သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သင်္ဘော သတိပေးတဲ့ကြားက အီရန်ကဖမ်းဆီး 


တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာတဲ့ အသံမှတ်တမ်း တခုအရတော့ ဗြိတိန် အလံတင် Stena Impero ရေနံတင် သဘောၤ Hormuz ရေလက်ကြားကို ဖြန်သန်းရာ လမ်းကြောင်းမှာ အနှောင့်အယှက် မပေးဖို့ အီရန် ကင်းလှည့် ရေယာဉ်ကို ဗြိတိန် စစ်သဘောၤ တစင်းက သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီလို သတိပေးပြီး မကြာခင်မှာဘဲ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က ကွန်မန်ဒိုတွေက ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာပြီး ရေနံတင် သဘောၤကို သိမ်းယူခဲ့တာပါ။ ရေကြောင်း လုံခြုံရေး အန္တရာယ် ဆိုင်ရာ လုပ်ငန်းကြီး Dryad Global က ထုတ်ပြန်လိုက်တဲ့ အသံသွင်း မှတ်တမ်းထဲမှာတော့ ရေနံတင် သဘောၤဟာ နိုင်ငံတကာ ရေပြင်မှာ ခုတ်မောင်းနေတာ ဖြစ်ကြောင်း၊ သူ ခုတ်မောင်းရာ လမ်းကြောင်းကို ဝင်ရောက် နှောင့်ယှက် ဟန့်တား ပိတ်ပင်တာ မလုပ်နဲ့လို့ ဗြိတိန် ရေတပ် အရာရှိ တဦးက ပြောနေတဲ့ အသံကို ကြားရပါတယ်။

MV Stena သဘောၤပေါ်ကို တရားမဝင် တက်ရောက်နိုင်ဖို့ ကြိုးစားနေပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို အတည်ပြုပါလို့ အီရန် ကင်းလှည့် ရေယာဉ်ကို ဗြိတိန် အရာရှိက ပြောပါတယ်။ ဒါပေမယ့်လည်း အီရန် အရာရှိ တဦးကတော့ ရေနံတင် သဘောၤကို လမ်းကြောင်းပြောင်းဖို့ ပြောဆိုနေပါတယ်၊ နာခံလိုက်နာရင် ဘေးအန္တရာယ် ကင်းမယ်၊ လမ်းကြောင်းကို ချက်ချင်း ၃၆၀ ဒီဂရီ ပြောင်းပါလို့ ပြောဆိုခဲ့တာပါ။ သဘောၤကို လုံခြုံရေး အကြောင်းပြချက်ကြောင့် အလိုရှိနေတာလို့ အရာရှိက ပြောပါတယ်။

ဒါပေမယ့်လည်း အီရန် အစိုးရ တာဝန်ရှိသူတွေကတော့ ဒီရေနံတင် သဘောၤကို သိမ်းယူလိုက်တာက ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက Gibraltar ရေလက်ကြားမှာ အီရန် ရေနံတင် သဘောၤကြီးကို ဗြိတိန်က ဖမ်းဆီးခဲ့တာကို လက်တုံ့ပြန်တာလို့ ပြောပါတယ်။ အဲဒီ အီရန် ရေနံတင် သဘောၤကြီးမှာတော့ ရေနံစိမ်းစည် ၂ သန်းလောက် တင်ဆောင်လာပြီး ဆီးရီးယားကို ခုတ်မောင်းတာလို့ ယူဆရပါတယ်။ ရေနံတင် သဘောၤကိုရော၊ သဘောၤ ဝန်ထမ်း ၂၃ ဦးစလုံးကိုရော အီရန်ဘက်က ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ အိန္ဒိယ ၁၈ ဦး၊ ရုရှား ၃ ဦးနဲ့ Latvian တဦးနဲ့ ဖိလစ်ပိုင် တဦးတို့ပါတဲ့ သဘောၤ ဝန်ထမ်းတွေ အားလုံး ကျန်းမာကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG