သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူပစ်မှတ်တွေမတိုက်ဖို့ အစ္စရေးကို အီရန်သတိပေး


အီရန်နိုင်ငံတော်အလံလွှင့်ထူထားတဲ့ Bushehr နျူကလီးယားစက်ရုံ(နိုဝင်ဘာ ၁၀၊ ၂၀၁၉/AFP)
အီရန်နိုင်ငံတော်အလံလွှင့်ထူထားတဲ့ Bushehr နျူကလီးယားစက်ရုံ(နိုဝင်ဘာ ၁၀၊ ၂၀၁၉/AFP)

အီရန်ရဲ့နျူကလီးယားနေရာတွေကိုတိုက်ရင် အစ္စရေးရဲ့ "နျူကလီးယားပစ်မှတ်" တွေကိုလည်း ပြန်လည်တိုက်ခိုက်မယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က အကြီးတန်း ဗိုလ်ချုပ်ကြီးတဦးက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က အီရန်နိုင်ငံပိုင် မီဒီယာရဲ့ဖော်ပြချက်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အီရန်ကဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာအတွက် အစ္စရေးက ပြန်လည်လက်တုံ့ပြန်မှာကို မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

အစ္စရေးအစိုးရကို “ဇီယွန်ဝါဒီအစိုးရ” လို့ ညွှန်းဆိုခဲ့ပြီး “နျူကလီးယား အဆောက်အအုံတွေကို အရေးယူခဲ့ရင် သေချာပေါက် ပြန်လည်တုံ့ပြန်မယ်” လို့ အီရန် နျူကလီးယားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအကြီးအကဲ Ahmad Haghtalab က ပြောကြောင်း အီရန်အစိုးရသတင်းအေဂျင်စီ IRNA မှာ ဖော်ပြပါတယ်။ “တန်ပြန်တိုက်ခိုက်မှုအတွက် အစ္စရေးရဲ့နျူကလီးယားစက်ရုံတွေကို အဆင့်မြင့်လက်နက်တွေနဲ့ပစ်မှတ်ထားပြီး ပြန်လည် တိုက်ခိုက်မယ်” လို့ Haghtalab က သတိပေးပါတယ်။ အီရန်အနေနဲ့ “အစ္စရေးရဲ့ နျူကလီးယားစင်တာတွေကို ရှာဖွေဖော်ထုတ်ထားပြီး ပစ်မှတ်အားလုံးရဲ့ လိုအပ်တဲ့ အချက်အလက်တွေကို အဆင်သင့်ကိုင်ထားတယ်” လို့ Haghtalab က ပြောပါတယ်။

ရာနဲ့ချီတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခံခဲ့ရလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးအနေနဲ့ “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်” လို့ ကြေညာအပြီးမှာ အီရန်ဘက်က သတိပေးချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန် နျူကလီးယားစက်ရုံတွေကိုသာ အစ္စရေးက တိုက်ခိုက်လာနိုင်မယ့်အန္တရာယ်ရှိရင် အီရန်အနေနဲ့ “ကြေညာထားတဲ့ နျူကလီးယားဆိုင်ရာမူဝါဒတွေနဲ့ ထည့်သွင်းစဉ်းစားချက်တွေကို ပြန်လည်သုံးသပ်တာမျိုး လုပ်ရမှာဖြစ်သလို မူလနဲ့ သွေဖည်သွားစေနိုင်တယ်” လို့လည်း Haghtalab က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ လက်နက်အဖြစ် အသုံးပြုနိုင်သလားဆိုတာကို မရှင်းသလို ဘယ်လိုသဘောမျိုးနဲ့ ပြောဆိုသလဲဆိုတာတော့ အသေးစိတ် ရှင်းရှင်းလင်းလင်း မပြောပါဘူး။

နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အသုံးပြုဖို့ဖြစ်ပြီး အဏုမြူဗုံးလုပ်ဖို့ မဟုတ်ဘူးလို့ အီရန်တာဝန်ရှိသူတွေဘက်ကတော့ အမြဲ အစဥ်တစိုက် ငြင်းချက်ထုတ်ခဲ့တာပါ။ မကြာသေးမီနှစ်တွေအတွင်း ခါးသီးတဲ့ရန်ဘက်ဖြစ်တဲ့ အစ္စရေးဘက်က သူတို့ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ဗုံးခွဲတိုက်ခိုက်တာနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေကို လုပ်ကြံသတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံဘက်က အရင်ကလည်း စွပ်စွဲခဲ့ဖူးပါတယ်။ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လက်ချဲ့ထွင်လုပ်ကိုင်နေတာက စစ်ရေးရည်မှန်းချက်တွေရှိနေတာကို ညွှန်ပြနေတယ်လို့လည်း အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေက မကြာခဏ ထုတ်ဖော် ထောက်ပြနေကြပါတယ်။

အီရန်နိုင်ငံက နျူကလီးယားစက်ရုံအများစုက လူအများသိထားကြပြီးဖြစ်ပြီး Natanz နဲ့ Fordo ရှိ ယူရေနီယံ သန့်စင်စက်ရုံများအပါအဝင် နိုင်ငံရဲ့ အချက်အခြာနေရာမှာ တည်ရှိပါတယ်။ အီရန်နိုင်ငံရဲ့ တခုတည်းသောနျူကလီးယား ဓာတ်အားပေးစက်ရုံကတော့ တောင်ပိုင်းဆိပ်ကမ်းမြို့ Bushehr မှာ တည်ရှိပါတယ်။ အစ္စရေးနိုင်ငံကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်း ကမ္ဘာ့နိုင်ငံတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပေမယ့် သူကိုယ်တိုင်ကတော့ ဒီအချက်ကို တရားဝင် ဝန်ခံတာမျိုး မရှိပါဘူး။

တပြိုင်တည်းမှာပဲ အီရန်နိုင်ငံ ကျောထောက်နောက်ခံပေးထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟာမတ်စ်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေး တောင်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ချိန်ကစလို့ အရှေ့အလယ်ပိုင်းဒေသတဝန်းမှာ တင်းမာမှုတွေမြင့်တက်နေချိန် ဖြစ်ပါတယ်။ ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်က အီရန်ကောင်စစ်ဝန်ရုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရတာမှာ အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်အဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ အစ္စရေးလက်ချက်လို့ အီရန်ဘက်က စွပ်စွဲပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ဧပြီလ ၁၃ ရက် ညသန်းခေါင်ယံအချိန်မှာ အီရန်ဘက်က အစ္စရေး မြေပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် အစ္စရေးနဲ့မဟာမိတ်ဘက်က အစ္စရေးလေပိုင်နက်ထဲဝင်လာတဲ့ ဒရုန်းနဲ့ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားဖျက်ဆီးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ နှစ်ဘက်တင်းမာမှုတွေ အရှိန်လျှော့ချဖို့ တိုက်တွန်းထားပေမယ့် အစ္စရေးဘက်ကတော့ ပြန်လည်တုံ့ပြန်မယ်လို့ ကြေညာထားတာပါ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လို လက်တုံ့ပြန်ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG