သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်


အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားက စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်နေတဲ့ ကြားကပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါတယ်။

Operation Ulchi Freedom လို့ အမည်ပေးထားပြီး၊ သရုပ်ဖော်လေ့ကျင့်မှု အများစု ပါဝင်တဲ့ သီတင်း ၂ ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာတော့ အမေရိကန်တပ်ဖွဲ့ဝင် ၂ သောင်းခွဲ၊ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၅ သောင်း ပါဝင်ခဲ့ကြတာပါ။

ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေဟာ ကာကွယ်ရေးအတွက် ရည်ရွယ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောဆိုထားကြပေမဲ့လည်း၊ မြောက်ကိုရီးယားကတော့ ကျုးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်လေ့ကျင့်တဲ့ လုပ်ရပ်အဖြစ် အမြဲလိုလို မကျေမနပ် ဖြစ်လေ့ရှိတတ်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်ကတော့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာမယ်ဆိုရင် နျူကလီးယား လက်နက်နဲ့ ကြိုတင်လက်ဦးမှုရယူပြီး၊ အမေရိကန်ကို ပြာဖြစ်အောင် လုပ်ပစ်ဖို့ တပ်ဖွဲ့တွေကို အသင့်ပြင်ထားတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးတွေ ဆက်တိုက်ဆိုသလို စမ်းသပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက နောက်ထပ် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကြောင့်၊ မကြာသေးခင် လတွေကစလို့ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်ကြီး Thae Yong Ho တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခိုလှုံခဲ့တဲ့အတွက် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွားနိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG