သုံးရလွယ်ကူစေသည့် Link များ

အီရန်နိုင်ငံမှာ လူ ၁၂ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ပါလီမန်နဲ့ ကွယ်လွန်သူခေါင်းဆောင် Ayatollah Ruhollah Khomeini ဂူဗိမ္မာန်တို့ကို ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS အစ္စလာမ်စစ်သွေးကြွအဖွဲ့က ကြေညာလိုက်ပါတယ်။

တိုက်ခိုက်မှုစတင်ပြီး နာရီပိုင်းအကြာမှာပဲ IS အစွန်းရောက် အဖွဲ့ရဲ့ Amaq သတင်းဌာနက ကြေညာလိုက်တာပါ။ အီရန်နိုင်ငံကလာတဲ့ သတင်းတွေမှာတော့ လူတဦး သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ တီဟီရန်မြို့တော် တောင်ဖက်က ဂူဗိမ္မာန်ကို တိုက်ခိုက်မှုမှာ အသေခံဗုံးခွဲသမားနဲ့ သေနတ်သမား ၃ ဦးတို့ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြကြပါတယ်။

တိုက်ခိုက်သူတွေထဲက အနည်းဆုံးတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပြီး၊ တဦးကိုတော့ အသေမိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြနေကြတာပါ။ အီရန်ပါလီမန်က တိုက်ခိုက်မှုမှာတော့ တိုက်ခိုက်သူ တဦးက လွှတ်တော် အဆောက်အဦးအတွင်း အသေခံဗုံးခွဲခဲ့ပြီး၊ သေနတ်သမား ၃ ဦးလည်း ပါဝင်ခဲ့ပါတယ်။ တိုက်ခိုက်သူ ၆ ဦးစလုံးကိုတော့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း နောက်ပိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း လုံခြုံရေးအစောင့်တဦး သေဆုံးပြီး လူတော်တော်များများ ဒဏ်ရာရခဲ့ကြောင်းလည်း အီရန်နိုင်ငံက မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

IS အစ္စလာမ်အစွန်းရောက် အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရန်နိုင်ငံတို့မှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ တိုက်ခိုက်နေသလို၊ အီရန်နိုင်ငံက Shiite မွတ်စလင်လူနည်းစုတွေ အပေါ်မှာလည်း ဘာသာရေးအယူမှား သူတွေအဖြစ် သုတ်သင်ရှင်းလင်းရမယ်လို့ သဘောထားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG