သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေနံတင် သင်္ဘောတစင်း အီရန်ဖမ်းဆီး


အီရန်နိုင်ငံ တော်လှန်ရေး ပြည်စောင့်တပ်က ရေနံမှောင်ခိုတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြား ရေနံတင်သင်္ဘောတစင်းကို ဒီနေ့ပဲ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံ Larak ကျွန်းတောင်ဖက် ဟော်မုဇ်ရေလက်ကြားမှာ တနင်္ဂနွေနေ့က ကြားဖြတ်ဟန့်တား ဖမ်းဆီးခဲ့တဲ့ သင်္ဘောမှာ သင်္ဘောသား ၁၂ ယောက် လိုက်ပါလာကြောင်းလည်း သတင်းက ဖော်ပြခဲ့တာပါ။ ဖမ်းဆီးလိုက်တဲ့ သင်္ဘောဟာ လောင်စာဆီ လီတာ တသန်းလောက် မှောင်ခိုတင်ပို့မှုမှာ ပါဝင်ကြောင်း ပြောဆိုခဲ့ပေမဲ့ ဘယ်နိုင်ငံက သင်္ဘောဆိုတာကိုတော့ မပြောပါဘူး။

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) အခြေစိုက် ပနားမားအလံတင် ရေနံတင်သင်္ဘော MT Riah ဇူလိုင်လ ၁၄ ရက်နေ့က အီရန်ရေပိုင်နက်မှာ ပျောက်ဆုံးသွားခဲ့ပြီး နောက်မှာပဲ ဖမ်းဆီးမှုသတင်း ထွက်ပေါ်လာတာပါ။ အီရန်တော်လှန်ရေး ပြည်စောင့်တပ် က အစောပိုင်းမှာ သင်္ဘောက အရေးပေါ်အကူအညီ တောင်းခံချက် ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ လောင်စာဆီ မှောင်ခိုမှုနဲ့ တရားရုံးက ဖမ်းဆီးမိန့် ထုတ်လိုက်တဲ့အတွက် ထိန်းသိမ်းခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။

အီရန်နိုင်ငံက မှောင်ခိုသမားတွေက ရေနံတွေကို ပြည်ပတင်ပို့ဖို့ ကြိုးစားတာလို့လည်း ဆိုပါတယ်။ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ကြား နျူကလီးယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန်သမ္မတ Donald Trump ပြီးခဲ့တဲ့နှစ်က နုတ်ထွက်သွားခဲ့ပြီးနောက် အီရန်အပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ခဲ့သလို၊ ရေနံတင်ပို့မှုတွေကိုလည်း ပိတ်ပင်ခဲ့ရာက အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ကြီးထွားနေချိန်မှာ ဖမ်းဆီးမှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG