သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ အနည်းဆုံး နောက်ထပ် ၉ ဦးသေ


အီရန် အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြပွဲမြင်ကွင်းတခု
အီရန် အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြပွဲမြင်ကွင်းတခု

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြပွဲတွေဟာဆိုရင် အီရန်နိုင်ငံရဲ့ ရန်သူတွေရဲ့ လှုံ့ဆော်မှု ဖြစ်တယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင်က ဒီကနေ့ အင်္ဂါနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အစ္စလာမစ် နိုင်ငံမှာ ပြဿနာတွေ ပေါ်လာအောင် ဒီရက်ပိုင်းတွေ အတွင်း အီရန်ရဲ့ ရန်သူတွေက ငွေကြေး၊ လက်နက်၊ နိုင်ငံရေးနဲ့ ထောက်လှမ်းရေး ယန္တရားတွေ အပါအဝင် နည်းလမ်းပေါင်းစုံ အသုံးပြုနေတယ်လို့ ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က ကြေညာချက်မှာ ပြောဆိုထားတာပါ။ သူ့ရဲ့ ကြေညာချက်ကိုတော့ နိုင်ငံပိုင် ရုပ်သံမှာ ပြသခဲ့သလို သူ့ရဲ့ တရားဝင် အင်တာနက် ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားပါတယ်။

လက်တလော အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အချိန်ကျလာရင် နိုင်ငံကို မိန့်ခွန်းပြောမယ်လို့လည်း Khamenei က ပြောဆိုထားပါတယ်။ အီရန်နိုင်ငံတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း နောက်ထပ် လူ ၉ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်သံက ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ အပေါ် မကျေမနပ် ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ်နှောင်းပိုင်း သေဆုံးသူ ၂၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

Qahdarijan မြို့က ရဲစခန်းမှာ ဆန္ဒပြသူတွေက သေနတ်တွေ ခိုးယူဖို့ ကြိုးစားတာမှာ အဓိကရုန်းစဖြစ်ခဲ့ပြီးနောက် ၆ ဦး သေဆုံးရကြောင်း သတင်းက ဖော်ပြပါတယ်။ Najafabad မှာတော့ ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးရကြောင်း နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။ အဓိကရုဏ်းမှာ ပါဝင်သူတွေနဲ့ ဥပဒေ ချိုးဖောက်သူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တုံ့ပြန် ကိုင်တွယ်မယ်လို့ သမ္မတ Hassan Rouhani က မနေ့ တနလာၤနေ့မှာ ကတိပြုပြောဆိုခဲ့တာပါ။ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးသူတွေ၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေသူတွေနဲ့ လူမှု မတည်ငြိမ်မှုကို ဖန်တီးသူတွေကို အစိုးရဘက်က သည်းခံမှာ မဟုတ်ဘူးလို့ သမ္မတက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ Mashhad မြို့ကနေ စခဲ့ပြီးနောက် တနိုင်ငံလုံးကို ပျံ့နှံ့ခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးထားပါတယ်။

အလုပ်လက်မဲ့တိုးလာပြီး အစားအသောက် ဈေးကြီးလာတာလို စီးပွားရေး အကြပ်အတည်းတွေကြောင့် အစိုးရ အပေါ် မကျေမနပ် ဆန္ဒပြကြတာပါ။ အမေရိကန် ပြည်ထောင်စု၊ အစ္စရေးလ်နဲ့ ဆော်ဒီအာရေးဗျ အပါအဝင် ပြည်ပ နိုင်ငံတွေဟာ အီရန်နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ပေးတယ်လို့ သမ္မတ Rouhani ကလွှတ်တော် ခေါင်းဆောင်တွေကို ပြောတဲ့ မိန့်ခွန်းမှာ ပြည်ပ နိုင်ငံတွေကို စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြည်ပကနေ ဝင်ရောက် မစွက်ဖက်ကြဖို့ မျှော်လင့်ကြောင်း ပြောဆိုပြီး သေဆုံးမှု သတင်းတွေ အတွက် စိုးရိမ်ကြောင်း ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG