သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆု အီရန်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူရရှိ


၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Narges Mohammadi
၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Narges Mohammadi

အီရန်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းချခံနေရတဲ့ ထင်ရှားတဲ့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Narges Mohammadi ကို ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် နော်ဝေနိုင်ငံ နိုဘယ်ကော်မတီက ရွေးချယ်လိုက်ပါတယ်။

Farsi ဘာသာနဲ့ အမျိုးသမီး၊ ဘဝနဲ့ လွတ်မြောက်မှုလို့ အစချီပြီး၊ အီရန်မှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေအရေး၊ အားလုံးအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တွန်းလှန်နိုင်ဖို့ အားထုတ်ကြိုးပမ်းသူ Narges Mohammadi ကို ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းဆုပေးဖို့ ရွေးချယ်လိုက်တယ်လို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့တာဖြစ်ပါတယ်။ အီရန်အာဏာပိုင်တွေရဲ့ ၁၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရဖူးပြီး၊ ၅ ကြိမ် ပြစ်ဒဏ်ပေးခံရဖူးတဲ့ Narges Mohammadi ဟာ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ချက်ရိုက်ခံခဲ့ရဖူးပါတယ်။ ခုချိန်ထိလည်း ထောင်ကျနေတာကို ထောက်ပြပြီး အခွင့်အရေးအတွက် ရဲရဲရင့်ရင့် ဆက်ပြီးတိုက်ပွဲဝင်နေသူဖြစ်တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

အီရန်နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုမှုတွေတိုးလာနေသလို အီရန် အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေချိန်မှာပဲ အခုလို အီရန်အမျိုးသမီးရေးလှုပ်ရှားသူတယောက်ကို ကမ္ဘာ့အထင်ကရ ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်တာဖြစ်ပါတယ်။

Narges Mohammadi ဟာ အမျိုးသမီးအခွင့်အရေးအပြင် အီရန်နိုင်ငံမှာ သေဒဏ်စီရင်မှုတွေ အဆုံးသတ်ရေးအတွက်လည်း တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူလို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေး ကော်မတီကပြောဆိုပြီး သူ့ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း အီရန် အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စကာတင် ရွေးချယ်ထားတဲ့ စာရင်းထဲမှ မြန်မာနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ လည်း ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကတော့ အဲဒီအချိန် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG