သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုတွေရှိနေချိန်မှာပဲ ပါလက်စတိုင်းတို့ဥပုသ်လစတင် 


အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးပြိုကျနေတဲ့ ဗလီကျောင်းရှေ့မှာ ရာမာဒန်ဥပုသ်ကာလမတိုင်ခင်က ဝတ််ပြုနေကြတဲ့ ပါလက်စတိုင်းများ။ (မတ်လ ၈၊ ၂၀၂၄)
အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးပြိုကျနေတဲ့ ဗလီကျောင်းရှေ့မှာ ရာမာဒန်ဥပုသ်ကာလမတိုင်ခင်က ဝတ််ပြုနေကြတဲ့ ပါလက်စတိုင်းများ။ (မတ်လ ၈၊ ၂၀၂၄)

ပါလက်စတိုင်းသားတို့ရဲ့ ရာမာဒန် မွတ်ဆလင်ဥပုသ်လ စတင်လိုက်တဲ့တနင်္လာနေ့မှာပဲ အစ္စရေးလ်တို့ဘက်က ဂါဇာဒေသထဲ ပစ်ခတ်တိုက်ခိုက်နေတယ် လို့ဆိုပါတယ်။ ရာမာဒန်ဥပုသ်လမတိုင်မီကတည်းက အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်၊ အမေရိကန်နဲ့ ကာတာနိုင်ငံတွေက သီတင်းပတ်နဲ့ချီ ညှိနှိုင်းဆောင်ရွက်ပေးနေချိန်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ပြီးပေါ်ပေါက်နေတာပါ။

ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစားခံတွေနဲ့ အစ္စရေးလ်တို့လက်ထဲက ပါလက်စတိုင်းအကျဥ်းသားတွေပြန်လွှတ်ပေးရေးကိုလည်း ဆွေးနွေးနေကြတာပါ။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ ဟာမတ်စ် ညှိနှိုင်းရေးမှူးတွေ ပြီးခဲ့တဲ့တပတ်က ထွက်ခွါသွားတဲ့အချိန်မှာပဲ ဒီသီတင်းပတ်ထဲ အပစ်အခတ်ရပ်စဲရေး ပြန်လည်ဆွေးနွေးမယ်လို့ ပြောသွားခဲ့ပါတယ်။ မွတ်ဆလင်တို့ရဲ့ ဥပုသ်လရာသီမှာ ဂါဇာဒေသတွင်း လူသားချင်းစာနာမှုအကူအညီတွေ အမြန်ပေးပို့နိုင်ဖို့နဲ့ ဟာမတ်စ်တို့လက်ထဲက ဓားစားခံတွေ လုံခြုံဘေးကင်းစွာ လွှတ်ပေးနိုင်အောင် အပစ်အခတ်ရပ်စဲပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က နယူးယောက်မြို့ကနေ ထပ်လောင်း တောင်းဆိုပါတယ်။

အစ္စရေးလ်စစ်တပ်က Khan Younis နဲ့ ဂါဇာတောင်ပိုင်းက အခြားနေရာတွေအပြင် ဂါဇာအလယ်ပိုင်းကိုပါ လေကြောင်းကနေရာ မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ပြောထားပါတယ်။ ဂါဇာဒေသကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၆၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာစတင်ခဲ့တဲ့စစ်ပွဲတွေကြောင့် ဂါဇာဒေသထဲက လူပေါင်း ၃ သောင်း ၁ ထောင်ကျော်သေဆုံးခဲ့ပြီးပြီလို့လည်းပြောပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပါလက်စတိုင်းသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိုမိုပေးပို့နိုင်ရေး ဂါဇာကမ်းရိုးတန်းမှာ ယာယီဆိပ်ခံတံတားတည်ဆောက်ဖို့ အမေရိကန်ကြည်းတပ် သင်္ဘောတစင်း မြေထဲပင်လယ်ဘက် ထွက်ခွါသွားပါပြီ။ ဒါပေမယ့်လည်း ဆိပ်ခံတံတားတည်ဆောက်အသုံးပြုဖို့ ၂ လလောက်တော့ အချိန်ကြာလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG