သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အကြမ်းဖက်မှု IS နဲ့အဆက်ရှိတဲ့ အီရန်နိုင်ငံသားတွေလက်ချက်


အီရန်လွှတ်တော်၊ နောက် ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း Ayatollah Ruhollah Khomeini ရဲ့ ဂူဗိမာန်တို့မှာ တိုက်ခိုက်ခဲ့ကြတဲ့ အမျိုးသားတွေထဲက ၅ ဦးကတော့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ အီရန် နိုင်ငံသားတွေ ဖြစ်တယ်လို့ အီရန် ထောက်လှမ်းရေး ဝန်ကြီးဌာနက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီ အမျိုးသားတွေက အီရတ်နိုင်ငံ မိုလ်ဆူးမြို့နဲ့ ဆီးရီးယား နိုင်ငံ ရက္ကာမြို့တို့မှာ IS အဖွဲ့ဘက်က ပါဝင် တိုက်ခိုက်ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လက အီရန်နိုင်ငံကို ပြန်လာကြသူတွေ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသူ အရေအတွက်ကလည်း တိုးလာပြီး အနည်းဆုံး ၁၇ ဦး သေဆုံး၊ ၄၀ ဒဏ်ရာရရှိထားတယ်လို့ အီရန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့သူတွေ၊ အသေခံ ဗုံးခွဲသမား ၂ ဦးတို့ရဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ တပြိုင်တည်း နီးပါး တိုက်ခိုက်ခဲ့မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ချက်ချင်းဆိုသလို ပြောဆိုခဲ့တာပါ။ အကြမ်းဖက်ဝါဒီ အဖွဲ့ရဲ့ Amaq သတင်းဌာနကလည်း ၂၄ စက္ကန့်ကြာ တိုက်ခိုက်မှု ဗွီဒီယိုကို တင်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာတော့ အီရန် လွှတ်တော် အဆောက်အအုံဝင်း အတွင်းက သွေးစွန်းနေတဲ့ သေဆုံးသူတဦးကို ပြသခဲ့ပြီး နောက်ထပ် တိုက်ခိုက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အခု တိုက်ခိုက်မှုမှာ IS တို့ ပါဝင် ပတ်သက်တယ်ဆိုတာကို အီရန် လုံခြုံရေး တာဝန်ရှိသူတွေက မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အတည်ပြု ပြောဆိုပြီး တိုက်ခိုက်သူ အများစုက အမျိုးသမီးတွေလို ဟန်ဆောင်ထားကြတယ်လို့လည်း ပြောဆိုပါတယ်။ တိုက်ခိုက်သူ ၆ ဦးကိုတော့ အီရန် တပ်ဖွဲ့တွေက သုတ်သင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားပြီး တတိယမြောက် တိုက်ခိုက်မှု ဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ အီရန် အရာရှိတွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံကို ထိခိုက်မှု မရှိဘူးဆိုပြီး အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က နိုင်ငံပိုင် ရုပ်သံကို ပြောဆိုပြီး အကြမ်းဖက်ဝါဒီတွေ မကြာခင် အမြစ်ပြုတ်သွားစေရမယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။ အီရန် အစိုးရပိုင်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျ နိုင်ငံကို အပြစ်ဖို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG