(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ရှားပါးလာနေပြီဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေ သေဆုံးမှု တိုးလာနေတာကြောင့် မျိုးတုန်းပျောက်ကွယ် မသွားအောင် ကာကွယ်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။
ကောင်ရေ ၈၀ တောင်မပြည့်တော့တဲ့ ဧရာဝတီလင်းပိုင်တွေထဲမှာ ဒီနှစ် ၆ လအတွင်း သေဆုံးတာ ၅ ကောင်ထက်မနည်း ရှိနေတာကြောင့် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ သတိပေးနေတာပါ။
ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ (WWF) ရဲ့ ရေချိုအရင်းမြစ် အစီစဉ်အရာရှိ ဆလိုင်းသူရဇော်ကတော့ ဥပဒေမဲ့ ငါးဖမ်းတာတွေ ရေကြောင်းသွားလာမှုတွေကြောင့် ဧရာဝတီလင်းပိုင်တွေ သေဆုံးနေရတာလို့ ပြောပါတယ်။
“ရှော့တိုက်ပြီး ငါးဖမ်းတဲ့ စနစ်တွေ၊ တရားမဝင် အဆိပ်ခတ်ငါးဖမ်းတဲ့ လုပ်ငန်းတွေလည်း ရှိနိုင်တယ်ပေါ့။ ရေလမ်းကြောင်းသွားတဲ့ သင်္ဘောကြီးတွေကနေတဆင့် သူတို့ရဲ့ပန်ကာတွေကြောင့် ဒါတွေနဲ့ရိုက်ပြီးတော့ သေဆုံးတဲ့အနေအထားတွေလည်း ရှိခဲ့ဖူးတယ်။ ဒီရေကြောင်းသွားလာမှုတွေ များလာတဲ့အမျှလည်း ဒါလည်းသက်ရောက်မှုရှိနိုင်တယ်။ ဒါတွေကတော့ တိုက်ရိုက်ဖြစ်နေတဲ့ အပိုင်းတွေပေါ့။”
စက်မှုလုပ်ငန်းတွေနဲ့ မြစ်အထက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ သတ္တုတူးဖော်လုပ်ငန်းတွေကြောင့် မြစ်ရေညစ်ညမ်းလာပြီး ငါးသယံဇာတလျှော့နည်းလာရင် ငါးအသေးလေးတွေကို မှီခိုနေရတဲ့ ငါးကြီးမျိုးလင်းပိုင်တွေအပေါ်ကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
ရှားပါးရေချိုလင်းပိုင်မျိုးဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်တမ်းကောက်ယူရာမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကနေ မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ၇၉ ကောင် တွေ့ရှိထားပါတယ်။
ရှားပါးလာနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဧရာဝတီလင်းပိုင်တွေ ကျတ်စားရာနေရာတွေမှာ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းတွေ စတင်နေတယ်လို့လည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းက VOA ကိုပြောပါတယ်။
“အဓိကတော့ ဒေသခံတွေက ဧရာဝတီလင်းပိုင်းတွေကို ပိုပြီးတော့ထိန်းသိမ်းသွားစေဖို့ပေါ့။ ဒါတဖက်တလမ်းက ဝင်ငွေရတယ်ဆိုရင် လင်းပိုင်ကြောင့်ရတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ထိန်းသိမ်းတတ်သွားအောင် ကျနော်တို့က အဲဒါလေးတွေကို ဖော်ဆောင်ပေးတာဖြစ်ပါတယ်။”
“ဧရာဝတီလင်းပိုင်များ မရှိတော့တဲ့ အနာဂတ်အတွက်ရော သင်ပြင်ဆင်ထားရဲ့လား” ဆိုတဲ့ ခေါင်းစဉ်နဲ့ လင်းပိုင်တွေကိုကာကွယ်ရေး လှုပ်ရှားမှု တခုကိုလည်း အွန်လိုင်းစာမျက်နှာပေါ်မှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေစုပေါင်းပြီး ဆောင်ရွက်နေပါတယ်။
ဧရာဝတီမြစ်၊ ဧရာဝတီလင်းပိုင်နဲ့ လက်ပစ်ကွန်ရေလုပ်သားတွေ အကျိုးတူပူးပေါင်း ငါးဖမ်းတဲ့ဓလေ့ကို ကမ္ဘာ့သဘာဝအမွေအနှစ် ပဏာမစာရင်းဝင်အဖြစ် ၂၀၁၄ တုန်းက UNESCO အဖွဲ့က မှတ်တမ်းပြုထားပါတယ်။
...................
(Unicode)