သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံခြားရေး ဝန်ကြီး အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူ


အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif
အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif

နိုင်ငံတနိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးကို အမေရိကန်က မကြုံစဖူး ထူးထူးခြားခြား အရေးယူလိုက်ပါပြီ။ အီရန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif အပေါ် အရေးယူ ဒဏ်ခတ်လိုက်တာ ဖြစ်ပြီး ဒါဟာ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ ထူးခြားတဲ့ခြားလုပ်ဆောင်မှု တခုဖြစ်ကြောင်း Trump အစိုးရအဖွဲ့ အကြီးတန်းအရာရှိ တဦးက ပြောပါတယ်။

အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှု ချမှတ်တဲ့ အမိန့်စာထဲမှာတော့ ဝန်ကြီး Zarif ဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အထူး ပစ်မှတ်ထား အရေးယူတဲ့ နိုင်ငံသားတွေနဲ့ ပိတ်ပင်လိုက်တဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲ မကြာသေးခင်ကပဲ ထည့်သွင်းလိုက်တဲ့ အီရန် ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ရဲ့ ကိုယ်စား ဒါမှမဟုတ် ကိုယ်စားအသွင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။

အခုလို လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး တော်လောက်ပြီလို့ သမ္မတ Donald Trump က ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်တွေပေါ် ခြိမ်းခြောက်မှု ရှိနေတဲ့ အီရန်ရဲ့ ရမ်းကားတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အီရန်ဘက်က မပစ်ပယ်သရွေ့ အမေရိကန်က အမြင့်ဆုံး ဖိအားပေးမှုကို ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ကြောင်း အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကတော့ အီရန်ရဲ့ လတ်တလော ပြုမှုချက်တွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးဆိုတာကို အီရန်အာဏာရှင် သိအောင် အမေရိကန်က ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒါ့အပြင် အီရန်အာဏာရှင်ဟာ အီရန်ပြည်သူတွေကို လူမှုမီဒီယာနဲ့ အလှမ်းဝေးအောင်လုပ်ထားပြီး သူတို့အစိုးရရဲ့ ဝါဒဖြန့်မှုတွေနဲ့ ကမ္ဘာ့သတင်း အချက်လက်မှားတွေကို နိုင်ငံခြားရေးဝန်ကြီး Javad Zarif က အစိုးရသတင်းဌာန တွေကနေတဆင့် ဖြန့်ဝေနေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း အခုလို လုပ်ဆောင်မှုဟာ အီရန်ပြည်သူတွေကို ဖိနှိပ်ပြီး အကြောက်တရား ဖြစ်လာအောင် လုပ်တဲ့ အီရန်အာဏာရှင်ရဲ့ အရင်းအမြစ်တွေကို လက်မခံကြောင်း တဆင့်တက်ပြီး ပြသလိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif ကလည်း အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ အီရန်ပြင်ပမှာ ပိုင်ဆိုင်မှုရော အကျိုးစီးပွါးရေး ဘာတခုမှ မရှိတဲ့ သူ့အတွက်ရော သူ့မိသားစုအတွက်ပါ သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း ချက်ချင်းပဲ တုန့်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG