံးတဲ့ ကျည်ဆန်တွေက တချို့မှောင်ခိုထွက်တာတွေရှိတယ်။ လက်နက်မှောင်ခိုတွေကနေတဆင့် သူတို့ ပြန်သယ်တာတွေရှိတယ်။ အဲ့တော့ ဗမာပြည်ကိုသယ်တဲ့အခါကျရင်လည်း ဗမာပြည်ကို ဘယ်တော့မှ မလာဘူး။ သင်္ဘောတွေက အရှေ့အလယ်ပိုင်းကိုသွားမယ်။ နောက်ပြီးရင် နှစ်ဆင့် သုံးဆင့်လောက်ပေါ့ဗျာ သွားပြီးတော့မှ နောက်ဆုံး စင်္ကာပူလောက်ကနေကျမှ ကျနော်တို့ ဗမာသင်္ဘောတွေနဲ့ သယ်တယ်။ ဒါ သတင်းပေါ့လေ။ ကျနော်တို့သတင်းအနေနဲ့ အဲ့လိုရှိတယ်။ အဲ့ဒီအတိုင်းပဲလုပ်တာပါပဲ။”

မေး။ ။ အခု ဒီ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကိစ္စမှာ သတိထားမိသလောက် ဒီနှစ်ထဲမှာပဲ အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်တဲ့သူတွေက DDI ပေါ့နော် ကကထုတ်က တာဝန်ရှိသူတွေကို လုပ်ထားတာ။ တကယ်တမ်းက ဒီဆက်ဆံရေးက ကကထုတ် DDI မှာပဲ အဓိကတာဝန်ရှိသလားခင်ဗျ။ တခြားကာကွယ်ရေးဌာန၊ ဒါမှမဟုတ် ကာကွယ်ရေးဦးစီးချုပ် ဒါတွေနဲ့ရော မပတ်သက်ဘူးလား။
ဖြေ။ ။ “အဓိကကတော့ အရင်ကတည်းက ကျနော်တို့ပြောခဲ့ဖူးတယ်။ ကျနော်တို့ သံအမတ်ကြီး ဦးလင်းမြိုင်တို့ ကျနော်တို့ကိုယ်တိုင် US က Senator Richard Lugar ဆီအထိပါသွားပြီးတော့မှ မြောက်ကိုရီးယားနဲ့ တပ်မတော်နဲ့ ဆက်ဆံမှုရှိသလားဆိုတာ ကျနော်တို့ကို မေးခဲ့ဖူးပါတယ်။ အပေါ်ကို မေးတဲ့အခါကျတော့ ဗြောင်လိမ်ခိုင်းလို့ လိမ်ခဲ့ရတယ်။ ရှင်းရှင်းပြောရင်တော့ဗျာ ပြောရရင်တော့မကောင်းဘူး။ ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက ကွန်နက်ရှင်တွေခင်ဗျ။ ဒီဘက်ပိုင်းမှာလည်း အဲ့ဒီဥစ္စာတွေက မပြတ်သေးပါဘူး။”

မေး။ ။ အခုက ဒီမြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက ပတ်သက်လို့ အမေရိကန်က မြန်မာ့အရေးနဲ့ပတ်သက်လို့ မူဝါဒတွေမှာ တော်တော်လေး အလေးအနက်ထားတဲ့ကိစ္စရှိပါတယ်။ မြန်မာဘက်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အရာရှိတော်တော်များများကလည်း မြောက်ကိုရီးယားနဲ့မြန်မာ စစ်ဘက်ဆက်ဆံရေး မလုပ်တော့ပါဘူးဆိုတဲ့ဟာတွေ ကတိတွေ သူတို့ အတန်တန် ပေးနေပါတယ်။ ဒီလိုပေးနေတဲ့ကြားထဲက အခုလို ဆက်ဆံမှုတွေရှိနေတယ်။ အခုလို လက်နက်အရောင်းအဝယ်တွေ ရှိနေတဲ့ကိစ္စက ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ။ ။ “ကျနော်အယူအဆပြောရရင်တော့ သူတို့ ကမ္ဘာမှာပေါ့ဗျာ ကြားကောင်းအောင်လို့ ဒီမှာရှိပါတယ် ကိုစိုးသိန်းတို့၊ ကိုအောင်မင်းတို့ ဒီမှာလာပြီးတော့မှ လော်ဘီလုပ်ကြတယ်။ မလုပ်တော့ပါဘူး၊ မပြုတော့ပါဘူး။ နောက် သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် မလုပ်ပါဘူးဆိုတဲ့ဟာကို ပြောပြီးတော့မှ သူတို့ အောက်မှာဝင်နေတာ သင်္ဘောတွေက မသိပဲနေတာမှ မဟုတ်တာဗျာ။”

မေး။ ။ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဌာနက လုပ်နေတဲ့အပိုင်းတွေကို အစိုးရက မသိဘူးဆိုတာမျိုးဖြစ်နိုင်လား။
ဖြေ။ ။ “မဖြစ်နိုင်ပါဘူးခင်ဗျ။ လုံး၀ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စတွေကလည်း သမ္မတကြီး -- ကတည်းက။ ၉၂ တုန်းက သမ္မတကြီးက Col. GS ပါ။ အဲတော့ မြောက်ကိုရီးယားနဲ့ ဆက်အသွယ်လုပ်ခဲ့တဲ့ ကိစ္စတွေအားလုံးက သမ္မတကြီးက တိုင်းမှူးမဖြစ်ခင် ၉၈ ခုနှစ်အထိ သူ အဲ့ဒီမှာ involved ဖြစ်ပါတယ်။ သူကိုယ်တိုင်အားလုံး ကောင်းကောင်းသိတယ်။ ကိုရွှေမန်းက နောက်ပိုင်းမှရောက်တယ်။ နောက်ပိုင်းမှသိတယ်။ ဒါပေမဲ့ ကိုရွှေမန်းက involved ဖြစ်သွားတယ်။”

ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။
XS
SM
MD
LG