သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ကေ့ွလုံခြုံရေး နိုင်ငံတကာ မဟာမိတ်ဖွဲ့စည်းရေး ကန်စီစဉ်


အီရန်နဲ့ ယီမင်နိုင်ငံ တဝိုက်က ရေပြင်လုံခြုံရေးနဲ့ - အတိအကျပြောရရင် ပင်လယ်ကွေ့ဒေသ သင်္ဘောလမ်းကြောင်း လုံခြုံရေးအတွက် နိုင်ငံစုံ စစ်ရေးမဟာမိတ် အဖွဲ့တခု ဖန်တီးဖို့ အစီအစဉ်ရှိတဲ့ အကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ရေနံတင် သင်္ဘောတွေကို တိုက်ခိုက်မှုနဲ့ အမေရိကန် ဒရုန်းယာဉ်ကို ပစ်ချခဲ့တာတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို ကြေညာလာတာ ဖြစ်ပါတယ်။ VOA သတင်းထောက် Dale Gavalak ဂျော်ဒန်နိုင်ငံ Amman မြို့တော်က ပေးပို့တဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရေနံတင် သင်္ဘောတွေနဲ့ အမေရိကန် ဒရုန်းယာဉ်တွေကို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို အပြစ်တင်နေကြတာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ဗြိတိန်ရေနံတင် သင်္ဘောတစင်းကိုလည်း အီရန်တို့က ဟန့်တားပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်က အခုလို နိုင်ငံစုံ စစ်ရေးမဟာမိတ် ဖွဲ့စည်းမယ်ဆိုတဲ့ကိစ္စကို Hormuz ရေလက်ကြား တင်းမာမှုကြောင့် ကမ္ဘာ့လောင်စာ ရရှိရေးအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြတဲ့သူတွေနဲ့ ရေကြောင်းသွားလာရေး အသုံးပြုနေသူတွေက ကြိုဆိုကြပါတယ်။

တဘက်မှာလည်း အီရန်နိုင်ငံဟာ မဟာဗျူဟာကျတဲ့ ဒီရေကြောင်းလမ်းကို ပိတ်ဆို့ဖို့ ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။ Jakob Larsen ဟာ ကိုပင်ဟေဂင်အခြေစိုက် ကမ္ဘာ့အကြီးဆုံး သင်္ဘောသွားလာရေးအသင်းကြီး BIMCO ရဲ့ရေကြောင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ဖြစ်ပါတယ်။ သူကတော့ ပင်လယ်ကွေ့ဒေသ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်ရင်း အခုလိုပြောပါတယ်။

"ပထမဦးဆုံးအနေနဲ့က ဒီဒေသမှာ သွားလာ လှုပ်ရှားနေသူတွေရဲ့ လုံခြုံရေး ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဟောမို့စ်ရေလက်ကြား ဒါမှမဟုတ် အိုမန် ပင်လယ်ကွေ့တို့လို မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းတွေမှာ ဒီလို လုံခြုံရေး ပြဿနာတွေ ရှိလာပြီဆိုရင် သင်္ဘောပိုင်ရှင်တွေက ဒီရေလက်ကြားကို မဖြတ်ချင်ကြတော့ပါဘူး။ အဲဒါကြောင့် သင်္ဘောနဲ့ ကုန်စည်တင်ပို့မှု လျော့ကျသွားပါတယ်။ ဒါကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာစေပါတယ်။"

အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Bryan Hook ကတော့ မကြာသေးမီက ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံ ၁၇ နိုင်ငံအထိ ထိခိုက်နစ်နာခဲ့ရပါတယ်။ တိုက်ရိုက် မဟုတ်ရင်တောင် သင်္ဘောသားတွေ၊ အာမခံထားရှိမှုတွေ အငှားကန်ထရိုက်တွေက တဆင့် ထိခိုက်မှု ရှိခဲ့တာပါ။ အခုလို နိုင်ငံတကာ နိုင်ငံတကာ စစ်ရေးမဟာမိတ် ဖွဲ့စည်းလိုက်ခြင်းအားဖြင့် အီရန် (ဒါမှမဟုတ်) သူ့သြဇာခံတွေကို နောင်ဒါမျိုး မလုပ်နိုင်အောင် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသ လုံခြုံရေးအတွက် မဖြစ်ခင်ကြိုတင်ပြီး ဟန့်တားနိုင်ဖို့ အရေးကြီးတယ်လို့ Larsen ကဆိုပါတယ်။

"အခြေအနေတွေကို ဒီတိုင်း လွှတ်ထားလိုက်ရင် မေလ ၁၂ ရက်နေ့တုန်းကလို ရေနံတင် သင်္ဘောတွေ၊ လေယာဉ်တွေ အတိုက်ခံရတဲ့ကိစ္စမျိုး ပြန်ဖြစ်လာနိုင်ပါတယ်။ ဇွန်လ ၁၃ နေ့ကလို အိုမန်ပင်လယ်ကွေ့လို ကိစ္စမျိုးလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေ လုံးဝ ပြောင်းလဲမသွားရင်တော့ ဒါမျိုးတွေ ပြန်ဖြစ်လာနိုင်ပါတယ်။"

လန်ဒန်အခြေစိုက် ‘ဆုံးရှုံးနိုင်ချေ ကြိုတင်တွက်ဆတဲ့’ အတိုင်ပင်ခံ Russell Group က Suki Bashi ကတော့ ဟောမို့စ် ရေလက်ကြားကို နှစ်စဉ်ဖြတ်သွားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၅၅၄ ဘီလျံ ရှိတယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ ပြဿနာတက်ခဲ့ရင် ဒီဒေသရဲ့ အကြီးဆုံးကုန်သည်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျဟာ ရက်သတ္တတပတ်မှာ ဒေါ်လာ ၃ ဘီလျံခွဲ နစ်နာပြီး အာရှသင်္ဘောကုမ္ပဏီတွေကိုလည်း ထိခိုက်စေမှာ ဖြစ်တာကြောင့် အမေရိကန်ရဲ့ အစီအစဉ်ကို ကြိုဆိုကြောင်း ဒါပေမဲ့ သတိထားရမယ်လို့ ပြောပါတယ်။

"ဟောမို့စ် ရေလက်ကြားဟာ ကျဉ်းကျဉ်းလေးပါ။ သင်္ဘော လမ်းကြောင်း ၂လမ်းသာရှိတာပါ။ အဲဒီလိုသာ သင်္ဘောတွေကို လိုက်ပြီးကာကွယ် နေမယ်ဆိုရင် အီရန်ကမ်းရိုးတန်းဘက်ကို သိပ်နည်းကပ်သွားမှာဖြစ်လို့ တင်းမာမှုတိုးလာနိုင်ပါတယ်။"

BIMCO အဖွဲ့လုံခြုံရေးတာဝန်ရှိသူ Larsen ကလည်း ဒီအချက်ကို သဘောတူပါတယ်။

"အဲဒီဒေသကို နိုင်ငံအသီးသီးက ရေတပ်တွေသာ ပို့မယ်ဆိုရင် မိတ်ဆွေသင်္ဘောအချင်းချင်း မပစ်ခတ်မိအောင် အထူးညှိနှိုင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ် ။ ဒီမှာ တာဝန်ယူကြမယ့် သင်္ဘောတွေမှာ တာဝန်၂ ရပ်ရှိပါတယ်။ သင်္ဘောတစင်း အတိုက်ခံရရင် တိုက်ခိုက်တဲ့သူနောက်ကို လိုက်ရမယ်.. ဖြစ်နိုင်ရင် တိုက်ခိုက်တဲ့သင်္ဘောကို ပိတ်ဆို့တားဆီးနိုင်ရမယ်။ လိုအပ်ရင် ဖျက်ဆီးပစ်ရမယ် ။ ဒုတိယတာဝန်ကတော့ အဲဒီဒေသကို တချိန်လုံး စောင့်ကြည့်ပြီး ဖြစ်ပျက်သမျှကို ချက်ချင်း တုန့်ပြန်ဆောင်ရွက်ရမယ် .. လုံခြုံရေးနဲ့ပတ်သက်လာရင်တော့ လက်တုံ့ပြန်ဖို့လည်း အဆင်သင့် ဖြစ်နေရမှာပါ။"

အခုအခါ ပင်လယ်ကွေ့ဒေသမှာ နောက်ဆုံးဖြစ်လာနိုင်တာက လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီး အရေးကြီးတဲ့ ရေလမ်းကြောင်းတွေ လုံခြုံရေး အတွက် နိုင်ငံတကာ ရေတပ်အဖွဲ့တရပ် လိုအပ်နေတယ်ဆိုတာ ကျွမ်းကျင်သူတွေက တသဘောထဲ ရှိနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG