သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အီရန်ဟာ ကန့်သတ်ချက်ထက် ယူရေနီယံ သန့်စင်ခဲ့ဟု IAEA အတည်ပြု


အီရန်နိုင်ငံဟာ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်မှာ လက်ခံထားတဲ့ ယူရေနီယံသန့်စင်မှု ပမာဏထက် ကျော်လွန် ထုတ်လုပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က အတည်ပြုလိုက်ပါတယ်။

အီရန်နိုင်ငံက နျူကလီးယားလက်နက် မထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ၃.၆၇ ရာခိုင်နှုန်း သန့်စင်ယူရေနီယံကိုသာ ထုတ်လုပ်ဖို့ ကန့်သတ်ထားပြီး၊ အပြန်အလှန်အနေနဲ့ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ချပေးခဲ့တာပါ။ ဒါပေမဲ့လည်း အခုအခါတော့ စာချုပ်မှာ သတ်မှတ်ထားတဲ့ သန့်စင်မှု ပမာဏထက် ကျော်လွန်ထုတ်လုပ်နေတာကို စုံစမ်းစစ်ဆေးသူတွေ မနေ့ကပဲ အတည်ပြုနိုင်ခဲ့ကြောင်း IAEA က ပြောဆိုခဲ့တာပါ။

သတ်မှတ်ထားတဲ့ ပမာဏထက် ဘယ်လောက်ကျော်လွန်နေပြီလဲ ဆိုတာကို IAEA က မပြောပေမဲ့လည်း AP သတင်းဌာနကတော့ သန့်စင်မှုနှုန်း ၄.၅ ရာခိုင်နှုန်း အထိရှိကြောင်း အီရန်နိုင်ငံ အနုမြူစွမ်းအေဂျင်စီ ပြောခွင့်ရသူကို ကိုးကား ဖော်ပြခဲ့ပါတယ်။

နျူကလီးယားဆိုင်ရာ သဘောတူညီချက်ပါ ကတိက၀တ်တွေကို လိုက်နာစရာ မလိုတော့ဘူးဆိုရင် ၂၀ ရာခိုင်နှုန်း အထိ သန့်စင်ထားတဲ့ ယူရေနီယံကို ထုတ်လုပ်နိုင်ကြောင်းလည်း အီရန်နိုင်ငံက အစောပိုင်းမှာ ပြောဆိုထားတာပါ။

၅ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ယူရေနီယံတွေဟာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရာမှာ အသုံးပြုနိုင်ပေမဲ့လည်း နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ အတွက်ကတော့ ၉၀ ရာခိုင်နှုန်း အထိသန့်စင်ထားတဲ့ ယူရေနီယံတွေ လိုအပ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကနေ မနှစ်ကပဲ နုတ်ထွက်လိုက်ပြီး အီရန်အပေါ် ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။

အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံကလည်း သဘောတူညီချက်ပါ အချက်တချို့ကို ဆက်လက် လိုက်နာမှာ မဟုတ်ကြောင်း ကြေညာခဲ့သလို၊ သဘောတူညီချက်မှာ ပါဝင်တဲ့ ကျန်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ၊ တရုတ်နိုင်ငံတွေနဲ့လည်း အဆက်ဖြတ်ကောင်း ဖြတ်သွားဖို့ ခြိမ်းခြောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG