သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုအချို့ အီရန် ရပ်ဆိုင်း


အီရန်သမ္မတ Hassan Rouhani (ဧပြီ၊ ၂၄၊ ၂၀၁၉)
အီရန်သမ္မတ Hassan Rouhani (ဧပြီ၊ ၂၄၊ ၂၀၁၉)

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ပါ ကန့်သတ်ချက် တချို့ကို ဆက်လက် လိုက်နာသွားတော့မှာ မဟုတ်ကြောင်း အီရန်သမ္မတ Hassan Rouhani က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ သန့်စင်ထားတဲ့ ယူရေနီယံတွေနဲ့ ရေလေး ပစ္စည်းတွေ စုဆောင်းမှုအပေါ် ကန့်သတ်ချက်ကို ဆက်လက် လိုက်နာမှာ မဟုတ်ကြောင်း ပြောဆိုလိုက်တာပါ။

နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန် ပြည်ထောင်စု နုတ်ထွက်ခဲ့သလို၊ အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ကျန်နိုင်ငံတွေ အနေနဲ့ သဘောတူညီချက်အတိုင်း လိုက်နာရမယ့်အစား အီရန်နိုင်ငံရဲ့ ရေနံနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို လက်ခံခဲ့ကြတယ်လို့လည်း အီရန်သမ္မတက ပြောဆိုခဲ့ပါတယ်။

ပြင်ဆင်နိုင်ဖို့ ရက်ပေါင်း ၆၀ အချိန်ပေးသွားမှာဖြစ်ပြီး နောက်တဆင့် အနေနဲ့ အဆင့်မြင့် ယူရေနီယံ သန့်စင်မှုတွေကို ပြန်လည်စတင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

စာချုပ်ပါ ကျန်နိုင်ငံတွေ အနေနဲ့ အီရန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ်ဆိုရင် စာချုပ်ပါ စည်းမျဉ်းတွေကို ပြန်လည်လိုက်နာမှာ ဖြစ်ကြောင်းလည်း အီရန်သမ္မတက ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ အီရန်အတွက် ရွေးစရာလမ်းမရှိသလို စာချုပ်ပါ ကျန်နိုင်ငံတွေအနေနဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်မယ့် အခွင့်အလမ်း အနည်းအကျဉ်းသာ ကျန်တော့တဲ့အကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာပါ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံတွေနဲ့ အီရန်တို့ကြား သဘောတူညီချက်အရ သန့်စင်ပြီးသား ယူရေနီယံတွေကို အကန့်အသတ်နဲ့သာ စုဆောင်းခွင့်နဲ့ ရောင်းချခွင့် ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG