သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီလင်းပိုင် မျိုးမတုန်းရေး မြန်မာ ကြိုးပမ်း 


Irrawaddy Dolphin (ဓါတ်ပုံ- Irrawaddydolphins.Cr.WCSMayanmar)
Irrawaddy Dolphin (ဓါတ်ပုံ- Irrawaddydolphins.Cr.WCSMayanmar)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တနေ့တခြား ရှားပါးလာနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ၊ အာဏာပိုင်တွေနဲ့ ဒေသခံတွေ စတင်ကြိုးပမ်းနေကြပါတယ်။ ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေကြောင့် ရှားပါးဧရာဝတီလင်းပိုင်တွေ မျိုးတုန်းပျောက်ကွယ်မယ့်အရေး အချိန်မီကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က တင်ပြထားပါတယ်။

နှစ်စဉ် သေဆုံးမှုနှုန်း တိုးလာနေပြီး အခုအခါ ကောင်ရေ ၇၀ ကျော်သာ ကျန်တော့တဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက အာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ ပူးတွဲ ကြိုးပမ်းနေကြတာပါ။ ရှားပါးလင်းပိုင်တွေ သေဆုံးမှုတွေ အများစု ကြုံရတဲ့ လျှပ်စစ်ဓာတ်နဲ့ လျှော့တိုက် ငါးဖမ်းတဲ့ လုပ်ရပ်တွေကိုလည်း အာဏာပိုင်တွေက အရေးယူတာတွေ ရှိလာနေပါပြီ။

ဧရာဝတီမြစ်ရဲ့ မင်းကွန်းဒေသကနေ ကျောက်မြောင်းဒေသအထိ ၇၂ ကီလိုမီတာကို လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ်သတ်မှတ်ထားပြီး စက်တင်ဘာလကစပြီး ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို နှိမ်နင်းတဲ့ စီမံချက်တွေ စတင်ခဲ့ရာမှာ လူ ၄ ဦးနဲ့ စက်လှေ အစီး ၂၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦစီးမှူး ဦးဇော်မန်းက ပြောပါတယ်။

“ဘာပဲပြောပြော လုပ်လိုက်တဲ့အတွက် ပိုပြီးတော့ ဖမ်းဆီးရမိမှုတွေလည်း များလာတယ်။ ထိထိရောက်ရောက် လည်းဖြစ်သွားတယ်ပေါ့။ ကျွန်တော်တို့အရင်က တလ ၂ ကြိမ် ပညာပေးလာရင်းနဲ့ ကင်းလှည့်တယ်ဆိုရင် လည်း ကျွန်တော်တို့က မော်တော်ကြီးနဲ့ဆိုတော့ မန္တလေးက ထွက်လာတယ်။ အင်ဒေါင်းမှာအိပ်တယ်။ နောက်ရက် စဉ့်ကူးရောက်တယ်ဆိုရင် ပြန်လာတယ် ၃ ရက် ၄ ရက်လောက်ပဲ မြစ်ထဲမှာ ရှိတဲ့အတွက် သိပ်ပြီး မထိရောက်ဘူးပေါ့။ ဒါပေမယ့် အဲ့တုန်းကလည်း မိခဲ့ပါတယ်။ အဲ့တုန်းကလည်း ပြစ်ဒဏ်တွေဘာတွေ တရားစွဲဆို နိုင်ခဲ့ပါတယ်။ အခု ၂ လခွဲ ၃ လလောက် အတွင်းမှာ ဒီလောက်များတယ်ဆိုတော့ ပိုပြီးထိထိ ရောက်ရောက် လုပ်နိုင်တယ်လို့ထင်တာပေါ့နော်။”

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် ဥပဒေမဲ့ ငါးဖမ်းသူတွေကို အရေးယူတာအပြင် ရိုးရာငါးဖမ်းတဲ့ အလေ့အထတွေကို အားပေးတာ အပါအဝင် ပညာပေးတဲ့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်နေကြပါတယ်။

အလွယ်တကူ လျှော့တိုက် ငါးဖမ်းတဲ့ လုပ်ရပ်ကြောင့် ရိုးရာဓလေ့ လင်းပိုင်တွေနဲ့အတူ ငါးဖမ်းတဲ့ အလေ့အထတွေလည်း မှေးမှိန်လာတယ်လို့ နှစ်ပေါင်း ၄၀ ကျော် ရေလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုလာတဲ့ ဦးအောင်သင်းက ပြောပါတယ်။

“အကိုတို့ငယ်စဉ်က ဧရာဝတီလင်းပိုင်နဲ့ ရေလုပ်သား ငါးဖမ်းရမှာဆိုရင် အရမ်းပျော်ခဲ့ကြတာ။ ပျော်ခဲ့ကြတာ ဘာလည်းဆိုတော့ အကိုတို့ သာမန် သက်သက် ဗလာလျှောက်ပစ်မယ်ဆိုရင် ငါး ၁ ပိသာခွဲ ၂ ပိသာ ရဖို့က ခဲယဉ်းတယ်။ ဧရာဝတီလင်းပိုင်နဲ့ကျလို့ရှိရင် ငါးအများကြီးရတာပေါ့။ အဲ့ကျလို့ရှိရင် မိသားစု ၄ ၅ ရက်လောက် ထိုင်စားရတဲ့ အဆင့်ထိရှိတယ်။ ဗလာဆိုရင် တရက်ပစ်တရက်စားပဲရတယ်။”

လျှပ်စစ်ဓာတ်နဲ့ ရှော့တိုက်ငါးဖမ်းတဲ့နည်းကြောင့် ဧရာဝတီလင်းပိုင်တွေအပြင် တခြားရေနေ သတ္တဝါတွေပါ သေဆုံးရတဲ့အတွက် သဘာ၀ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်မှာ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ သာမက ဒေသခံ ငါးဖမ်းသမားတွေကြားမှာပါ စိုးရိမ်လာကြပါတယ်။

ရိုးရာအစဉ်အလာ ငါးဖမ်းနည်းနဲ့ အသက်မွေးနေတဲ့ ဒေသခံရေလုပ်သားတဦးဖြစ်တဲ့ ကိုအောင်မျိုးသန့်ကလည်း ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ ပြောပါတယ်။

“ဒီလိုရိုးရိုးသာမာန်လုပ်စားတယ်ဆိုရင် နောင်လာနောင်သားသမီးထိ လုပ်စားလို့ရတယ်။ ငါးလည်း မပပျောက်တော့ဘူး။ ပေါတယ်ဗျာ။ အခုဟာက ရှော့တွေဘာတွေနဲ့ဆိုတော့ ငါးလည်းပပျောက်တယ် နောင်လာ နောင်သားသမီးအထိ တော်သင့်ရာ ရှားရှားပါးပါး လုပ်ကိုင်စားရတယ်။ အဲ့ဒါမျိုးလေးတွေပါ။”

ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေရဲ့ အကျိုးဆက်အဖြစ် ဧရာဝတီလင်းပိုင်တွေဟာ တနှစ်ကို ၂ ကောင်ကနေ ၇ ကောင်အထိ သေဆုံး နေရပါတယ်။ လျှော့တိုက်ဖမ်းဆီးတာ အပါအဝင် ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေကို နှိမ်နင်းဖို့ ကြိုးစားရာမှာ တာဝန်ရှိသူတွေ ရန်ပြုတာ အပါအဝင် စိန်ခေါ်မှုတွေလည်း ကြုံရလေ့ ရှိတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်တဲ့ အမှတ် ၁ ရေကြောင်းရဲတပ်ဖွဲ့က ရဲအုပ်ဝင်းထွန်းက ပြောပါတယ်။

