သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားသဘောတူညီချက်ရအောင် ဆွေးနွေးခဲ့သူကို သူလျိုအဖြစ် အီရန်ဖမ်းဆီးခဲ့


 Arak မြို့ရှိ အီရန် နျူကလီးယားစက်ရုံ
Arak မြို့ရှိ အီရန် နျူကလီးယားစက်ရုံ

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့ကြား နျူကလီယားဆိုင်ရာ သမိုင်းဝင် သဘောတူညီချက်ရဖို့ လုပ်ဆောင်ခဲ့သူတွေထဲက အီရန်အဖွဲ့ဝင်တဦးကို အီရန်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

နျူကလီယားဆိုင်ရာ အဖွဲ့ထဲ ဖေါက်ထွင်းဝင်ရောက်ခဲ့တဲ့ သူလျှိုကို ရက်အနည်းငယ် ဖမ်းဆီးထားရာကနေ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ် လို့ အီရန်တရားရေးဆိုင်ရာ ပြောခွင့်ရ Gholam hossein Mohseni Ejei ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန်အစိုးရ သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖေါ်ပြခဲ့ပါတယ်။ ပါဝင်ညှိနှိုင်းခဲ့သူဟာ ဘယ်သူဘယ်ဝါ ဆိုတာကို ထုတ်မပြောပေမယ့် သူ့ကို အခုထိ စုံစမ်း စစ်ဆေးနေဆဲပဲလို့လည်း ပြောခွင့်ရက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ အီရန်က သူ့ရဲ့ နျူကလီယား အစီအစဉ်တွေကို ရပ်ဆိုင်းပေးပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု အများစုကို ဖြေလျှော့ပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ဟာ အမေရိကန်အပေါ် လိုက်လျော မှု တခုလို့ရှု့မြင်ကြတဲ့ အီရန်က သဘောထားတင်းမာသူ အများအပြားက ဒါကို ကန့်ကွက်ကြပါတယ်။

အီရန်အရာရှိတွေဟာ အီရန်နဲ့ ကနေဒါ ၂ နိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားသူ Abdol rasoul Dorri Esfa hani ကို ဖမ်းဆီးခဲ့တယ်လို့ သဘောထားတင်းမာတဲ့ သတင်းအဖွဲ့အစည်းတွေက ဗုဒ္ဓဟူးနေ့မှာ ရေးသားကြပါတယ်။ သူဟာ အီရန်အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးအတွက် ညှိနှိုင်းခဲ့တဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တယောက်ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် နျူကလီယား သဘောတူညီချက် ရဖို့လုပ်ဆောင်ခဲ့တဲ့ အီရန်ဘက်က အဓိကညှိနှိုင်းရေးမှုး တွေထဲက တယောက်ပါ။

ဗုဒ္ဓဟူးနေ့မှာ ထွက်လာတဲ့ ဒီသတင်း မှန်ကန်ကြောင်းလည်း ပြောခွင့်ရ Ejei ကို ကိုးကားပြီး အီရန် အစိုးရသတင်းက ဖေါ်ပြသလို သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်သလို အခုထိ စွဲချက်မတင်သေးဘူးလို့ ဆိုပါတယ်။ Esfahani ကို စုံစမ်းစစ်ဆေးနေတာနဲ့ ပါတ်သက်ပြီး အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အခုလို နျူကလီယားသဘောတူညီမှု ရခဲ့ချိန်ကစပြီး နိုင်ငံ ၂ နိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားသူတွေကို အီရန်လုံခြုံရေးတွေက ပိုပြီး မကြာမကြာ ပစ်မှတ်ထား လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG