ဆီးရီးယားနိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ နောက်ဆုံး ထိန်းချုပ်ရာ Baghuz မြို့ပေါ်မှာ ညစဉ်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြပြီးနောက် စနေနေ့ မနက်မှာတော့ နောက်ဆုံး လက်ကျန် IS စစ်သွေးကြွ တိုက်ခိုက်ရေး သမားတွေနဲ့ သူတို့ မိသားစုတွေရဲ့ စွန့်ပစ်စခန်းတွေနဲ့ ရိက္ခာတွေ မီးလောင်နေတဲ့ ကားတွေသာ ပြန့်ကျဲ ကျန်ရစ်ပါတော့တယ်။
အမေရိကန် ထောက်ပံ့ထားတဲ့ ဆီးရီးယား ဒီမိုကရက်တပ်ဖွဲ့ SDF တွေကတော့ လက်ကျန် အဆောက်အအုံ တချို့ထဲက တခုပေါ်မှာတော့ သူတို့ အလံကို လွှင့်ထူထားပြီး အစ္စလာမ္မစ် အုပ်ချုပ်ရေး ကာလီဖိတ် နယ်မြေအဖြစ် ကြေညာထားမှု အဆုံးသတ်သွားတဲ့ အပေါ်မှာ အောင်ပွဲခံနေကြပါတယ်။
၅ နှစ်တာ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ISIS ကို လက်တွေ့ ချေမှုန်းနိုင်ပြီဆိုတာနဲ့ ISIS ရဲ့ အများပြည်သူအပေါ် ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ပြီဆိုတာကို ကြေညာနိုင်ပြီလို့ SDF ဦးဆောင် ညွှန်ကြားရေးမှူး Mazloum Kobani က အရာရှိတွေနဲ့ ညွန့်ပေါင်း အဖွဲ့တွေကို ပြောဆိုခဲ့ပါတယ်။ Islamic State အဖွဲ့၊ နောက် Baghuz က သူတို့ရဲ့ နောက်ဆုံး ထိန်းချုပ်မှုကိုလည်း အဆုံးသတ်လိုက်ပြီဆိုတာကို ကြေညာပါတယ်လို့ စနေနေ့မှာ SDF ဦးဆောင် ညွှန်ကြားရေးမှူးက ပြောဆိုခဲ့တာပါ။
လက်ခုပ်သံတွေ၊ သံစုံတီးဝိုင်း ချီတက်သံတွေကြားမှာဘဲ SDF တပ်မှူးတွေနဲ့ ညွန့်ပေါင်းအဖွဲ့ တာဝန်ရှိသူတွေကတော့ အောင်ပွဲအတွက် ပေးဆပ်ခဲ့ကြတဲ့ SDF တပ်ဖွဲ့တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။ အီရတ်နိုင်ငံနဲ့ ဆီးရီးယား နိုင်ငံရဲ့ သုံးပုံတပုံနီးပါးကို ထိန်းချုပ်ခဲ့ဖူးတဲ့ IS အစွန်းရောက် အဖွဲ့ကို ချေမှုန်းတိုက်ခိုက်မှု အတွင်း ခန့်မှန်းခြေ ၁၁၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
စနေနေ့ မနက်ခင်း အပြီးအပြတ် မချေမှုန်းနိုင်ခင် သောကြာနေ့ညမှာတော့ IS အစွန်းရောက်တွေက အပြင်းအထန် ခုခံခဲ့ကြတာပါ။ IS တိုက်ခိုက်ရေး သမားတွေက အသေခံ ဗုံးခွဲသမားတွေ၊ နောက် ကလေးတွေကိုပါ လူသား ဒိုင်းတွေ အဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။