“တိုက်ခိုက်မှုဆိုတာ သူတို့က တခါတလေကျလို့ရှိရင် တဦးစနှစ်ဦးစ တစီးစ နှစ်စီးစ ရှော့တိုက်ငါးဖမ်းတာ ရှိတယ်။ တချို့က အုပ်စုလိုက်ရှော့တိုက်ဖမ်းဆီးမှုလေးတွေရှိတယ်။ အုပ်စုလိုက်ဖမ်းဆီးမှုဆိုပေမယ့် ပြုံပြီးတော့ တနေရာနဲ့တနေရာအဝေးပေါ့။ တစီးတစီးကိုဖမ်းတယ်ဆိုရင် သူတို့လာစုရုံးပြီးတော့ ကာကွယ်ပေးကြတဲ့ သဘောမျိုးပေါ့။ ဖမ်းဆီးတဲ့အဖွဲ့ကို ရန်ပြုတဲ့သဘောမျိုးရှိတယ်ပေါ့။ တိုက်ခိုက်မှုဆိုတာ ဖမ်းဆီးမှုမပြုလုပ်နိုင အောင်လို့ ဟန့်တားတဲ့ သဘောတော့ရှိပါတယ်။ တချို့တချို့တွေက အမြဲတမ်းတော့ မလုပ်ပါဘူးခင်ဗျ။”

ရှော့တိုက် ငါးဖမ်းဆီးသူကိုတော့ ရေချိုငါးလုပ်ငန်း ဥပဒေအရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် တိုးမြှင့်အရေးယူဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာ ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေကို တားဆီးရာမှာ ဒေသခံရေးလုပ်သားတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပါဝင်လာမှသာ ထိရောက်မှု ရှိလိမ့်မယ်လို့လည်း ရဲအုပ်ဝင်းထွန်းက ပြောပါတယ်။

“ပြစ်မှုပြစ်ဒဏ်မြင့်တက်ရင်လည်း လျော့ကျနိုင်တယ်။ လျော့ကျနိုင်ယုံနဲ့တင်မဟုတ်ဘူး။ ကျွန်တော်တို့က ပြစ်ဒဏ်တွေမြင့်နေယုံနဲ့တင်မရဘူး။ ပြည်သူတွေကအကုန် တယောက်ချင်းတယောက်ချင်းလည်း သိရှိဖို့ လိုတယ်ဗျ။ ထဲထဲဝင်ဝင်သိဖို့လိုတယ်။ အောက်ခြေအထိ ရောက်ဖို့လိုတယ်။ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး တွေပူးပေါင်းပြီးတော့ သေချာထဲထဲဝင်ဝင် အခုဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခေါ်ပြောထားပေမယ့် တချို့တွေက သူတို့မဆိုင်သလို နေကြတာရှိတယ်။ အဲ့တော့ သူတို့အထိပါသိရှိနိုင်ရင်တော့ တဖြေးဖြေးနဲ့ ရွာဥက္ကဌက လက်မခံဘူးဆိုရင် သူတို့လုပ်စားလို့မလွယ်တော့ဘူး။ ဒီထဲကို ဒီပစ္စည်းတွေ တင်သွင်းဖို့တောင် မလွယ်တော့ဘူး။ အဓိက အခြေခံကတော့ ဧရာဝတီမြစ်နားနီးတဲ့ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေက အဓိက ကျတယ်။ ပုဒ်မမြှင့်ချင်းမမြှင့်ချင်းထက် ငါရွာမှာ လက်မခံဘူးကွဆိုရင် ဘယ်သူမှမလုပ်ရဲတော့ဘူး။ လုပ်ရင် လာသတင်းပေးဆိုရင် မလုပ်တော့ဘူး။ ကျေးရွာတွေက မသိလိုက် မသိဖာသာလေးနေလိုက်တော့ အမုန်းမခံဘူးဆိုပြီးနေရင်တော့ တိုးပွားလာမယ့်သဘောတော့ရှိတယ်။ ပုဒ်မမြှင့်ချင်း မမြှင့်ချင်းထက် အဲ့ဒါက ပိုအဓိကကျတယ်။”

နို့တိုက်သတ္တဝါ ဧရာဝတီလင်းပိုင်တွေဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုဒေသ မဟာကမ်မြစ်နဲ့ မဲခေါင်မြစ်တွေမှာ နေထိုင်ကျတ်စားကြပါတယ်။ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိတဲ့ လင်းပိုင်တွေကျတ်စားရာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ကြောင်း တလျှောက်ဒေသကိုလည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့သဘာဝယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ပေးဖို့ အစိုးရကို တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)
















XS
SM
MD
LG