ပါရှန်း ပင်လယ်ကွေ့ ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အမေရိကန် ရေတပ် သင်္ဘောတစ်စီးက အီရန်ရဲ့ Drone ယာဉ်တစ်စီးကို ပစ်ချ ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။ Drone ယာဉ်ဟာ USS Boxer သင်္ဘောနဲ့ မီတာ ၉၀၀ အထိ နီးကပ်လာခဲ့ကြောင်း၊ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ ဥပက္ခာ ပြုခဲ့ကြောင်း၊ သင်္ဘောနဲ့ ရေတပ်သားတွေကို ခြိမ်းခြောက်လာတဲ့အတွက် ပစ်ချခဲ့ကြောင်း သမ္မတ ထရမ့်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောခဲ့တာဖြစ်ပါတယ်။
“အဲဒီ Drone ကို တစ်ခါတည်းပဲ ပစ်ချခဲ့ပါတယ်။ ဒီ ဖြစ်ရပ်ဟာ နိုင်ငံတကာ ရေပြင်မှာ ခုတ်မောင်းနေတဲ့ သင်္ဘောတွေကို အီရန်က ရန်စတဲ့ နောက်ဆုံး အဖြစ်အပျက်တစ်ခုပါ” လို့ သမ္မတထရမ့်က ပြောပါတယ်။
ဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အီရန်ဘက်ကတော့ တုံ့ပြန် ပြောကြားတာ မရှိသေးပေမဲ့ သမ္မတ ထရမ့်က လွတ်လပ်စွာ ရေကြောင်း သွားလာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်မှုကို နှောက်ယှက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံများက အီရန်ကို ရှုတ်ချ သင့်ကြောင်းလည်း ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ကတော့ ဒီ အဖြစ်အပျက်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ USS Boxer ကို အကာအကွယ်ပေးတဲ့အနေနဲ့ မောင်းသူမဲ့ ယာဉ်ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီ ဖြစ်ရပ်ဟာ ဒေသတွင်း အမေရိကန်နဲ့ အီရန်နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေမှုကို ပိုမို ဆိုးရွားစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကတော့ အီရန်က အမေရိကန် Drone တစ်စီးကို ပစ်ချခဲ့လို့ အမေရိကန်ဘက်က လက်တုံ့ပြန် ခါနီးမှာမှ အီရန်တွေ အသက်ဆုံးရှုံးမှာကို မလိုလားလို့ သမ္မတ ထရမ့်က အမိန့်ကို ရပ်ဆိုင်းခဲ့တာကြောင့် ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ပွားခဲ့ပါဘူး။