(Zawgyi/Unicode)
ရှားပါးဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဒေသခံတွေ ဝင်ငွေရစေမယ့် လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း ကိုထက်အောင်ခန့် ပြောပြပါမယ်။
ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေတဲ့အထဲ ရှားပါး ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ဖန်တီးထားတဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။
ဥပဒေမဲ့ ငါးဖမ်းမှုတွေကြောင့် မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ရှားပါး ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ စစ်ကိုင်း မန္တလေး ဧရာဝတီ မြစ်ဘေးက ကျေးရွာ ၈ ရွာက ဒေသခံတွေ တဖက်တလမ်းက အထောက်အကူရဖို့ ပြုလုပ်ပေး ထားတဲ့ လူထု အခြေပြု ခရီးသွားလုပ်ငန်းဟာ ကပ်ရောဂါကြုံရချိန်ကစလို့ သိသိသာသာ ထိခိုက်လာနေတာပါ။
အခုဆိုရင် ဧရာဝတီလင်းပိုင်တွေကို အလှကြည့်ကြတဲ့ ခရီးသွားတွေ မရှိသလောက် ဖြစ်နေတယ်လို့လည်း သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ WCS ရဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အစီအစဉ်က ဦးကျော်လှသိန်းက ပြောပါတယ်။
“ကျွန်တော်တို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော် COVID -19 ကာလမှာ အခက်အခဲလေးအနေနဲ့ပြောရမယ်ဆိုရင် ဒီကျေးရွာတွေအနေနဲ့လည်း တဦးချင်းဝင်ငွေတွေ တော်တော်လေး လျော့နည်းသွားတဲ့အနေအထား ပြောရမယ်ဆိုရင် သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းက ရပ်တန့်သွားတဲ့ အနေအထားမျိုးပေါ့။”
ပုံမှန်အချိန်မျိုးမှာ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းကို နှစ်စဉ် နိုင်ငံခြားသား ၁၀၀ ကျော်အပြင်၊ ပြည်တွင်းက ခရီးသွားအများအပြား လာရောက် လည်ပတ်လေ့ရှိပါတယ်။ ဒီနှစ်မှာဆိုရင်လည်း လုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ဒေသခံရွာတွေမှာ ခရီးသွားတွေ နားနေဆောင်တွေ ကိုပါ WCS အဖွဲ့က ကမကထလုပ် ဖွင့်လှစ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း တိုးချဲ့ဆောင်တွေ ဖွင့်လှစ်ပြီး တနှစ်မပြည့်ခင်မှာပဲ ကပ်ရောဂါကြောင့် ပိတ်ထားရပါတယ်။
ရှားပါး ဧရာဝတီလင်းပိုင်တွေအပေါ် စိတ်ဝင်စားမှုတွေ တိုးလာနေတာနဲ့အမျှ နှစ်စဉ်ခရီးသွားတွေ တိုးလာနေချိန်မှာပဲ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေ ကြုံနေရတယ်လို့လည်း ဒေသခံ လူထုအခြေပြုခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးဝင်းညွန့်က ပြောပါတယ်။
“ကပ်ရောဂါကာလဖြစ်တဲ့အတွက် တနိုင်ငံလုံးလိုလို ရပ်တန့်သွားတာလေ။ ဧည့်သည်ကလည်း နိုင်ငံခြားသား ဆိုတာ ကျွန်တော်တို့ ကြည့်ချင်လို့တောင် မမြင်ရတဲ့ အခါကျတော့ ဘယ်လိုပြောရမလဲဆိုရင် ဒီရဲ့ဝင်ငွေအနေနဲ့ ကတော့ ဧည့်သည် လုံး၀ မလာတာ ဖြစ်သည့်အတွက် ဝင်ငွေရရှိမှုတော့မရှိဘူး။ အမှန်တိုင်းဆို ကျွန်တော်တို့ ဒီနှစ်ကို တအားမျှော်လင့်ထားတာ။ ဧည့်သည်က တနှစ်ထက်တနှစ် တအားကြီးတက်နေတဲ့အချိန် တကယ့် Tour ရာသီအချိန်မှာပဲ ဒီကပ်ရောဂါဖြစ်ပြီး ပိတ်လိုက်ရတဲ့အတွက် ဝင်ငွေရရှိမှုက လုံးဝရပ်တန့်သွားတယ်ပေါ့။”
မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ကြောင့် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဧရာဝတီလင်းပိုင်တွေဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ ကောင်ကနေ ၇ ကောင်အထိ သေဆုံးခဲ့ဘူးသလို ဒီနှစ်ထဲမှာဆိုရင်လည်း အနည်ဆုံး ၈ ကောင် သေဆုံးခဲ့ကြောင်း WCS က မှတ်တမ်းတင်ထားပါတယ်။
