သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို ပဲ့ထိန်းဒုံးမပေးဖို့ အီရန်ကို ကန်သတိပေး


အီရန်လုပ် မစ်ဇိုင်းဒုံး Iran Missile
အီရန်လုပ် မစ်ဇိုင်းဒုံး Iran Missile

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာနဲ့ ပတ်သက်ပြီး အီရန်အစိုးရဟာ အကျိုးဆက်တွေကို ရင်ဆိုင်ရာမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ဗွီအိုအေရဲ့ မေးမြန်းချက်ကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Sean Savett ရဲ့ တုံ့ပြန်ဖြေကြားချက်ထဲမှာ “စိုးရိမ်ဖွယ် ဒီလို သတင်းတွေ ထွက်ပေါ်နေတာကို သိထားပြီး ဒီလို ဒုံးကျည်တွေ ပေးပို့မယ်ဆိုရင် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို အီရန်ရဲ့ ထောက်ပံ့မှု သိသိသာသာတိုးမြင့်လာတယ် ဆိုတာကို ပြသရာ ရောက်မယ်” လို့ ဖော်ပြထားပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စနေနေ့က ထုတ်ပြန်ချက်ထဲမှာလည်း အီရန် ပဲ့ထိန်းဒုံးကျည် သတင်းတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ပြောပါတယ်။ အီရန်နဲ့ ရုရှားကြား နက်ရှိုင်းတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်လာမှုက ယူကရိန်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အီရန်နဲ့ ရုရှား နိုင်ငံတွေ အပေါ် နိုင်ငံတကာအသိုင်းအဝန်းက ဖိအားတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုကြောင်း သတင်းထောက်တွေကို အီးမေးလ်နဲ့ ပေးပို့ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


စက်တင်ဘာ ၂ ရက် တုန်းက အမေရိကန် သတင်းဌာန တခု ဖြစ်တဲ့ Bloomberg က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အီရန်အစိုးရက ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးဖို့ အသင့်ရှိကြောင်း ဥရောပ နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေက ယုံကြည်ထားတယ်လို့ စတင် ဖော်ပြပါတယ်။ ဒုံးကျည်အမျိုးအစား ဒါမှမဟုတ် အကွာအဝေး ဘယ်လောက် အထိ ပစ်ခတ်နိုင်မှု စွမ်းဆောင်ရည်၊ ဒါမှမဟုတ် ပို့ဆောင်မယ့် အချိန်အတိအကျကိုတော့ တာဝန်ရှိသူတွေက ထုတ်မပြောဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပေးပို့မှုက လာမယ့် ရက်အနည်းငယ်အတွင်း စတင်နိုင်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်ရဲ့ သောကြာနေ့က တုံ့ပြန်ချက်ထဲမှာတော့ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရပ်တည်ချက်က မပြောင်းလဲဘူးလို့ ဆိုပါတယ်။ "လူသေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ အပြင်၊ အပစ်အခတ်ရပ်ဖို့ ညှိနှိုင်းရေးကနေ ဝေးကွာစေမယ့၊် ပဋိပက္ခအတွင်းပါဝင်နေသူတွေဆီ စစ်ရေးအကူအညီ ပေးအပ်ဖို့ကို အီရန်နိုင်ငံက အမြဲ စဉ်းစားခြင့်ချိန်ပါတယ်" လို့ အီရန်ဘက်က ဖြေရှင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG