သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ်


ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ ဒုက္ခသည်စခန်းအတွင်းရှိ ရိုဟင်ဂျာများ။
ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ ဒုက္ခသည်စခန်းအတွင်းရှိ ရိုဟင်ဂျာများ။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြဆွေးနွေးသွားဖို့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မွတ်ဆလင်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံ မှာ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ အဓိက လွှမ်းမိုးခဲ့တဲ့ အထဲ ဆီးရီယားကိစ္စအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မွတ်ဆလင်အပေါ် အကြမ်းဘက် မှုတွေနဲ့ ပတ်သက်လို့ ဆော်ဒီအာရေဗီးယားနိုင်ငံ မကာမှာကျင်းပတဲ့ OIC ညီလာခံ ကနေ ပြစ်တင် ရှုတ်ချသွားပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကုလသမဂ္ဂအထိ တင်ပြ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ် လို့ ဆော်ဒီအာရေဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nizar Bin Obaid Madani က ပြောသွားပါ တယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပိုင်ခွင့် ငြင်းပယ်ခံရတာနဲ့ အကြမ်းဘက်မှုတွေ ဆက်ဖြစ်နေတာတွေ အပေါ် မြန်မာခေါင်းဆောင်တွေကို အပြင်းအထန် ရှုတ်ချကြောင်း ညီလာခံကနေ ထုတ်ပြန်ပါတယ်။ ဒီ ရိုဟင်ဂျာပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံအထိ တင်ပြဖို့အတွက် ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။”

OIC အဖွဲ့ဝင်တွေထဲမှာ မြန်မာအိမ်နီးချင်း အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေလည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂ ဘက်ကတော့ အခြေအနေတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် မြန်မာအာဏာပို်င်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့ အတွင်းရေး မှူးချုပ်ရုံး ပြောခွင့်ရသူ Eduardo Del Buey က ပြောပါတယ်။

“မြန်မာနိုင်ငံအခြေအနေက ဖြည်းဖြည်းချင်း သွားနေတဲ့သဘောပါ။ တိုးတက်လာမှုတွေ ရှိသလို နောက်ပြန်ဆုတ်တာတွေလည်း ရှိပါတယ်။ အခြေအနေက ငြိမ်မနေတာကို လက်ခံပါတယ်။ ရိုဟင်ဂျာကိစ္စကို အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို မြန်မာအာဏာပိုင်တွေနဲ့ တိုင်ပင်နေပါတယ်။ ဆက်ပြီးတော့လည်း ညှိနှိုင်းနေပါတယ်။ အခြေအနေတွေကို အတွင်းရေးမှူး ချုပ်ရော အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာနမ်ဗီယားကပါ စိုးရိမ်ပူပင်နေပါတယ်။”

နိုင်ငံတကာအနေနဲ့ကတော့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဘက်မှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းနေတာပါ။ ဒါပေမဲ့လည်း ဒီကိစ္စဟာ ရခိုင်ပြည်နယ်ထဲက ကိစ္စရပ်တခုသာဖြစ်ပြီး နိုင်ငံတကာ စုံစမ်းရေးအဆင့်လုပ်ဖို့ မသင့်တော်ပါဘူးလို့ မြန်မာအာဏာ ပိုင်တွေ ဘက်က တုံ့ပြန်ခဲ့ပါတယ်။

အကဲခတ်တွေကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အရင်းအမြစ်ကျတဲ့ နောက်ကွယ်က အကြောင်းရပ်ကို ပထမဆုံး ဖြေရှင်းသင့်တယ်ဆိုပြီး အကြံပြုမှုတွေလည်း ရှိပါတယ်။ နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာတဲ့ International Crisis Group ရဲ့ သုတေသီ Jim Della-Giacoma ကတော့ OIC က အခုလို ဆုံးဖြတ်လိုက်တာကိုကြည့်ရင် ရိုဟင်ဂျာအရေး ကိစ္စဟာ နိုင်ငံ တကာ ပြဿနာရပ်တခုလို ဖြစ်လာတယ်လို့ ထောက်ပြပါတယ်။ မြန်မာအစိုးရအနေနဲ့ ပထမဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသား ပြဿနာဖြစ်တယ်လို့ သူက မြင်ပါတယ်။

“ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိနေတဲ့ အခြေခံကျတဲ့ပြဿနာရပ်ကို မြင်ကြည့်နိုင်ဖို့ မြန်မာ အစိုးရ ကို ဖျောင့်ဖျ တွန်းအားပေးရမယ်ထင်ပါတယ်။ ဒါကတော့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ကိစ္စပါ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ အစိုးရရဲ့မူဝါဒကြောင့် ဒီလူတွေ နိုင်ငံသားဖြစ်နေကြရတာပါ။ ဒီ အခြေအနေကို ပြောင်းပစ်ဖို့က အရေးအကြီးဆုံး ပထမ အဆင့်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ နိုင်ငံသားဖြစ်ခွင့် အချက်ကို လက်ခံ အသိအမှတ်ပြုလိုက်ခြင်း အားဖြင့်သာ မြန်မာနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံ နိုင်ငံဖြစ်တယ်၊ ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ လူနည်းစုတွေ အတွက်လည်း နေရာရှိတယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရက လက်ခံ ပြသရာရောက် မှာပါ။”

ဗွီအိုအေ မြန်မာပိုင်း မြန်မာသမ္မတဦးသိန်းစိန်တို့ သီးခြားတွေ့ဆုံမေးမြန်းခန်းမှာတော့ ရိုဟင်ဂျာအရေး ကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ဒီလူမှုအသိုင်းအဝိုင်းရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့လိုမယ်လို့ သူ့ သဘောထားကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေမှာ ဘာသာရေးအခြေခံတဲ့ကျောင်းတွေပဲ ရှိတယ် လို့ ထောက်ပြပါ တယ်။ ICG သုတေသီ Giacoma ကတော့ ပညာရေးဟာ ဖြေရှင်းရမယ့် အစိတ် အပိုင်းတခုဖြစ်တယ်လို့ လက်ခံပါတယ်။ ရိုဟင်ဂျာတွေဟာ ဟိုးအရင် ကတည်းက အဆင့်မြင့်ပညာ တက်ခွင့်မရတာမို့ ပညာရေးအရ ပိတ်ပင်ခံရတာတွေရှိခဲ့တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် အရင်ဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသားဖြစ်မှု ကိစ္စပဲဖြစ်တယ်လို့ပဲ ထပ်ပြောပါတယ်။

ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ပါ ဆက်စပ်နေပါတယ်။ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရ်ှဘက်က တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့ မြန်မာ ဘက်က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရ်ှဘက်ကတော့ ဒီလူတွေကို လက်ခံဖို့ ငြင်းပယ်နေ တာကြောင့် ရိုဟင်ဂျာတွေဟာ လက်ရှိအထိ နိုင်ငံမဲ့ဖြစ်နေသူတွေလို့ ဆိုရမှာပါ။
XS
SM
MD
LG