ဥပဒေမဲ့ ငါးဖမ်းမှုတွေကြောင့် အဓိက သေဆုံးမှုတွေ ကြုံနေရတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဒေသခံလူထုကိုပါ အသိပညာပေးနိုင်မယ့် လူထုအခြေပြု ခရီးသွားလုပ်ငန်းက အရေးကြီးတယ်လို့လည်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦစီးမှူး ဦးဇော်မန်းက ပြောပါတယ်။
“Community Lodge လေးဒီမှာလာဖွင့်တဲ့အတွက် ဘာပဲပြောပြော ဒီနားရှိတဲ့ ဒေသတွေကတော့ တဖက်တလမ်းကတော့ အများကြီးမဟုတ်တောင် အနည်းအကျဉ်းတော့ အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ရသွားတာပေါ့နော်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ရွာမှာလည်း ဝင်ငွေလေးတွေ ရသွားတဲ့အတွက် တချို့ကတော့ အနည်းအကျဉ်းတော့ ဒီဒေသမှာ နည်းနည်းလေး ပြေလည်တယ်ပေါ့နော်။ ပြေလည်တဲ့အတွက် လင်းပိုင်ကြောင့်ပဲ ဒါဖြစ်လာတဲ့အတွက် လင်းပိုင်တွေကို ပိုပြီးတော့ စိတ်ဝင်စားသွားတယ်။ ဒီကောင်တွေ ထိန်းသိမ်းထားရပါလား အဲ့လိုအသိလေးတွေ ဝင်သွားတယ်လို့ ထင်ပါတယ်။”
ဧရာဝတီလင်းပိုင်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ ၂၀၁၄ ခုနှစ်ကစပြီး ကျေးရွာ ၆ ရွာက လူ ၆၀ လောက်နဲ့ စတင်ခဲ့တာဖြစ်ပြီး ၂ နှစ်အကြာမှာ လူထုအခြေပြုခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းလည်ပတ်ခဲ့ရာမှာ အခုဆိုရင် ကျေးရွာ ၈ ရွာက လူ ၄၀၀ ကျော်အထိ ပါဝင်လာကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။
မျိုးတုန်းပျောက်ကွယ်မယ့် အန္တရယ်ကြုံနေရတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဒေသခံတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်လို့လည်း လူထုအခြေပြုခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးဝင်းညွန့်က ပြောပါတယ်။
“အရင်တုန်းကကျတော့ လုံးဝမှမရှိခဲ့ဘူး။ ကျွန်တော်တို့စလုပ်ခဲ့တယ် လူ ၄ ၅ ၆၀ နဲ့လုပ်ခဲ့တယ်။ အဲ့ ၄ ၅ ၆၀ ကပဲ ဝိုင်းဝန်းထိန်းသိမ်းတယ်။ ကျန်တဲ့လူက မပါဘူးလားဆိုတော့ အဖွဲ့ဝင်မဟုတ်သည့်အတွက် ပါနိုင်သလောက်ပဲပါတယ်။ ဒီလို တဆင့်တဆင့်နဲ့ တိုးလာတဲ့အခါကျတော့ အခုကို တရားဝင်ထိန်းသိမ်းတဲ့ လူက ၄၀၀ ကျော်လောက် ဖြစ်လာပြီဆိုတဲ့အခါကျတော့ တောနေလူတန်းစားဆိုတာတော့ သူတို့အိပ်ချိန်တန် အိပ်တယ်ပေါ့။ နေ့ပိုင်းဆိုရင်တော့ တရားမဝင်ငါးဖမ်းသမား ဘယ်နားမှာရှိတယ် ဘယ်ရွာက သတင်းပေးတဲ့ အခါကျတော့ ပိုမိုပြီး သွက်လက်လာတယ်ပေါ့။ ဒါကိုအဟန့်အတား ပြုနိုင်တယ်ပေါ့။ သူတို့ရဲ့ ဟိုးတုန်းကထက် စာရင်တော့ လုံခြုံမှုလေး ပိုတော့ရှိတယ်ပေါ့။”
ဧရာဝတီလင်းပိုင်တွေဟာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေမှာ တွေ့ရပြီး မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ် ရခိုင်ကမ်းရိုးတန်း တနင်္သာရီ ကမ်းရိုးတန်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်တို့မှာ ကျက်စားကြပါတယ်။ တရားမဝင် ဖမ်းဆီးမှုတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာကြောင့် မကြာသေးခင်နှစ်တွေကစပြီးရှားပါးဧရာဝတီလင်းပိုင်တွေ လျော့ပါးလာရာမှာ ဒီနှစ်လယ်ပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကောင်ရေ ၇၀ လောက် ကျန်ရှိနေသေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။
............
(Unicode)