သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂၀၁၅ နျူစာချုပ် ချိုးဖောက်မှု အီရန်ကို ကန်သတိပေး


၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ပါ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး သန့်စင် ယူရေနီယံ တိုးမြှင့်ထားကြောင်း အီရန် အစိုးရက တနင်္ဂနွေနေ့မှာ ပြောဆိုပြီးနောက်မှာတော့ အီရန် အနေနဲ့ စဉ်းစဉ်းစားစား လုပ်တာ ပိုကောင်းမယ်လို့ အမေရိကန် သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။

အီရန်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ထပ် အထီးကျန်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆီကို ဦးတည်စေလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပြီးနောက် နာရီပိုင်း အကြာမှာ သမ္မတ Trump က မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်အတွက် ယူရေနီယံ သန့်စင်မှု မလုပ်ရဆိုတဲ့ စံနှုန်းကို နိုင်ငံတွေ အနေနဲ့ ပြန်လည်ကျင့်သုံးသင့်ကြောင်း၊ နျူကလီးယား လက်နက်တွေနဲ့ ဆိုရင် အီရန် အစိုးရဟာ ကမ္ဘာကို ပိုပြီး အန္တရာယ် ရှိစေလိမ့်မယ်လို့လည်း သမ္မတ Trump က ရေးသားခဲ့တာပါ။

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရေး အတွက် အပြန်အလှန်အားဖြင့် နျူကလီးယား အစီအစဉ်အပေါ် ကန့်သတ်ချက်ကို လက်ခံထားတဲ့ အီရန် အနေနဲ့ သဘောတူညီချက်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်အားလုံးကို ချက်ချင်း ရပ်ဆိုင်းပြီး နောက်ကြောင်းပြန်လှည့်ဖို့ ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။ အီရန်ရဲ့ လုပ်ရပ်က နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြင်သစ်က ပြောဆိုပါတယ်။

အီရန် အနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်က သဘောတူညီချက်နဲ့ မကိုက်ညီတဲ့ ဆောင်ရွက်ချက် အားလုံးကို ရပ်ပြီး နောက်ကြောင်း ပြန်လှည့်ဖို့ ဂျာမနီဘက်က တောင်းဆိုထားပါတယ်။ အီရန် နျူကလီးယား အရေး သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ နောက်ထပ် တုံ့ပြန်ချက်ကို စဉ်းစား သုံးသပ်ဖို့ အရေးပေါ် အစည်းအဝေးခေါ်ဖို့ စဉ်းစားနေကြောင်းလည်း ဥရောပ သမဂ္ဂက ပြောဆိုထားပါတယ်။ အီရန်နဲ့ ရန်ဘက်ဖြစ်တဲ့ အစ္စရေလ်း ၀န်ကြီးချုပ် Benjamin Netanyahu ကတော့ ယူရေနီယံ သန့်စင်မှု အတွက် အကြောင်းပြချက်က တခုဘဲ ရှိကြောင်း၊ အဲဒါကတော့ နျူကလီးယား ဗုံးလုပ်ဖို့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG