သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Irma အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကို ဦးတည်နေ


ဟာရီကိန်း Irma
ဟာရီကိန်း Irma

ဟာရီကိန်း Irma ရဲ့ ဗဟိုချက်ဟာ Dominican သမ္မတ နိုင်ငံကို ဖြတ်သန်းနေပြီး၊ ပြင်းအားအဆင့် ၅ ရှိတဲ့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားနိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။

မုန်တိုင်းဗဟိုချက်ဟာ Dominican ကမ်းရိုးတန်းကို ကျော်လွန်သွားပြီ ဖြစ်ပေမဲ့၊ လေပြင်းမုန်တိုင်းနဲ့ မိုးသည်းထန်မှုတွေဟာ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပဲလို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ပြောဆိုခဲ့တာပါ။ တနာရီကို အပြင်းထန်ဆုံး လေတိုက်နှုန်း ၂၉၅ ကီလိုမီတာနှုန်းနဲ့ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ Irma ဟာရီကိန်းကြောင့် Barbuda ကျွန်းမှာ အနည်းဆုံး လူတဦး သေဆုံးပြီး၊ St. Martin ကျွန်းမှာတော့ လူ ၈ ဦး သေဆုံးခဲ့တာပါ။ မုန်တိုင်းဟာ နောက်ရက်အနည်းငယ်အတွင်း ပြင်းအားအဆင့် ၄ ကနေ ၅ အထိ ဆက်လက် ပြင်းထန်နေဦးမှာ ဖြစ်ကြောင်းလည်း အမေရိကန် ဟာရီကိန်းမုန်တိုင်းဌာနက ပြောပါတယ်။ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gerard Collomb ကတော့ ပြင်သစ်နဲ့ ဒတ်ချ်နိုင်ငံတို့က ပိုင်ဆိုင်တဲ့ St. Martin ကျွန်းမှာ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ပြောဆိုထားတာပါ။

ဒတ်ချ်အစိုးရ တာဝန်ရှိသူတွေကတော့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သတင်းတွေ မရသေးကြောင်း ပြောဆိုခဲ့ပေမဲ့ လေယာဉ်ကွင်းနဲ့ ဆိပ်ကမ်းအပါအဝင် ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ညပိုင်းမှာ မုန်တိုင်း ဖြတ်သန်းခဲ့တဲ့ အမေရိကန်ပိုင် Puerto Rico မှာတော့ လူတသန်းလောက် လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး၊ မီးပုံမှန်ပြန်ရဖို့ ၆ လလောက် အချိန်ယူရနိုင်တယ်လို့လည်း လျှပ်စစ်ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

သမ္မတ Donald Trump ကတော့ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေရတဲ့ Puerto Rico ကျွန်းမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ကြေညာချက်အရ အမေရိကန် ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန (FEMA) အနေနဲ့ ကပ်ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်။ မုန်တိုင်း တိုက်ရိုက်ဖြတ်သန်းခဲ့တဲ့ Barbuda ကျွန်းနဲ့ Antigua ကျွန်းတွေရဲ့ ဝန်ကြီးချုပ် Gaston Browne ကတော့ အဆောက်အဦးတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ ထိတ်လန့်စရာ အခြေအနေတရပ်အဖြစ် ပြောဆိုခဲ့တာပါ။

Jose လို့ အမည်ပေးထားတဲ့ နောက်ထပ် ဟာရီကိန်းမုန်တိုင်းဟာလည်း Barbuda ကျွန်းကို ဒီသီတင်းပတ်နှောင်းပိုင်း ဝင်ရောက်မယ့် အန္တရာယ်လည်း ရှိနေပါတယ်။ Irma ဟာရီကိန်းလောက် အားမပြင်းတဲ့ Jose မုန်တိုင်းဟာ စနေနေ့မှာ Leeward ကျွန်းစု မြောက်ပိုင်းကို ဖြတ်သန်းပြီးနောက်မှာတော့ Irma မုန်တိုင်း လမ်းကြောင်းအတိုင်း မြောက်ဖက်ကိုကွေ့ပြီး ရွေ့လျားလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ Irma မုန်တိုင်းကတော့ စနေနေ့မှာ အင်အားပြင်း မုန်တိုင်းအဖြစ် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ကို ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒေသခံတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG