ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ HTS လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ဂျီဟက်အဖွဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတွင်းက မြို့တွေ၊ ရွာတွေကို ပြီးခဲ့တဲ့တပတ်လုံး တိုက်ခိုက် သိမ်းယူခဲ့ကြပြီးတဲ့နောက် မြို့တော် Damascus နဲ့ Homs မြို့ကြီးတွေအထိ ဆက်လက် ချီတက် သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။
ဒီအခြေအနေအပေါ်အထူး စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောပါတယ်။ တချိန်တည်းမှာလည်း အာရပ်အဖွဲ့ချုပ် အနေနဲ့ ဝန်ကြီးများအဆင့် အရေးပေါ် အစည်းအဝေး ခေါ်ယူပေးဖို့နဲ့ အခြေအနေတွေ တည်ငြိမ်အောင် ဝိုင်းဝန်း ထိန်းသိမ်းတဲ့ အနေနဲ့ သံတမန်ရေး ဖိအားတွေ ပေးသွားဖို့လည်း အီရတ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပါတယ်။
လက်ရှိ အခြေအနေဟာ ဆီးရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ရုံတင်မက ဒေသတွင်း နိုင်ငံတွေရဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Bassam Sabbagh ကလည်း ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သောကြာနေ့က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ခံသူတွေ အဓိကနေထိုင်တဲ့၊ နိုင်ငံတွင်း တတိယအကြီးဆုံးမြို့ Homs မြို့ကနေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူတွေရဲ့ ကားတွေနဲ့ အဝေးပြေး လမ်းမကြီး တလျှောက် ပိတ်ဆို့နေတဲ့ ရုပ်ပုံတွေကိုတော့ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။ Homs မြို့ကိုပါ လက်လွတ်ရပြီ ဆိုရင်တော့ ဒါဟာ Assad အစိုးရအတွက် အကြီးအကျယ် အထိနာစေမှာဖြစ်ပါတယ်။
Forum